Subscribe to our RSS Feed

နှစ်သိန်းဖုန်း ဈေးတင်ရောင်းသူများကို အရေးယူရန် စီစဉ်



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်း၍ ယခုလမှစတင်ကာ ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးနေသည့် GSM ဖုန်းများကို ဈေးတင်ရောင်းပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အကြောင်းကြားထားကြောင်း ယင်းဖုန်းကတ်များ ဖြန့်ဖြူးနေသည့် E-lite ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက ပြောကြားသည်။ ယင်းကဲ့သို့ အကြောင်းကြားထားသည် ဆိုသည်မှာ မှန်ကန်ပါကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း အယ်ဒီတာချုပ် ဦးသိန်းဝင်းက အတည်ပြုပြောကြားသည်။ “သတ်မှတ်ဈေးအတိုင်း ရောင်းရမှာပေါ့။ ဆက်သွယ်ရေးပစ္စည်းကို ဈေးတင်ရောင်းလို့ မရဘူး။ ဥပဒေတွေ ရှိတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းလ်ဖုန်းအတွက် တာဝန်ရှိသူအယ်ဒီတာချုပ် ဦးသိန်းဝင်းက ပြောကြားပြီး ဖုန်းရောင်းသည့် စာချုပ်ကျောဘက်တွင် ဖော်ပြထားကာ မည်သို့အရေးယူမည်ကိုမူ အသေးစိတ် ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ဖုန်းအရောင်းဆိုင်များတွင် ဈေးနှုန်းများ သတ်မှတ်ဈေးထက် ကျော်လွန်နေခြင်းမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝန်ပေးထားသည့် E-lite နှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့က အရောင်းဆိုင်များနှင့်ပေါင်းကာ ဈေးကစားခြင်း၊ ဈေးတင်ခြင်းများ ပြုလုပ်နေသည်ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ်လျက်ရှိသည်။ E-Lite မှ ဦးစိုင်းခင်မောင်အေးကမူ ၄င်းတို့ကုမ္ပဏီနှစ်ခုလုံးမှာ ဝယ်လိုအား များနေ၍ ရောင်းလိုအား မလိုက်နိုင်ဖြစ်နေခြင်းသာဖြစ်ပြီး ဈေးကစားခြင်း မဟုတ်ကြောင်း၊ ယခုပိုမိုလျင်မြန်စွာ ရောင်းချနိုင်ရန် စာချုပ်ချုပ်ခြင်းအဆင့်ကို လျှော့ချလိုက်ပြီဖြစ်ကြောင်း၊ အရောင်းဆိုင်များကိုလည်း ဈေးရင်းရောင်းမည့်ဆိုင်ကိုသာ လက်ကားရောင်းချပေးတော့မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ ဖုန်းကတ်များ လက်လီ၊ လက်ကား ရောင်းချပေးနေသည့် E-lite ကုမ္ပဏီက ဧပြီလ ၂၅ ရက်နေ့မှစတင်ကာ အရောင်းပိုမိုမြန်ဆန်လာစေရန် စာချုပ်ချုပ်ခြင်းကို တစ်ပတ်ရွှေ့ဆိုင်းပေးမည်ဖြစ်ပြီး လာရောက်ဝယ်ယူသူများကို ကိုယ်တိုင်ဖောင်ဖြည့်ခိုင်းပြီး ငွေကျပ်နှစ်သိန်းယူကာ ကတ်ချက်ချင်း ထုတ်ပေးသည့်စနစ်ကို ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း E-lite ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက ဆိုသည်။ ၄င်းတို့ဖုန်းအရောင်းဆိုင်များတွင် ယခင်တစ်ရက်လျှင် အလုံး ၅၀၀ ရောင်းနိုင်ရာမှ စာချုပ်ချုပ်ရသည့် အချိန်လျှော့လိုက်သဖြင့် နှစ်ဆခန့် တိုးရောင်းနိုင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။ ပြင်ပဖုန်းအရောင်းဆိုင်များတွင် ကျပ်နှစ်သိန်းအထက် ဈေးများဖြင့် ရောင်းချနေခြင်းများ ပပျောက်သွားရန်မှာ ဧပြီလ ၂၅ ရက်မှ စတင်ကာ ကျပ်နှစ်သိန်းအတိဖြင့် ရောင်းချမည့် ဖုန်းဆိုင်များကိုသာ လက်ကားရောင်းချပေးတော့မည်ဖြစ်ပြီး ယခင်က အရောင်းဆိုင်ပေါင်း တစ်ရာကျော် ရောင်းချနေရာမှ ယနေ့ ၂၅ ရက်တွင် နှစ်သိန်းအတိဖြင့်ရောင်းရန် ၄င်းတို့နှင့် သဘောတူထားသည့် Mobile King, ယုဇနပလာဇာရှိ ကျော်မိုဘိုင်းလ်၊ အင်းစိန်လမ်းမပေါ်ရှိ Touch Mobile တို့ကိုသာ ရောင်းချပေးနေပြီး ကျန်အရောင်းဆိုင်များကို ညှိနှိုင်းလျက်ရှိကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း ဈေးတင်ရောင်းသည့် ဖုန်းအရောင်းဆိုင်များကို အရေးယူသွားမည်ဟု ပြောဆိုထားကြောင်း ၄င်းက ဆက်လက်ရှင်းပြခဲ့သည်။

Myanmar Express 

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်