Subscribe to our RSS Feed

အိုင်ဒီယော်လော်ဂျီသမိုင်း နိဂုံးချုပ်ချိန်နှင့် ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများ

From : .. မှူးဇော်


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံတို့မှ ခေါင်းဆောင်များ စုဝေးရာ လိုင်ဇာ အစည်းအဝေးသို့ နိုင်ငံတော် သမ္မတကြီးက သဝဏ်လွှာ ပေးပို့ခဲ့သည်။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ချမှတ်နိုင်ရန်နှင့် နိုင်ငံရေး ဒိုင်ယာလော့ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ထားရှိသော မျှော်လင့်ချက်ကို အထင်အရှား ပြသခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သော ပြည်တွင်းစစ် မီးလျှံတို့သည် နှစ်ပေါင်း ၆၀ ကျော် နိုင်ငံ တည်ဆောက်ရေးကို ကြီးမားသည့် သက်ရောက်မှုများ ရှိခဲ့သည်။ တောင်ပံ မဖြန့်နိုင်ရှာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော ချိုးဖြူငှက်တို့သည်လည်း ငြိမ်းချမ်းရေးတေးကို မသီနိုင်ကြတော့ပါ။

အိုင်ဒီယော်လော်ဂျီသမိုင်း နိဂုံးချုပ်သည့် ခေတ်

ငြိမ်းချမ်းရေး တည်ဆောက်ရေးသည် မလွယ်ကူလှဟု ခေတ်အဆက်ဆက် နားလည် မှတ်သားခဲ့သော ငြိမ်းချမ်းရေး အတွေးအခေါ်တို့မှာ မဖြစ်မနေ အသွင်ကူးပြောင်းရန် လိုအပ်နေပြီ ဖြစ်သည်။ တိုင်းပြည်ငြိမ်းချမ်းဖို့ အခြေခံဥပဒေကိုပင် ပြင်ဆင်ရေးအထိ လမ်းဖွင့်ထားပြီး ဖြစ်သော မျက်မှောက် နိုင်ငံရေး အခင်းအကျင်းတွင် နိုင်ငံရေး အိုင်ဒီယော်လော်ဂျီတို့၏ တိုးတိုက်မှုများ မတွေ့ မမြင်ကြရတော့ပေ။ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်လို ပုဂ္ဂိုလ်မျိုး ထွန်းကားရာ မြန်မာ့မြေသည် ယနေ့တိုင် စစ်မီး မငြိမ်းနိုင်သေးသည်မှာလည်း အမှန်ပင် ရင်နာစရာ ကောင်းနေသည်။ လွတ်လပ်ရေး ရရှိပြီးနောက် ဖြစ်ပေါ်ခဲ့ကြသော Ideology Clash များ၊ အကျိုးစီးပွား ထိတိုက်တိုးမှုများသည် အမျိုးသားညီညွတ်ရေး ပြိုကွဲစေခဲ့သော အကြောင်းတရားများဟု ဆိုနိုင်ပေသည်။

နိုင်ငံတော်သမ္မတကြီး လက်ထက် အမျိုးသားညီညွတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် သိသာထင်ရှားသည့် ခြားနားမှုမှာ အုပ်ချုပ်သူဘက်က ချမှတ်သည့် အိုင်ဒီယာကို အခြေခံသော၊ မိမိ စိတ်ကူးစံ Ideal ကို ချမှတ် တည်ဆောက်သော ကြိုတင် သတ်မှတ်ထားသည့် စားပွဲဝိုင်းမျိုး မဟုတ်ဘဲ သဘောထား ကွဲလွဲမှုများကို အသိအမှတ်ပြုသော လစ်ဘရယ် ပုံစံ ဖြစ်လာနေခြင်းပင် ဖြစ်သည်။ အဘိဓမ္မာကဲ့သို့ နက်ရှိုင်း ကျယ်ပြန့်လှသည့် ဦးနှောက် မုန်တိုင်းဆင်ရာ အိုင်ဒီယာများကိုပင် ညနေခင်း လက်ဖက်ရည် ကြမ်းဝိုင်းတွင် ငြင်းကြခုံကြ အချီအချ ဖြစ်တတ်ခဲ့သော မြန်မာနိုင်ငံသားတို့သည် အိုင်ဒီယော်လော်ဂျီ အားသန်သည်ဟုဆိုက မှားမည် မထင်။ သခင်စိုး၏ ရဲရဲနီသည့် ကွန်မြူနစ်၊ သခင်သန်းထွန်း၏ စစ်မှစစ်သည့် ကွန်မြူနစ်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ မျှော်မှန်းခဲ့သည့် ဆိုရှယ်လစ်၊ ကိုကိုမောင်ကြီး၏ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် ဤသို့ ဤနှယ် ပြင်းထန်သော အစွဲများသည်လည်း ယနေ့ခေတ် မြန်မာ့နိုင်ငံရေးတွင် နေလာ နှင်းပျောက် ဖြစ်နေကြပြီ ဖြစ်သည်။ နိုင်ငံရေးပါရာ ဒိုင်းအပြောင်းအလဲတွင် နိုင်ငံရေး အတွေးအမြင်များကို အဓိကထားမှုများ နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်သည်။ အိုင်ဒီယော်လော်ဂျီသမိုင်း နိဂုံးချုပ်ခဲ့ပြီ ဖြစ်သည့် မြန်မာ့နိုင်ငံရေးသည် ဤသို့သော ခေတ်သစ် စနစ်သစ်တွင်မှာ အမျိုးသားညီညွတ်ရေး မတည်ဆောက် နိုင်လျှင် မျက်မှောက်ခေတ်သမိုင်း ရိုင်းရာ ကျပေလိမ့်မည်။

နိုင်ငံတော်သမ္မတကြီးသည် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး ဟူသော နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ပန်းတိုင်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း လျှောက်လှမ်းသည့် လမ်းကြောင်းကို ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး တာဝန်ယူစ အချိန်တွင် ဒီမိုကရေစီကို အရင်သွားသည့် ဝါရှင်တန် ပုံစံ၊ ဖွံ့ဖြိုးရေးကို အရင်သွားသည့် ဘေဂျင်းပုံစံ၊ ကြိုက်ရာ ပုံစံရွေးဟူသော ဒီဘိတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံတည်ဆောက်ရေး မေးခွန်း ဖြစ်နေခဲ့ ချိန်လည်း ဖြစ်သည်။ သို့သော်လည်း နိုင်ငံတော် သမ္မတကြီးသည် မူလကတည်းက တည်ရှိခဲ့သော Clash of Ideal ကို ဒိုင်ယာလော့ဖြင့် စေ့စပ် ညှိနှိုင်းခဲ့ပြီး မတူတာခွဲလုပ်၊ တူတာတွဲလုပ် ဟူသော ယဉ်ကျေးမှု အသစ်ကို ဖော်ဆောင်ခဲ့ရသည်။ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်ပေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ပြီး ပင်မရေစီးဖြစ်သော လွှတ်တော်နိုင်ငံရေးသို့ ရောက်ရှိခဲ့ကြသည်။ ဤသည်မှာ Adjustment of Interest ကို ညှိယူသော နည်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ရလဒ်မှာ အားလုံး သိသည့်အတိုင်းပင် ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး မျက်နှာစာတွင်တော့ ထိုမျှ မလွယ်ကူလှသလို စိန်ခေါ်မှုများမှာလည်း မနည်းမနော ရှိနေပေသည်။

ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးဟူသော ပန်းတိုင်များ တူညီနေကြပြီ ဖြစ်သော်လည်း နည်းလမ်းများတွင် အချင်းများနေမှု များမှာလည်း ဒီမိုကရေစီ၏ ဗီဇသဘောဟု နားလည်ကြရန် လိုအပ်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးနှင့် ဒီမိုကရက်တိုက်ဇေးရှင်းသည် မည်သည့် ပုံစံနှင့်မျှ မျဉ်းတန်း သဘောယူ၍ မရသောကြောင့် မြန်မာပုံစံ မြန်မာ မော်ဒယ်လ်သည် ဒီမိုကရေစီ သဘောတရားများ အတွက် အသစ်တစ်ရပ်ရပ် ဖြစ်လာပေလိမ့်မည်။ တိုင်းရင်းသားများ၏ ခေတ်အဆက်ဆက် ပျောက်ဆုံးခဲ့သည့် အိပ်မက်များကို ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ပြောကြားထား ပြီးဖြစ်ရာ အိပ်မက်အတွက် စိတ်ကူးစံများ အကျေအလည် ညှိနှိုင်းနိုင်ရေးသာ အရေးကြီးမည် ဖြစ်သည်။ သယံဇာတ ကျိန်စာဟု နိုင်ငံတကာပဋိပက္ခ လေ့လာသူများက တံဆိပ်ကပ်ကြသည့် မငြိမ်းချမ်းသေးသော နယ်မြေ ဒေသများမှာလည်း သဘာဝသယံဇာတ အရင်းအမြစ်များ အုံနှင့်ကျင်းနှင့် ရှိနေကြသည်မှာ အမှန်ပင် ဖြစ်နေသည်။ သယံဇာတ မရှိသောကြောင့် ဖွံ့ဖြိုးရေး ပန်းတိုင်သို့ အချိန်တိုတိုအတွင်း လှမ်းလျှောက် နိုင်ခဲ့ကြကုန်သော တောင်ကိုရီးယား၊ စင်ကာပူ၊ ဟောင်ကောင်၊ ဂျပန်တို့မှာ အာရှမော်ဒယ်လ် အသစ်ကိုပင် ဖန်ဆင်းနိုင် ခဲ့ကြသည်။ သယံဇာတ ကြွယ်ဝမှုတို့ကြောင့် ပြည်တွင်းစစ်မီးသို့ သက်ဆင်းကြကုန်သော ကမ္ဘာတစ်ဝန်းမှ နိုင်ငံများတွင်လည်း လက်နက်ကိုင် နိုင်ငံရေး၊ စစ်ဘုရင်ဝါဒများအကြား ပိတ်မိကာ ဆင်းရဲတွင်း နစ်ခဲ့ကြရသည့် ခေတ်ပြိုင် သင်ခန်းစာများ မှိုလို ပေါက်အောင် ရှိနေကြသည်။ ဒီမိုကရေစီနှင့် တရားမျှတမှုတို့ ထူထောင်တည် ဆောက်နေကြသော လက်ရှိကာလသည် သင်ခန်းစာများကို သင်ခန်းစာများ ဟူ၍ ပီပီပြင်ပြင် သိမြင နားလည်လာကြရန် အရေးကြီးနေပြီ ဖြစ်သည်။
ကမ္ဘာမကျေ သီချင်းဖြင့် နိဒါန်းဖွင့်ခြင်း

ကိုလိုနီလက်အောက်မှ ရုန်းထ လွတ်မြောက်ပြီးစ မြန်မာနိုင်ငံသည် ခွင့်တူညီမျှ ဝါဒဖြူစင်သည့်မြေ ဖြစ်ရန် ကြွေးကြော်ခဲ့ကြသော်လည်း ဝါဒဖြူ ခြင်း၊ ဝါဒနီခြင်းတို့ဖြင့် Clash of Ideal ထောင်ချောက်သို့ ကျရောက် ခဲ့ရပေသည်။ အားပါလှသည်၊ မာန်ပါလှသည်၊ ဇာတိမာန် ထက်သန်စေသည်ဟု မိမိတို့ အားလုံး ခံယူခဲ့ကြသော နိုင်ငံတော် သီချင်းပါ၊ ကမ္ဘာမကျေဟူသော နိဒါန်းသည်ပင်လျှင် ဥဒါန်းမကျေစေသော ပြည်တွင်းစစ်ကို ဖန်တီးလေခဲ့ရော့သလား စဉ်းစားစရာ ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ အိမ်နီးချင်း နိုင်ငံများကိုပဲ ကြည့်ကြည့်၊ ဒေသတွင်း နိုင်ငံများကိုပဲ မျှော်မျှော် အောက်တန်း နောက်တန်းကျနေသော အခြေအနေ အရပ်ရပ်ကို အမှန်အတိုင်း သိမြင်ကြရန် လိုအပ်သည်။ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး တေးသံများ ဖုံးလွှမ်းနေပြီဟု မြင်ယောင်ကြည့်လျှင် စစ်မီးလျှံတို့ ဝင်းဝင်းတောက်နေသော နယ်စပ်ဒေသများ အစောဆုံး နိုးထလာသည့် စီးပွားရေးဇုန်ကြီးများ ဖြစ်လာပေ လိမ့်မည်။

စိတ်ကူးစံအမျိုးမျိုး ရှိကြကုန်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အနေနှင့်လည်း Reality Analysis နှင့် Future Analysis ကို ကောင်းစွာအသုံးချ၍ သန်း ၆၀ အနိုင်ရရှိရေးကို ရှေးရှုကြရန် မျှော်လင့်မိသည်။ ပွင့်လင်းလာသော ယနေ့ခေတ်တွင် သမိုင်း၏ လိုအပ်ချက်၊ သမိုင်း၏ လမ်းညွှန်မှု စသည်တို့ မရှိသင့်တော့ပါ။ အမျိုးသားညီညွတ်ရေးကို မတည်ဆောက်နိုင်သရွေ့ နေ့လား ညလား မသိ ရေရေရာရာ မရှိနိုင်သော သန်း ၆၀ ၏ အိမ်နိမ့်စံဘဝများ ကျွတ်တမ်း ဝင်ကြဦးမည် မဟုတ်ပါ။ အမျိုးသား ညီညွတ်ရေးအတွက် လက်ရှိ ရောက်ရှိနေကြသော ဆုံမှတ်ဖြစ်သည့် အခြေခံဥပဒေ ပြင်ဆင်ရေးသည် သမိုင်းအဆက်ဆက် မကြုံဖူးသော အခွင့်အလမ်းကြီးတစ်ရပ် ဖြစ်သည်ကို သတိပြုကြစေလိုသည်။ ဖက်ဒရယ်ကို ခေါင်းခါခြင်းများ၊ ဒီမိုကရေစီအသံ နားပိတ်ထားခြင်းများ လားလားမျှ မရှိတော့သည့် ယခုရောက်ရှိနေသော နိုင်ငံရေး မြေညီကွင်းသည် ငြိမ်းချမ်းရေးအတွက် တံခါးခေါက်သံများပင် ဖြစ်နေသည်။
ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများ

နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံရေး ပွတ်တိုက်မှုများသည် ဒီမိုကရေစီ၏ သဘောသဘာဝဟု ခံယူထားပြီး ပွတ်တိုက်မှုများကို ငြိမ်းချမ်းသော ဒိုင်ယာလော့ဖြင့် ဖြေရှင်းသွားသင့်သည်ဟု ယူဆထားသူ ဖြစ်သည်။ ၂၀၁၁ နှစ်ဆန်းပိုင်းတွင် အသစ်ဖြစ်ထွန်းခဲ့သော မတူတာခွဲလုပ် တူတာတွဲလုပ်သည့် နိုင်ငံရေး ယဉ်ကျေးမှုသည် ၂၀၁၃ နှစ်ကုန်ပိုင်းသို့ ရောက်ရှိချိန်တွင် ခွဲလုပ်နေကြသော မတူသည်များကို ငြိမ်းချမ်းသော ဒိုင်ယာလော့ဖြင့် ဖြေရှင်း အဖြေရှာသော နိုင်ငံရေး ယဉ်ကျေးမှု အသစ်သို့ ဆက်လက် ဆွဲတင်နေကြသည်မှာလည်း အမျိုးသား ညီညွတ်ရေးအတွက် မျှော်လင့်စရာ များစွာ ကောင်းနေပေသည်။

အမျိုးသားညီညွတ်ရေး မရှိသမျှ ကာလပတ်လုံး ဟိုလူ့အောက်ကျို့ရ ဒီလူ့အောက်ကျိုးရ ဖြစ်နေဦးမည်ဟူသော ဗိုလ်ချုပ်အောင်ဆန်း၏ စကားသည် ယနေ့ အချိန်အထိ မှန်ကန်နေဆဲ ဖြစ်နေသည်မှာလည်း လွတ်လပ်ရေး မရခင်ကတည်းက တည်ရှိခဲ့ကြကုန်သော ကွဲရာဇဝင်နှင့် ချသမိုင်းများကို ယနေ့ခေတ်တိုင် ဆက်လက် သယ်ဆောင်နေကြ သောကြောင့်သာ ဖြစ်ပေလိမ့်မည်။ ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသော ဂိုဏ်းဂဏ နိုင်ငံရေးနှင့် အကွဲအပြဲ အစဉ်အလာများကို ဆင်ခြင်ဉာဏ်ဖြင့် ပယ်ရှားနိုင်ကာမှ တန်ကာကျပါမည်။

ဆိုဗီယက်အုပ်စုနှင့် အမေရိကန်အုပ်စုတို့ ကမ္ဘာ့မြေပုံများ ကိုင်၍ အားပြိုင်ခဲ့ကြသော စစ်အေးတိုက်ပွဲ ဇာတ်ရှိန် အမြင့်မားဆုံး အချိန်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသော ပန်းတနော်သား မြန်မာသံအမတ်ကြီး ဦးသန့်ကို သီဟိုဠ် (သီရိလင်္ကာ) သံအမတ်ကြီးက ဤသို့ ညွှန်းဆိုခဲ့သည်။ အတ္တတံခွန်ထူခြင်း၊ ရန်လိုခြင်းနှင့် လက်သီး လက်မောင်းတန်းလျက် အာပေါင်အာရင်း သန်ခြင်းတို့ကို ခွန်အားဟု ယူဆကြသော ဤခေတ်ကြီးတွင် ဦးသန့်၌ရှိသော ခွန်အားမှာ တသီးတသန့် ခြားနားနေ၏။ ဦးသန့်၏ ခွန်အားမှာ တည်ငြိမ်သော ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အား ဖြစ်သည်။၊ ကမ္ဘာစစ်ကြီး ဖြစ်ပွားနိုင်သော မီးတောက်များကို မြန်မာနိုင်ငံသား ဦးသန့်သည် တည်ငြိမ်သော ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားတို့ဖြင့် ဖြေရှင်း အောင်နိုင်ခဲ့သည်။

ဦးသန့်ကို မွေးဖွားခဲ့သော မငြိမ်းချမ်းသေးသည့် မြန်မာ့မြေတွင် အမျိုးသားညီညွတ်ရေးနှင့် အမျိုးသား တည်ဆောက်ရေးအတွက် လတ်တလော လိုအပ်နေသည်မှာ စစ်ကို ခုံမင်သော၊ စစ်ဘုရင် အလံတော်များ မဟုတ်ရဘဲ တည်ငြိမ်သော ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများသာ ဖြစ်ပေလိမ့်မည်။ လက်ရှိ နိုင်ငံရေးခေါင်းဆောင်များ အားလုံးအနေနှင့် သန်း ၆၀ အနိုင်ရရှိရေးအတွက် တည်ငြိမ်သော ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများ ပေးသနားရန်သာ မျှော်လင့်မိပေသည်။

.. www.MyanmarExpress.net
 

6 comments:

ကောင်းလိုက်တဲ့ အရေးအသား အတွေးအခေါ် တစ်ခုပါပဲ nld က လူပြိန်းတွေ နားလည်နိုင်ပါစေ ဒေါ်စုပ် အမျှ အမျှ

My opinion on this article is poor. Only flowery Myanmar writing. This is not surprising. Banana country can only have Banana writers. By the way U Thant is no more world peace architect than Sayargyi Thakhin Ko Daw Hmaing is father of Peace nor Aung San Su Kyi champion of peace and democracy. All are make beliefs of Myanmar writers like မှူးဇော်

ဗြိတိသျှနယ်ချဲ့တို့ လွတ်လပ်ရေးလက်ဆောင်အဖြစ်ပေးခဲ့တဲ့
ပြည်တွင်း သွေးခွဲးခဲ့မှုဟာ အခုအချိန်အထိ ရှင်းမရသေးဖြစ်နေသည်။
ဒီနယ်ချဲ့တွေရဲ့ မစားရတဲ့အမဲသဲနဲ့ပက်ဆိုသလို
တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်းကို ရေရှည်မျှော်တွေးပြီး
အကွက်ကျကျဆောင်ရွက်နိုင်ခဲ့မှုကို ချီးကြူးကြရမှာလား။
ဒီမိစ္ဆာလူမျိုးတွေ လူ့ဘောင်လောကကပျောက်ကွယ်သွားပြီး
သူတို့နဲ့အထိုက်တန်ဆုံး အပယ်လေးဘုံကို စုဝေးရောက်ရှိသွားအောင်
ဆုတောင်းကြရမှာလား။

သ မိုင်း မှတ် ကျောက် တင် နိုင် အောင် ဒီ နေ့ နိုင် ငံ ရေး ငြိမ်း ချမ်း ရေး ကို အ မျိုး သား ရေး အ မြင် နဲ့ ဆောင် ရွက် ကြ ပါ ရန် တိုင်း ရင်း သား ခေါင်း ဆောင် များ အား လုံး ကို တိုက် တွန်း အပ် ပါ သည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်