Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် ရန်ကုန်တက္ကသိုလ်မိန့်ခွန်း အပြည့်အစုံ

From : .. သမ္မတရုံး


ရန်ကုန် နိုဝင်ဘာ ၃၀

အမျိုးသားစည်းလုံးညီညွတ်မှုကို စုစည်းနိုင်ရန် မိမိတို့ လူ့အဖွဲ့အစည်းတွင် အစိုးရနှင့် ပြည်သူအကြား အင်စတီကျူးရှင်းများနှင့် ပြည်သူလူထု အကြား၊ နိုင်ငံသားတစ်ဦးနှင့် တစ်ဦးအကြား ကာလရှည်ကြာ ပျောက်ဆုံးခဲ့ရသည့် အပြန်အလှန် ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း၊ ယင်းကြီးမားသည့် စိန်ခေါ်မှုကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ယုံကြည်မှု တည်ဆောက်ရေး ဆိုင်ရာ အခန်းကဏ္ဍသည် အဓိကကျသည့် နေရာတွင် တည်ရှိနေကြောင်းဖြင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အစိုးရနှင့် လူထုအခြေပြု အဖွဲ့အစည်း များက ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပသော တည်ငြိမ်အေးချမ်း သည့် နိုင်ငံတော်တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ဆိုင်ရာ ဆွေးနွေးပွဲကို နံနက် ၉ နာရီတွင် ကျင်းပရာ အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ Inter Faith အဖွဲ့များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ အပါအဝင် လူထု အခြေပြု အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် ယခုအချိန်မှာ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တစ်ခုကို ပေါ်ထွက်လာရေး အတွက် လိုအပ်သည့် ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်နေသော ကာလ ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့် နေရာတွင်လည်း မိမိတို့၏ လုပ်ဆောင်ချက်များကို ပြည်သူနှင့် တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုရှေ့ဆက်ပြီး တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲရေးများကို  တစိုက်မတ်မတ် ဆောင်ရွက်သည့်အခါ အရပ်ဘက် လူ့အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းများ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများတွင် ပိုမိုပြီး ပါဝင် ဆောင်ရွက်ရန် လိုအပ်လာမည် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့်လည်း လူထုအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် လက်ရှိမြန်မာနိုင်ငံတွင် လုပ်ဆောင် အကောင်အထည်ဖော်လျက်ရှိသည့် နိုင်ငံရေး အပြောင်းအလဲများနှင့်ဖြစ်စဉ်များ ရှင်သန်အောင်မြင်စေရန် အရပ်ဘက် လူ့အဖွဲ့ အစည်းများတွင် ပါဝင်ဆောင်ရွက်နေကြသော အခန်းကဏ္ဍကို အထူးလေး ထားကြောင်း ပြောကြားရင်း အစပြုလိုပါကြောင်း၊ အခက်အခဲများ၊ စိန်ခေါ်မှုများ ပြည့်နှက်နေသည့်ကြားမှ တည်ငြိမ်အေးချမ်းသော နိုင်ငံတော် ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် လူထုအခြေပြု အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုသည် လွန်စွာ အရေးကြီးပါကြောင်း။

မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းတွင် အစိုးရနှင့် ပြည်သူကြား၊ အင်စတီကျူးရှင်းများနှင့် ပြည်သူလူထုအကြား၊ နိုင်ငံသားတစ်ဦးနှင့် တစ်ဦးအကြား ကာလကြာရှည် လျော့ပါးခဲ့ရသည့် အပြန်အလှန် ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရေးသည် နိုင်ငံရေး လိုအပ်ချက်တစ်ရပ် အနေဖြင့် တည်ရှိသည်ကို အသိပေး ပြောကြားလိုကြောင်း၊ ဖြတ်သန်းခဲ့ရသည့် နိုင်ငံရေး အတွေ့အကြုံများအရ မိမိတို့ လူ့အဖွဲ့အစည်းတွင် သံသယများ၊ မြင့်တက်ခဲ့ရသကဲ့သို့ အချင်းချင်း ယုံကြည်မှု လျော့ပါးခဲ့ရကြောင်း၊ ထိုအချက်က ယနေ့ မိမိတို့ အကောင်အထည်ဖော်နေသော နိုင်ငံရေး အပြောင်းအလဲများနှင့် အမျိုးသားနိုင်ငံရေး ဖြစ်စဉ်သစ်များ အရှိန်အဟုန်နှင့် တိုးတက်မှု ရရှိစေရန်အတွက် ဖန်တီးသည့် နေရာတွင် စိန်ခေါ်မှု တစ်ခု အနေဖြင့် တည်ရှိနေဆဲပင် ဖြစ်ပါကြောင်း၊ ယင်းလိုအပ်ချက်ကို အခြားအင်အားစုများဖြစ်သော၊ အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးအစုအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းများနှင့် အသင်းအဖွဲ့များက ကြိုးပမ်းတည်ဆောက်လျက် ရှိကြသည်မှာလည်း အမှန်ပင် ဖြစ်ပါကြောင်း၊ သို့ရာတွင် နိုင်ငံရေးအပြောင်းအလဲများနှင့် အမျိုးသားနိုင်ငံရေး ဖြစ်စဉ်သစ် တို့ကို တည်ဆောက်သည့် နေရာတွင် အဓိက ကျသော ပြည်သူလူထုအကြား ယုံကြည်မှု တည်ဆောက်ခြင်းဆိုသည့် ကိစ္စကို  အရပ်ဘက် လူ့အဖွဲ့အစည်းများ အနေဖြင့် ပိုမိုဆောင်ရွက်နိုင်စွမ်း ရှိပါသည်ဟု မိမိအနေဖြင့် ရှုမြင်မိပါကြောင်း။

ဘာ့ကြောင့်လဲဆိုလျှင် အရပ်ဘက် လူ့အဖွဲ့အစည်းများကသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရည်မှန်းချက်များကို လူမှုရေးအခြေခံသော ချဉ်းကပ်မှု မျိုးဖြင့် ဆောင်ရွက်နိုင်ပြီး လိုအပ်မည့် Social Capital ဟုခေါ်သည့် လူမှုအရင်းအမြစ်များကို စိတ်စေတနာ ရှင်းရှင်းဖြင့် တည်ဆောက်နိုင်ခြင်းကြောင့်ပင် ဖြစ်ပါကြောင်း။

ဤနေရာတွင် လူမှုအရင်းအမြစ်နှင့် ပတ်သက်ပြီး အရေးကြီးသည့် အချက်အချို့ကို ကောက်နှုတ် ပြောကြားလိုပါကြောင်း၊ အချင်းချင်းအကြား ယုံကြည်မှု နိမ့်ပါးသည့် လူ့အဖွဲ့အစည်းများတွင် တွေ့မြင်ရလေ့ရှိသော အားနည်းချက်များမှာ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပြီး မှန်ကန်သည့် လုပ်ရပ်များဖြင့် ကြိုးပမ်းမှုများကိုပင် လိုရာဆွဲပုံဖော်ခြင်း၊ အစဉ်အမြဲ ရှင်သန်နေရန် လိုအပ်သော အယူအဆသစ်များ၊ အတွေးအခေါ်သစ်များကို လက်မခံဘဲ ရှေးရိုးကျပြီး အစွန်းမလွတ်သည့် အတွေးအခေါ်ဟောင်းများကို ကိုင်စွဲထားလေ့ရှိခြင်း၊ အထွေထွေဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ၏ အားနည်းချက်များ၊ လိုအပ်ချက်များကို အဆိုးမြင်အပြစ်ပြောခြင်း ဆိုသည့် ရပ်တည်ချက် များ ထားရှိခြင်း၊ အချင်းချင်း သတင်းအချက်အလက်များ မျှဝေဖြန့်ချိလိုခြင်း မရှိဘဲ သတင်းထိန်ချန်ပြီး အသာစီးရရှိရန် ကြိုးပမ်းသည့်အတွက် ပွင့်လင်းမျှတသော ဆွေးနွေးပွဲ ညှိနှိုင်း အဖြေရှာမှုများကို အဟန့်အတားဖြစ်စေခြင်းဆိုသည့် အားနည်းချက်များပင် ဖြစ်ပါကြောင်း၊ ယင်း အခြေအနေများ၊ အားနည်းမှုများရှိလျှင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေဖြင့် ရယူပိုင်ဆိုင်သင့်သည့် အမျိုးသားရေးအင်အား စုစည်းမှုကို မတည်ဆောက်နိုင်ဘဲ အထွေထွေနိမ့်ကျမှု အဆိုးကျော့သံသရာများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်စေခြင်း တို့ကိုသာ တွေ့မြင်ရမည် ဖြစ်ပါကြောင်း။

ဖော်ပြခဲ့သည် အင်္ဂါရပ်များနှင့် ပြည့်နက်နေသည့် အချင်းချင်း ယုံကြည်မှုနိမ့်ပါးသော လူ့အဖွဲ့အစည်းတစ်ရပ် အနေဖြင့် ယင်းသံသယ အမှောင်ထဲမှ ရုန်းထွက်နို်င်ရန် အချင်းချင်း ယုံကြည်မှု မြင့်မားစေသည့်  အင်္ဂါရပ်များကို ပိုင်ဆိုင်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ချိတ်ဆက်မှု အားကောင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အာမခံနိုင်သည့် အမျိုးသား စီးပွားတစ်ရပ် ပိုင်ဆိုင်ရန်အတွက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ၊ ကျော်လွှားရမည့် အခက်အခဲများကို လက်တွေ့ကျသည့် ချဉ်းကပ်ဖြေရှင်းမှု အလေ့အကျင့်များ ခိုင်မာ အားကောင်းခြင်း၊ မှန်ကန်သည့် အချက်အလက်များအပေါ် အခြေခံသည့် ဆွေးနွေးညှိနှိုင်း အဖြေရှာမှုများ လုပ်ဆောင်နိုင်ရန် လိုအပ်သည့် သတင်းအချက်အလက်များ မျှဝေနိုင်ခြင်းတို့က စတင်ရမည် ဖြစ်ပါကြောင်း၊ ထိုမှတဆင့် ပူးပေါင်းအဖြေရှာခြင်းနှင့် ပူးတွဲ လုပ်ဆောင်နိုင်ခြင်း၊ မှန်ကန်သော အချက်အလက်များကို အခြေခံသည့် အပြုသဘော ဆောင်သည့် ဆွေးနွေးဝေဖန်မှုများ ပွင့်လင်းစွာ လုပ်ဆောင်နိုင်ခြင်း၊ အချင်းချင်း ယုံကြည်မှုကို အခြေခံသော တာဝန်ခံမှု တာဝန်ယူမှု ရှိခြင်းစသည့် အင်္ဂါရပ်များ ပြည့်စုံအောင် တည်ဆောင်နိုင်မည်ဆိုလျှင် အမျိုးသားရေး စုစည်းမှုကို ဖော်ဆောင် နိုင်မည်ဖြစ်ပြီး ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ ပိုင်ဆိုင်နိုင်မှသာလျှင် မိမိတို့ မြန်မာ့ လူ့အဖွဲ့အစည်း အနေဖြင့် အထွေထွေ နိမ့်ကျမှုများမှ ရုန်းထွက်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်းကို တက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ယင်းအထွေထွေနိမ့်ကျမှုများမှ ရုန်းထွက်နိုင်ပြီး၊ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ကို တက်လှမ်းနိုင်ရန် မိမိတို့ အစိုးရ တက်လာပြီးသည့် နောက်ပိုင်းတွင် နိုင်ငံအတွက် အရေးတကြီး လိုအပ်နေသည့် နိုင်ငံရေး အပြောင်းအလဲများ၊ စီးပွားရေး အပြောင်းအလဲများနှင့် သုံးပွင့်ဆိုင်အပြိုင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကိုယ်စွမ်းဥာဏ်စွမ်း ရှိသ၍ ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး မိမိတို့ အစိုးရလက်ထက်တွင် အဆင့်လိုက် ဖြေလျှော့ပေးမှုများ ပြုလုပ်ခဲ့သည့်အတွက် လမ်းကြောင်းမှန်သော အသွင်ကူးပြောင်းရေးများ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ဆောင်ချက်များကြောင့် မိမိတို့ လူ့အဖွဲ့အစည်းအတွင်း မတူညီကွဲပြားသော ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်း ဆိုသည့် နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ်သည်လည်း အသက်ဝင်လာပြီ ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများအပြီး ပိုမိုပီပြင်လာရမည့် အသွင်ကူးပြောင်းရေး လုပ်ငန်းများကိုလည်း အာမခံချက်ပေးရာရောက်သည်ဟု ရှုမြင်ရမည် ဖြစ်ပါကြောင်း၊ ယင်းအာမခံချက်များသည်ပင်လျှင် မိမိတို့ ကြိုးပမ်း တည်ဆောက်လျက် ရှိ သော ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်လာရန် အဓိက လိုအပ်ချက်ဖြစ် သော ဒီမိုကရေစီစနစ် ရှင်သန်ရေးနှင့် အမြစ်တွယ် ခိုင်မာရေးအတွက် အခြေခံအုတ်မြစ်များကို ခိုင်မာစေမည် ဖြစ်ပါကြောင်း။

စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်း ဤနေရာတွင် ရှင်းလင်းပြောကြား လိုပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် အမျိုးသားစီးပွားစနစ်တစ်ရပ် ထူထောင်ရာတွင် လိုအပ်သည့် အမျိုးသားစီးပွား ပုံစံချမှုများကို လက်ရှိ ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အဓိကအားဖြင့် ကုန်သွယ်မှု၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့အတွက် အခြေခံ အကျဆုံးနှင့် ယခင်က အကြီးမားဆုံးသော အခက်အခဲဖြစ်ခဲ့သည့် ရှုပ်ထွေးသော ငွေလဲနှုန်းများစွာ ရှိခဲ့သည့် အခြေအနေမှ ယခုအခါ ဈေးကွက်နှင့် ချိတ်ဆက်ထားသည့် တည်ငြိမ်သော တရားဝင်ငွေလဲနှုန်းရှင် တစ်ခုတည်းဖြစ်စေအောင် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ စီးပွားရေးဆိုင်ရာ မူဝါဒများကိုလည်း အထွေထွေ ဖြေလျှော့မှု များ ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ မလိုလားအပ်သည့် အပိုကုန်ကျစရိတ်များကို လျှော့ချပေးနိုင်ခဲ့ သကဲ့သို့ ဗဟိုဘဏ်ကိုလည်း သီးခြားလွတ်လပ်သည့်အဖွဲ့အစည်းအဖြစ် ငွေကြေးဆိုင်ရာ မူဝါဒကို ခိုင်မာစွာ ချမှတ်နိုင်သည့် အခြေအနေရောက်အောင် ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက လိုအပ်သည့် နိုင်ငံတကာ ချေးငွေများ ရရှိနိုင်အောင် ချေးငွေကိစ္စနှင့် ပတ်သက်သည့် ညှိနှိုင်းမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်ရန် အတွက်လည်း ဥပဒေဘောင်သစ်နှင့် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့သည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊  စီးပွားရေး အကျိုးအမြတ်များကို ပြည်သူ အများစုခံစားနိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်ရန် (EITI) နှင့် စပ်ဆိုင်သည့် ကြိုးပမ်းအားထုတ်မှုများကို ဆောင်ရွက်နိုင်ခဲ့ခြင်းကိုလည်း တွေ့ရမည် ဖြစ်ပါကြောင်း၊

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသားစီးပွားပုံစံချ တည်ဆောက်မှုများ အောင်မြင်ရန် အခြေခံအကျဆုံးမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်ပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသော တိုင်းရင်းသားစည်းလုံး ညီညွတ်မှု တည်ဆောက်ရေး လုပ်ငန်းစဉ် ပါဝင်လာရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ခေါ် ခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်၏ ဖြစ်ထွန်းတိုးတက်မှုများကို ကြည့်လျှင် တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် မူဘောင်ချမှတ်ခြင်းနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်းဆိုသည့် အရေးကြီးသောအဆင့်များ တက်လှမ်းနိုင်ရန် နောက်ဆုံးအဆင့် ညှိနှိုင်းသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် အတွက် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် အဆင့်ဆင့် ကို အောင်မြင်အောင် ဆောင်ရွက်နိုင် မည်ဟု ယုံကြည်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း။

နိုင်ငံရေးအပြောင်းအလဲများနှင့် ဆက်စပ်ပြီး ပြည်သူလူထု သတင်းအမှန် ရရှိရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ ရေးသားခွင့် စသည်တို့ကို ပြုစုပျိုးထောင်နိုင်ရေး၊ ဒီမိုကရေစီစနစ် ရှင်သန်ရေးနှင့် အမြစ်တွယ်ခိုင်မာရေး တည်ဆောက်မှု အနေဖြင့် မိမိတို့ လူ့အဖွဲ့အစည်းအတွက် အဓိကကျသည့် မီဒီယာ လွတ်လပ်ခွင့် ပေါ်ပေါက်လာအောင် လိုအပ်သော ဖြေလျော့မှုများအားလုံး ပြုလုပ်ပေးခဲ့ ပါကြောင်း။

ထို့ကြောင့် ယနေ့ကာလကဲ့သို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် လိုအပ်သော အခြေခံကောင်းများကို ရယူပိုင်ဆိုင်ထားချိန်တွင် ပြည်သူလူထုတစ်ရပ်လုံး၊ နိုင်ငံသားတစ်ဦးချင်းစီ အနေဖြင့် မိမိတို့ ရောက်ရာနေရာမှ ကိုယ်စီအားထည့် ကြိုးပမ်းကြမည်ဆိုလျှင် အောင်မြင်မှု ရရှိနိုင်မည် ဖြစ်သည်ဟု မိမိအနေဖြင့် အလေးအနက် ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် ၁၉၂၀ ပထမ ကျောင်းသားသပိတ်က စတင်ခဲ့သည့် နိုင်ငံရေး နိုးကြားမှု၊ အမျိုးသားရေး စိတ်ဓာတ်နှင့် အမျိုးသား စည်းလုံးညီညွတ်မှု အင်အား စုစည်းနိုင်မှုတို့ကို အခြေခံပြီး လွတ်လပ်ရေး ရယူနိုင်ခဲ့သော သာဓက ရှိခဲ့သကဲ့သို့ ယခုတစ်ကြိမ်တွင်လည်း အလားတူ အင်အား စုစည်းနိုင်မည်ဟု ယုံကြည်သည့်အတွက် ယခုလို ပြောကြားရခြင်းလည်း ဖြစ်ပါကြောင်း။

ယနေ့မြန်မာနိုင်ငံတွင် ရှင်သန်နေပြီဖြစ်သည့် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် လူထုအခြေပြု အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆက်နွယ်နေသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင် အကောင်အထည်ဖော်ရာတွင် မိမိတို့ ရပ်တည်ချက်၊ ယုံကြည်ချက်ကို အခြေခံပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင် ပါကြောင်း၊ သို့ရာတွင် ယနေ့ကာလလို ထိလွယ်ရှလွယ် အခြေအနေများ၊ မရေရာ မသေချမှုများနှင့် စိန်ခေါ်မှုများစွာရှိနေသည့် မိမိတို့ လူ့အဖွဲ့အစည်းအတွက် ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်း များကို ရှောင်ရှားပြီး ဆွေးနွေး ညှိနှိုင်းရေး နည်းလမ်းများဖြင့် အဖြေရှာလုပ်ဆောင် ကြရန်လည်း ပြောကြားလိုပါကြောင်း၊ ယင်းသို့ အဖြေရှာ လုပ်ဆောင်ကြရာတွင် အဖွဲ့အစည်းတစ်ခုချင်း အနေဖြင့်သော် လည်းကောင်း၊ နိုင်ငံသား တစ်ဦးချင်းစီ အနေဖြင့်သော်လည်းကောင်း ယခု ရရှိထားသော နိုင်ငံရေး အပြောင်းအလဲများ ဆက်လက်ရှင်သန်ရေးနှင့် ခိုင်မာသည့် အသွင် ကူးပြောင်းရေးများ ပေါ်ပေါက်လာစေရေးဆိုသည့် ရှုမြင်မှုများကို အခြေခံသော ချဉ်းကပ်မှုများ၊ လုပ်ဆောင်မှုများကို ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြပါဟု အလေးအနက် တိုက်တွန်း ပြောကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အရပ်ဖက်လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာ ဥမ္မာခိုင်နှင့် ဒေါ်ကြည်ကြည်စိမ်းတို့က ဖွံ့ဖြိုးရေးကဏ္ဍကို လည်းကောင်း၊ ဒေါ်မေစပယ်ဖြူ က အမျိုးသမီးအခွင့်အရေး ကဏ္ဍကိုလည်းကောင်း၊ ဦးအာကာဗိုလ်က လူငယ်ကဏ္ဍ ကို လည်းကောင်း၊ ဒေါက်တာကျော်သူက ငြိမ်းချမ်းရေးကဏ္ဍကို လည်းကောင်း၊ ဒိုင်းမွန်းရွှေကြည် က ဘာသာပေါင်းစုံ ညီညွတ်ရေးကဏ္ဍကို လည်းကောင်း၊ ဦးမောင်မောင်က အလုပ်သမားကဏ္ဍကို လည်းကောင်း၊ ဦးမောင်မောင်စိုးတင့်က လူမှုရေး အဖွဲ့အစည်းများ ကဏ္ဍကိုလည်းကောင်း၊ ဦးကျော်လင်းဦးက အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများ ညီလာခံကဏ္ဍကိုလည်းကောင်း၊ ဦးဝင်းမျိုးသူကိုယ်စား ဦးမြင့်ဇော်က သဘာဝပတ်ဝန်းကျင် ကဏ္ဍကိုလည်းကောင်း၊ ဦးကျော်စံဝင်း က ပညာရေးအဖွဲ့အစည်းများ ကဏ္ဍကိုလည်းကောင်း သက်ဆိုင်ရာအဖွဲ့အစည်း များ၏ ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ "တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ" ခေါင်းစဉ်ဖြင့် ဒေါက်တာရင်ရင်နွယ်၊ မသီတာ (စမ်းချောင်း) နှင့် စာရေးဆရာ ဦးကျော်ဝင်းတို့က လည်းကောင်း၊ "တည်ငြိမ်အေးချမ်းသည့် လူ့ဘောင်အဖွဲ့အစည်း ဖော်ဆောင်ရာတွင် လိုအပ်သည့် အမျိုးသားရေးလက္ခဏာ ခိုင်မာစွာထွက်ပေါ်ရေးအတွက် လူထုအခြေပြု အဖွဲ့အစည်း များ၏ အခန်းကဏ္ဍ" ခေါင်းစဉ်ဖြင့် ဒေါ်ဂျာနန် (ငြိမ်းဖောင်ဒေးရှင်း)၊ ဦးအေးလွင် (ဓမ္မကထိက) နှင့် ဒေါက်တာကျော်သူ (ပေါင်းကူး) တို့က လည်းကောင်း၊ "တည်ငြိမ်အေးချမ်းသည့် လူ့ဘောင်အဖွဲ့အစည်း တည်ဆောက်ရေးတွင် ရှေ့ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ" ခေါင်းစဉ်ဖြင့် ဒေါက်တာဓမ္မပီယ (ငါးကျမ်းပြန် ကျောင်းတိုက်) နှင့် ဒေါက်တာလှိုင်ဘွား တို့က လည်းကောင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်းကြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့က ဆွေးနွေးချက်များ အပေါ် ပြန်လည်ဆွေးနွေး ပြောကြားပြီး အခမ်းအနားကို ညနေပိုင်းတွင် ရုပ်သိမ်း လိုက်သည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်