Subscribe to our RSS Feed

စကားပြောတတ်သည့် ကမ္ဘာ့ပထမဆုံးစက်ရုပ် အာကာသစခန်းသို့ ထွက်ခွာ

From : ..planet




Kirobo ဟု အမည်ပေးထားသည့် စက်ရုပ်လေးသည် ဂျပန်နိုင်ငံမှ လွှတ်တင်လိုက်သော ဒုံးပျံနှင့်အတူ လိုက်ပါသွားပြီး ISS သို့ ချိတ်ဆက်မည် ဖြစ်သည်။

စကားပြောတတ်သည့် ကမ္ဘာ့ပထမဆုံးစက်ရုပ် အာကာသစခန်းသို့ ထွက်ခွာ
စကားပြောတတ်သည့် ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ် အာကာသ ယာဉ်မှူးလေးသည် ယခုအခါ ၎င်း၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် နိုင်ငံတကာ အာကာသစခန်း (ISS) သို့ ထွက်ခွာသွားပြီ ဖြစ်သည်။ Kirobo ဟု အမည်ပေးထားသည့် စက်ရုပ်လေးသည် ဂျပန်နိုင်ငံမှ လွှတ်တင်လိုက်သော ဒုံးပျံနှင့်အတူ လိုက်ပါသွားပြီး ISS သို့ ချိတ်ဆက်မည် ဖြစ်သည်။ ကုန်တင် လွန်းပျံယာဉ် တစ်စင်းကို လွှတ်တင်လိုက်ရာတွင် Kirobo ကိုပါ ထည့်ပေးလိုက်ပြီး ၎င်းသည် ISSတွင် တာဝန်ထမ်းဆောင်နေသည့် လူသား အာကာသ ယာဉ်မှူးများအတွက် အဖော်ကောင်း ဖြစ်လာမည်ဟု သိရသည်။ Kiroboကို ဂျပန်အခြေစိုက် ကွိုင်ချီဝါကာတာ ကုမ္ပဏီက တီထွင်ပြီး အာကာသထဲတွင် အထီးကျန်စွာ တာဝန်ထမ်းဆောင်နေရသည့် သိပ္ပံပညာရှင်များအတွက် အပျင်းပြေစေမည့် မိတ်ဆွေလေး ဖြစ်လာစေရန် ရည်ရွယ်သည်။



Kiroboကို ပြီးခဲ့သည့် လပိုင်းက မိတ်ဆက်ခဲ့ရာ သတင်းထောက်များ မေးမြန်းသမျှကို ကျင်ကျင်လည်လည် ဖြေဆိုပြခဲ့သည်။ ဂျပန်တောင်ပိုင်း ကျွန်းတစ်ခုမှ လွှတ်တင်လိုက်သော H-2B ဒုံးပျံသည် စနေနေ့က အာကာသထ ဦးတည် ထွက်ခွာသွားသည်။ ဇွန်လက Kiroboကို စတင်မိတ်ဆက် ပြသခဲ့ရာ စက်ရုပ်ဖန်တီးသည့် ပညာရှင်များက တိုကျိုတွင် စိတ်ဝင်တစား လေ့လာခဲ့သည်။ ၎င်းသည် လူသားတစ်ဦးကဲ့သို့ ပကတိ ကျင်လည်စွာ စကားပြောခြင်း၊ မေးခွန်းများကို ဖြေကြားခြင်းတို့ကို ပြုလုပ်နိုင်သည်။ ကွိုင်ချီဝါကာတာ ကုမ္ပဏီသည် အဆိုပါ စက်ရုပ်လေးကို ဖန်တီးရန်အတွက် တိုကျိုတက္ကသိုလ်မှ ရှေ့ပြေးသိပ္ပံနှင့် နည်းပညာဌာန၊ တိုယိုတာ မော်တာ ကုမ္ပဏီ စသည့် မိတ်ဖက်များနှင့် ပူးပေါင်းခဲ့သည်။



"ရုရှားတွေက အာကာသထဲကို ပထမဆုံး သွားရောက်နိုင်ခဲ့တယ်။ အမေရိကန်တွေက လပေါ်ကို အရင်ဆုံး ခြေချခဲ့တယ်။ ကျွန်တော်တို့ ဂျပန်နိုင်ငံကတော့ ပထမဆုံး စက်ရုပ် အာကာသ ယာဉ်မှူးလေးကို လူသားတွေနဲ့အတူ တာဝန်ထမ်းဆောင်ဖို့ စေလွှတ်နိုင်မှာပါ"ဟု ထိုစဉ်က Kirobo၏ ပရောဂျက် မန်နေဂျာ ယိုရီချီကာ နီရှီဂျာမာက ပြောကြားခဲ့သေးသည်။ Kiroboကို ဖန်တီးသူများက အာကာသထဲတွင် ၎င်းနှင့် အာကာသယာဉ်မှူးများ အပြန်အလှန် ဆွေးနွေး ပြောဆိုခြင်းသည် သိပ္ပံပညာရပ်အတွက် ရှာဖွေမှုသစ်များကို ဖန်တီးရာတွင် အထောက်အကူ ဖြစ်စေရန် မျှော်လင့်ကြောင်း ဖွင့်ဟထားသည်။



Kiroboသည် အရပ်(၁၃)လက်မသာ မြင့်ပြီး (၁)ကီလိုဂရမ် အလေးချိန်ရှိသည်။ ယခုစက်ရုပ်ကို ဆက်သွယ်စကားပြောမှုအတွက် အဓိက ဖန်တီးထားပြီး ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ ထောက်ကူရန် ရည်ရွယ်ချက် မရှိသဖြင့် အရွယ်အစား ကြီးကြီးမားမား မလိုအပ်ချေ။ ၎င်း၏ ဒီဇိုင်းဖန်တီးမှုသည် ဆွဲအားမဲ့ လေဟာနယ်တွင် အဆင်ပြေပြေ ရည်တည်နိုင်စေရန် ဦးတည်ထားသည်။ Kiroboတွင် လူတစ်ဦးချင်းစီ၏ မျက်နှာမှတ်သားမှု စနစ်နှင့် ဗီဒီယို မှတ်တမ်းတင်မှုစသော လုပ်ဆောင်ချက်များလည်း ပါဝင်ကြောင်း သိရှိရသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်