Subscribe to our RSS Feed

ဖွဲ့စည်းပုံပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးရန် ကော်မတီအစီရင်ခံစာတွင် တည်မှီနေ

From : ..mizzima


နိုင်ငံတော်သမ္မတ၊ လွှတ်တော်နှင့် တပ်မတော်သို့ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားသည့် ဖွဲ့စည်း ပုံပြင်ဆင်ရေးဆိုင်ရာ လေးပွင့်ဆိုင်တွေ့ဆုံလိုခြင်းကို ပြည်ထောင်စုလွှတ်တော်၏ အခြေခံဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာ ထွက်ပေါ်လာချိန်အထိ စောင့်ဆိုင်းရန် နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က သဘောထားရှိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်က နိုဝင်ဘာ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီက အစီရင်ခံစာ မတင်သွင်းမီမှာ အခြားနည်းလမ်းတွေနဲ့ ဆွေးနွေးမှုများပြုလုပ်ခဲ့ရင် ကော်မတီရဲ့တွေ့ရှိချက်များနဲ့ ကွဲလွဲမှုများ ဖြစ်လာနိုင် ပါတယ်”ဟု ပြောသည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ကော်မတီ၏ အစီရင်ခံစာ တင်သွင်းပြီးမှ သာ တွေ့ဆုံပွဲကိစ္စ စဉ်းစားသင့်သည်ဟု ယူဆထားခြင်းဖြစ်သည်။

ထို့ပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးသည် နိုင်ငံသားအားလုံးအတွက် အရေးကြီးသည့် ကိစ္စရပ်ဖြစ် သည်ကို နိုင်ငံ တော်သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ကလည်း လက်ခံယုံကြည်ကြသည်ဟု ဦးရဲထွဋ်ကပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံမှုအပေါ် စဉ်းစားရာတွင် အခြားသော တရားဝင် ၅၈ ပါတီ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားခဲ့ရသည်ဟု လည်း ဦးရဲထွဋ်က ဆိုသည်။

“သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးသင့်တဲ့ အရေးကိစ္စဖြစ်တယ်လို့ ယုံကြည်ပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကို နိုဝင်ဘာ ၂၃ ရက်၌ ထုတ်ပြန် ကြေညာခဲ့ ခြင်းဖြစ်ပြီး နောက်နှစ်ရက်အကြာတွင် တရားဝင် စာပေးပို့ခဲ့ခြင်းဖြစ်သည်။

မေတ္တာရပ်ခံစာတွင် ယနေ့အချိန်၏ အဓိကအကျဆုံးကိစ္စဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အဆင်ပြေချောမွေ့စွာ ဖြစ်မြောက်ရန် ရည်ရွယ်၍ တွေ့ဆုံရန် မေတ္တာရပ်ခံခြင်းဖြစ် သည်ဟု ပါဝင်သည်။

သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ယင်းသို့ သဘောထားပြန်ကြားချက်အပေါ် လတ်တ လော မှတ်ချက်ပြုရန် မရှိသော်လည်း “နိုင်ငံအတွက် အလုပ်ဖြစ်ဖို့က အလုပ်ဖြစ်တဲ့ ပုဂ်္ဂိုလ်တွေ တွေ့ဆုံ ဆွေးနွေးကြဖို့ လိုပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ် ၀င်းက ပြောသည်။

ထို့ပြင် တွေ့ဆုံပွဲဖြစ်ရေးသည် ပြဿနာများအကြား အချိန်ကုန်ရန် ရှိနေသည့် တိုင်းပြည်အတွက် အဖြေ ပင် ဖြစ်မည်ဟုလည်း ယင်းက ဆိုသည်။

ထိုသို့ သဘောထားပြန်ကြားမှုသည် လွှတ်တော်၏ ဖွဲ့စည်းပုံသုံးသပ်ရေးဆိုင်ရာ လွှတ်တော်ကော်မတီ၊ အစီရင်ခံစာ ထုတ်ပြန်ရန် နောက်ဆုံးနေ့ဖြစ်သည့် ဇန်န၀ါရီ ၃၁ ရက်နောက်ပိုင်းမှသာ လေးပွင့်ဆိုင်တွေ့ ပွဲကို သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ စဉ်းစားသွားဖွယ်ရှိသည်။

ဖွဲ့စည်းပုံ လေ့လာရေးကော်မတီကို လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီအသီးသီး၏ ကိုယ်စားပြုဦးရေအ လိုက် အချိုးကျ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ကော်မတီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၅၂ ဦးဖြင့် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးနေရာကို တပ်မတော်သား ကိုယ်စားလှယ်များက၂၅ ဦးဖြင့် ရယူထားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာမူ ၇ ဦးဖြင့် တတိယနေရာ၌ ရှိနေသည်။ အဆိုပါကော်မတီသည် ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်သို့ လေ့လာတွေ့ရှိချက်များ၊ အကြံပြုချက်များကို စိစစ် အစီရင်ခံရမည်ဖြစ်သည်။ ဖွဲ့စည်းပုံလေ့လာရေး ကော်မတီဥက္ကဋ္ဌဖြစ်သူမှာ ပြည်သူ့လွှတ်တော်၏ ဒုဥက္ကဋ္ဌတာဝန်ယူထားသူ ဦးနန္ဒကျော်စွာ ဖြစ်သည်။


 .. www.MyanmarExpress.net
 

1 comments:

“နိုင်ငံအတွက် အလုပ်ဖြစ်ဖို့က အလုပ်ဖြစ်တဲ့ ပုဂ်္ဂိုလ်တွေ တွေ့ဆုံ ဆွေးနွေးကြဖို့ လိုပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ် ၀င်းက ပြောသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်