Subscribe to our RSS Feed

အလုပ်ရှိ၊ အောင်မြင်မှုရှိပြီး ထိုက်ထိုက်တန်တန် ချီးမြှင့်ခံရတဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များ သမ္မတကြီး ဦးသိန်းစိန် လက်ခံ

From : .. သမ္မတရုံး




နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံ Mae Fah Luang တက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorable Doctoral Degree in Public Administration ) နှင့် Naresuan တက္ကသိုလ်မှ ပြည်သူ့ရေးရာ နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in Political Science) ချီးမြှင့် အပ်နှင်းသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အပ်နှင်းမည့် တက္ကသိုလ်နှစ်ခုတို့မှ တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌများ၊ အဓိပတိများ၊ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ သစ်တော တက္ကသိုလ်နှင့် မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခများ၊ ကျောင်းသားကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် Mae Fah Luang တက္ကသိုလ် အဓိပတိ ဒေါက်တာ ဗန်ချိုင်စိရိ ချန်န က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တက္ကသိုလ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆမ်ပေါင်ချိုစီ က ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြှင့် အပ်နှင်းသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ ပညာရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စု ဝန်ကြီးနှင့် Mae Fah Luang တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌ၊ အဓိပတိနှင့် အဖွဲ့တို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ Naresuan တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ Naresuan တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌ ပါမောက္ခ ကရ စေချန် နဝန်စေ က ဂုဏ်ပြုအမှာ စကားပြောကြားပြီး နိုင်ငံတော်သမ္မတအား တက္ကသိုလ်အဓိပတိ ပါမောက္ခ ဒေါက်တာစုကျင် ကျင်န ဟရွန် က ပြည်သူ့ရေးရာ နိုင်ငံရေးသိပ္ပံဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ နိုင်ငံတော် သမ္မတ ပြောကြား သည့် ကျေးဇူးတင်စကား အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

♦ ယနေ့ အခမ်းအနားကို ကြွရောက်လာကြတဲ့ ထိုင်းနိုင်ငံ မယ့်ဖလောင်း တက္ကသိုလ်မှ တက္ကသိုလ် ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆမ်ပေါင်ချိုစီနဲ့ အဓိပတိ ဒေါက်တာ ဗန်ချိုင်စိရိချန်န ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ နာရာဆွမ် တက္ကသိုလ်မှ တက္ကသိုလ် ကောင်စီဥက္ကဋ္ဌ ပါမောက္ခ ကရစေချန် နဝန်စေ နဲ့ အဓိပတိ ပါမောက္ခ ဒေါက်တာ စုကျင်ကျင်နဟရွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခကြီးများနှင့် ဧည့်သည် တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည်စုံကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သ လိုက်ပါတယ်။

♦ ထိုင်းနိုင်ငံ မယ့်ဖလောင်းတက္ကသိုလ်ကိုယ်စား ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆမ်ပေါင်ချိုစီ က ကျွန်တော့်အား ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ နဲ့ နာရာဆွမ် တက္ကသိုလ်ကိုယ်စား အဓိပတိ ပါမောက္ခ ဒေါက်တာ စုကျင်ကျင်နဟရွန်က ပြည်သူ့ရေးရာ နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ တို့ကို ကိုယ်တိုင်လာရောက် ပေးအပ်ချီးမြှင့်ပေးတဲ့ အတွက် ကျေးဇူးတင်ရှိ ပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

♦ မြန်မာနိုင်ငံ ပြည်သူလူထုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အနာဂတ်ရဲ့ အခြေအနေတွေကို စဉ်းစားတွက်ဆပြီး ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ကာလမှာ ယခုလို ဒီဂုဏ်ထူးဆောင် ပါရဂူဘွဲ့များ ချီးမြှင့်ပေးခြင်းဟာ ကျွန်တော်နှင့်တကွ ပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေအပေါ် အသိအမှတ် ပြုမှုတစ်ရပ်အဖြစ် ကျွန်တော်ခံယူပါတယ်။

♦ ယနေ့ မျက်မှောက်ခေတ်ကာလမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ခိုင်မာတဲ့ ရည်မှန်းချက်နှင့် ဖော်ဆောင်လျက် ရှိပါတယ်။

♦ ဒီမိုကရေစီစနစ်ကို စတင်ဖော်ဆောင်ရာမှာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပုဂ္ဂလိက ကဏ္ဍမြှင့်တင်ရေးလုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက် ရှိပါတယ်။

♦ အသွင်ကူးပြောင်းရာမှာ ဗဟိုဦးစီးစနစ်မှ ဒီမိုကရေစီစနစ်သို့၊ ဗဟိုက ချုပ်ကိုင်သည့် စီးပွာရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့၊ ဗဟိုမှ ကြိုးကိုင်တဲ့ အုပ်ချုပ်ရေးစနစ်မှ ပြည်သူကို ဗဟိုပြုတဲ့ အုပ်ချုပ်ရေးစနစ်သို့ ညင်သာစွာ ကူးပြောင်းနေခြင်း ဖြစ်ပါတယ်။

♦ ကျွန်တော်တို့အစိုးရ၏ ရည်မှန်းချက်ဟာ ပြည်သူအများလိုလား တောင့်တနေတဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆန္ဒတွေကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ဖြစ်ပါတယ်။

♦ နိုင်ငံရေးအရ၊ နိုင်ငံရေးအင်အားစုတွေ တည်တည်ငြိမ်ငြိမ်ရှိအောင် ကျွန်တော်တို့ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ နိုင်ငံသားအားလုံး ပါဝင်လာခွင့်ရအောင် နိုင်ငံရေး အကျဉ်းသားများစွာကို အကြိမ်ကြိမ် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် နှစ်ပေါင်းရှည်ကြာခဲ့ပြီဖြစ်တဲ့ လက်နက် ကိုင်တိုင်းရင်းသား ပဋိပက္ခများ ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေး လုပ်ငန်းများကိုလည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။

♦ နိုင်ငံရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးရေးဟာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေတာ ဖြစ်တဲ့အတွက် နိုင်ငံရေးပြောင်းလဲမှုနဲ့ တစ်ချိန်တည်းမှာပဲ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေကိုလည်း ပြုလုပ်ရပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို နှစ်ပေါင်း (၂၀) လောက် ခံခဲ့ရပါတယ်။ လူဦးရေအများစု နေထိုင်ကြတဲ့ ကျေးလက်နေပြည်သူတွေဟာ ဆင်းရဲနွမ်းပါမှုနှုန်း အများဆုံး ဖြစ်နေပါတယ်။ ဒါ့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါမှုနှုန်း ကျဆင်းရေးကို ဦးစားပေးလုပ်ငန်းရပ်အဖြစ် စီမံချက်များ ရေးဆွဲ ဆောင်ရွက်လျက် ရှိပါတယ်။

♦ တိုင်းပြည်စီးပွားရေးထူထောင်ဖို့အတွက် ကျွန်တော်တို့မှာ သဘာဝအရင်းအမြစ်တွေ ရှိပါတယ်၊ လုပ်သားတွေရှိပါတယ်၊ ကျွန်တော်တို့နိုင်ငံရဲ့ ပတ်ဝန်းကျင်မှာလည်း လူဦးရေ များပြားတဲ့ ဈေးကွက်ကြီးတွေ ရှိနေပါတယ်၊ ဒီလိုအခွင့်အလမ်းကောင်းတွေ ရှိနေသလို လိုအပ်ချက်များလည်း ရှိနေပါတယ်၊ ကျွန်တော်တို့ရဲ့ အဓိကလိုအပ်ချက်ဟာ အရင်းအနှီး၊ နည်းပညာနှင့် လူသားစွမ်းရည် အရင်းအမြစ်တို့ ဖြစ်ပါတယ်။

♦ ဒါကြောင့် ဒီကနေ့ အရင်းအနှီးနဲ့ နည်းပညာများရအောင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပါတယ်။ လူသားစွမ်းရည် အရင်းအမြစ်တွေ ရရှိဖို့အတွက်ကတော့ လေ့ကျင့်ပျိုးထောင် ယူရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပညာရေးဟာ အဓိကကျပါတယ်။ ပညာရေးကသာလျှင် လူသားစွမ်းရည်အရင်းအမြစ်တွေကို အခြေခံမြှင့်တင်ပေးနိုင်မှာ ဖြစ်တဲ့အတွက် ပညာရေးမှာ အခြေခံပညာက စပြီး အဆင့်မြင့်ပညာတွေကို မြှင့်တင်ဖို့ ပညာရေးပြုပြင်ပြောင်းလဲမှု တွေကိုလည်း ပြုလုပ်နေပါတယ်။

♦ ထိုင်းနိုင်ငံရှိ အဆွေတော်တို့ရဲ့ မယ့်ဖလောင်းတက္ကသိုလ်နှင့် နာရာဆွမ်တက္ကသိုလ်တို့ဟာ ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များကို များစွာ မွေးထုတ် ပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ များစွာဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရာမှာ မြန်မာ့တက္ကသိုလ်အချို့ကို အဆွေတော်တို့ရဲ့ တက္ကသိုလ် တွေနဲ့ ချိတ်ဆက်ပြီး အဆွေတော်တို့ရဲ့ အတွေ့အကြုံတွေကိုလည်း ရယူသွားလိုပါတယ်။

♦ နိဂုံးချုပ်အနေနဲ့ ယခု မယ့်ဖလောင်းတက္ကသိုလ်မှပေးတဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ပါရဂူဘွဲ့နှင့် နာရာဆွမ် တက္ကသိုလ်မှပေးတဲ့ ပြည်သူ့ရေးရာနိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တို့ကို ကျွန်တော်အနေနဲ့ တန်ဖိုးထားပါကြောင်းနဲ့ တိုင်းပြည် တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေမယ့် ခွန်အားတစ်ရပ်အဖြစ် ခံယူဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

♦ အားလုံးကိုကျေးဇူးတင်ပါတယ်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ ခေတ္တပြည်ထောင်စုဝန်ကြီးနှင့် Naresuan တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌ၊ အဓိပတိနှင့်အဖွဲ့တို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

Mae Fah Luang တက္ကသိုလ်ကို ၁၉၉၈ ခုနှစ်တွင် တော်ဝင်တက္ကသိုလ် တစ်ခုအဖြစ် ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံအပါအဝင် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာအဆင့်မီ ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များကို သင်ကြားပေးလျက် ရှိသည်။

Naresuan တက္ကသိုလ်ကို ၁၉၆၇ ခုနှစ်တွင် ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် တက္ကသိုလ်တစ်ခုအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


 .. www.MyanmarExpress.net
 

6 comments:

When will those 2 Uni. biz. center be opening in Myanmar?

We want to read Mae Fah Luang တက္ကသိုလ် အဓိပတိ ဒေါက်တာ ဗန်ချိုင်စိရိ ချန်န and Naresuan တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌ ပါမောက္ခ ကရ စေချန် နဝန်စေ speeches.

although you've got degrees from thai universities,you know nothing about political management and how to do to develop country's economic.you are simply a donkey......shame on you!!!!

လူ သား အ ပေါင်း တို့  ငါ စွဲ မ စွဲ ကြ ပါ နဲ့

ငါ့ ပစ္စည်း ငါ့ ဟာ စွဲ နေ လို့ က ဖြင့် ကောင်း ရာ မ ရောက် နိုင် ပါ
စီး ပွါး ရှာ ရာ မှာ သ မာ သ မတ် ကျ ဘို့ လို ပါ သည် သူ များ ပစ္စည်း ကို လိမ် ယူ ခြင်း ခိုး ယူ ခြင်း မ ပေး ဘဲ နှင့် ယူ ခြင်း သည် ခိုး ရာ ရောက် ပါ သည်
သူ များ တ ကာ ကို ညှင်း ပန်း နှိပ် စက် ခြင်း
သတ် ဖြတ် ခြင်း စိတ် ဆင်း ရဲ အောင် လုပ် ခြင်း မ နာ လို ခြင် သူ များ သား မ ယား စော် ကား ခြင်း နိုင် ထက် ဆိး နင်း လုပ် ခြင်း
ဒါ တွေ ဟာ
သေ လျင် ကိုယ် ပြု ခဲ့ သိ အ တိုင်း လုပ် ခဲ့ သိ အ တိုင်း ပြန် ခံ ရ ပေ လိမ့် မည်
အ ကုသိုလ် များ လျင် ယ ခု ဘ ဝ ပင် လျင် ခံ ရ ပေ လိမ့် မည်

ဘယ် ဘာ သာ ဘဲ ကိုး ကွယ် ကိုး ကွယ်
မ ကောင်း တာ လုပ် လျင် မ ကောင်း သော အ ကီူး ပေး ပါ လိမ့် မည်


အာ ဏာ ရှိ သူ များ ပြည် သူ များ ဆင် ခြင် ထုံ တ ရား ထား ကြ ပါ
လူ ဘဝ ဆို သည် မှာ တို တို လေး ပါ

TT

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်