From :
.. planet
Stem Cell နည်းပညာကို အသုံးပြုကာ လူသားများ၏ ဆီးကို အခြေခံကာ သွားများ
ပြန်လည် ဖန်တီးနိုင်ရန် ပညာရှင်များက မျှော်လင့်လျှက် ရှိသည်။
![]()
သိပ္ပံပညာရှင် အဖွဲ့တစ်ခုသည်
ပျက်စီးဆုံးရှုံးခဲ့သည့် သွားများနေရာတွင် အစားထိုးရန် နည်းလမ်းသစ် တစ်ခုကို
အကောင်အထည်ဖော်ရန် အားထုတ်နေကြောင်း သိရှိရသည်။ Stem Cell နည်းပညာကို
အသုံးပြုကာ လူသားများ၏ ဆီးကို အခြေခံကာ သွားများ ပြန်လည် ဖန်တီးနိုင်ရန်
ပညာရှင်များက မျှော်လင့်လျှက် ရှိသည်။ တရုတ်နိုင်ငံမှ ပညာရှင် တစ်စုသည်
ကျင်ငယ်ကို သေးငယ်သော သွားလေးများနှင့် ဆင်တူသည့် ဖွဲ့စည်းမှု တစ်ခုသို့
အကြမ်းထည်မျှ ပြောင်းလဲနိုင်ခဲ့ကြောင်း သိရှိရသည်။ Stem Cell နည်းပညာနှင့်
ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် သုတေသန
ပြုလုပ်လျှက်ရှိပြီး ယခုစမ်းသပ်ချက်ကမူ သွားများအတွက် အစားထိုးနိုင်မှု
ဖြစ်လာမည်ဟု ယူဆလျှက်ရှိသည်။
Stem Cellနည်းပညာသည် အနာဂတ် ဆေးသုတေသန လောကကို ဦးဆောင်မည့် တီထွင်မှုအဖြစ် ယူဆခြင်း ခံထားရသော်လည်း စိန်ခေါ်မှု နည်းလမ်း အသွယ်သွယ်ကို ရင်ဆိုင်နေရသည်။ Stem Cellဆိုသော ပင်မဆဲလ်၏ သဘောတရားမှာ ရင်းမြစ်တစ်ခု၏ အဓိကဆဲလ်ဖြစ်ပြီး ထိုမှတစ်ဆင့် မည်သို့သော ပုံစံဖြစ်သည့် တစ်သျှူးကိုမဆို ပြောင်းလဲဖွဲ့စည်းနိုင်စွမ်းရှိသည်။ လက်ရှိ ဆေးသုတေသန လောကတွင် Stem Cellသုတေသန လုပ်ငန်းများသည် ထင်ရှား လူကြိုက်များလျှက် ရှိသည်။ တရုတ်နိုင်ငံ၊ ဂွမ်ဇူး ဇီဝဆေးပညာနှင့် ကျန်းမာရေးဌာနမှ ပညာရှင် တစ်စုသည်လည်း Stem Cellနည်းပညာကို အသုံးပြု စမ်းသပ်ချက်အရ သွားနှင့် သဏ္ဍန်တူသော တစ်သျှူးစုဖွဲ့မှုကို အခြေခံ တည်ဆောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဆီးမှတစ်ဆင့် ရယူထားသည့် Stem Cellများကို ကြွက်များမှ ထုတ်ယူထားသည့် အခြေခံ ဇီဝပစ္စည်း အချို့နှင့် ပေါင်းစပ်ကာ တိရစ္ဆာန်များတွင် စမ်းသပ် ထိုးနှံပေးခဲ့သည်။ (၃)ပတ်မျှ ကြာမြင့်သောအခါ ဆဲလ်ဖွဲ့စည်းမှုသည် သွားနှင့် သဏ္ဍန်တူသော အရာတစ်ခုကဲ့သို့ ပြောင်းလဲလာကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ "အဲဒီအရာက သွားနဲ့တူတယ်။ သွားဖုံးလို အသားမျိုးပါတယ်။ ပြီးတော့ ကြွေထည် ဖွဲ့စည်းမှုမျိုးလည်း ရှိတယ်"ဟု ပညာရှင်များက ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းအဖွဲ့အစည်းသည် သဘာဝ သွားများကဲ့သို့ မာကျောမှု မရှိသေးချေ။ သုတေသီများက ယခုတွေ့ရှိချက်သည် သွားဘက်ဆိုင်ရာ ဆေးပညာ ကဏ္ဍတွင် ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ချက်ချင်း ဖြစ်မလာနိုင်သေးဟု ဝန်ခံခဲ့သည်။ "ဒီသုတေသန လုပ်ငန်းရဲ့ အဆုံးသတ် အိပ်မက်ကတော့ တစ်နေ့နေ့မှာ လူတွေရဲ့ ဆုံးရှုံးသွားတဲ့ သွားတွေကို ပြန်ပြီး တည်ဆောက်နိုင်အောင် လုပ်ဆောင်ပြဖို့ပါပဲ"ဟု အဖွဲ့ဝင် ပညာရှင် တစ်ဦးက ပြောကြားခဲ့သည်။ လန်ဒန် တက္ကသိုလ်မှ Stem Cell ပညာရပ်ဆိုင်ရာ ပရော်ဖက်ဆာ တစ်ဦးဖြစ်သူ ခရစ်မေဆန်က ယခုသုတေသန လုပ်ငန်းကို ဆီးဖြင့် အစပြုခြင်းမှာ ဆိုးရွားသည့် အချက်တစ်ခုဟု မှတ်ချက်ပြုခဲ့သည်။ "ပြောရရင်တော့ ကိုးကားသမျှ ရင်းမြစ်တွေထဲမှာ အဆိုးဆုံး တစ်ခုဖြစ်နိုင်တယ်။ ဆီးကနေ ပထမဆုံး အခြေခံ ဆဲလ်တွေ ရယူပြီး Stem Cellအဖြစ် ပြောင်းလဲနိုင်ခြေက နည်းပါးလွန်းတယ်။ ဒီနည်းလမ်းကို သုံးဖို့ မသင့်ဘူးလို့ ထင်ပါတယ်"ဟု ပရော်ဖက်ဆာ မေဆန်က ပြောကြားခဲ့သည်။ ၎င်းက ဆီးကြောင့် ပိုးမွှားကူးစက်မှု ပြဿနာလည်း ကြုံလာနိုင်ကြောင်း အဆိုပါ သုတေသီ အဖွဲ့၏ စမ်းသပ်ချက်ကို ရည်ရွယ် သတိပေးခဲ့သည်။ ဆီးတွင် ပါဝင်သော ဘက်တီးရီးယားကဲ့သို့ ပိုးမွှားများသည် အခြား Stem Cell ရင်းမြစ်များထက် ပိုမို များပြားနိုင်ကြောင်း ၎င်းက ဆိုသည်။ ပရော်ဖက်ဆာ မေဆန်က "ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုက သွားတစ်ချောင်းမှာ ပါဝင်တဲ့ သွားဖုံးသားဟာ အာရုံကြောတွေ၊ သွေးကြောတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီအနုစိတ် အပိုင်းအခြားတွေ ပါဝင်မှသာ ခိုင်မာကောင်းမွန်တဲ့ သွားတစ်ချောင်းအဖြစ် သေချာပေါက် သတ်မှတ်နိုင်လိမ့်မယ်"ဟုလည်း ကောက်ချက်ချသွားခဲ့သည်။ |
o |
Posted in: ကျန်းမာရေး