Subscribe to our RSS Feed

ဟစ်ဟော့ပ်ဂီတ နှစ် (၄၀) ပြည့် အခမ်းအနား ပြုလုပ်မည်

From : .. the voice

ကမ္ဘာပေါ်တွင် ဟစ်ဟော့ပ်ဂီတ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ အတွင်းရှိ အဆိုတော်များ၊ ဒီဂျေများ၊ အကပညာရှင်များ၊ ဂရပ်ဖတီ အနုပညာရှင်များ တွေ့ဆုံမည့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ရှစ်မိုင် လမ်းဆုံရှိ Hotel Yangon တွင် နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ မှ ၄ နာရီအထိ ပြုလုပ်မည် ဖြစ်ကြောင်းနှင့် အခမဲ့ လာရောက် ဆွေးနွေးနိုင်ကြောင်း တေးသံရှင် အနဂ္ဂက ပြောကြားသည်။
“ဒါက မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ နိုင်ငံတကာ Hip Hop ဂီတအကြောင်း ဆွေးနွေးတဲ့ ပထမဆုံးပွဲပါ။ အခုလိုပွဲမျိုး နှစ်တိုင်း လုပ်နိုင်အောင် ကြိုးစားစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အဆိုပညာရှင်များ အနေနှင့် အနဂ္ဂ၊ ရန်ရန်ချမ်း၊ သားစိုး၊ ဘာဘူ၊ Bigg Y ၊ ဂျေမီ၊ ရသ၊ G-Tone၊ Snare အဖွဲ့မှ ဖြိုးလေးနှင့် နေဝင်းတို့ တက်ရောက်မည် ဖြစ်ပြီး ဒီဂျေများဘက်မှ စောညီညီ၊ DJ Jay တို့နှင့်အတူ အထူး အစီအစဉ်အဖြစ် မြန်မာနိုင်ငံ တွင် မွေးဖွားပြီး နိုင်ငံခြား ပြိုင်ပွဲများတွင် ဆုများရရှိကာ အောင်မြင်နေသော DJ K.C နှင့် DJ Angelo တို့မှလည်း လာရောက် ဆွေးနွေးမည် ဖြစ်ကြောင်း၊ အကပညာရှင်များဘက်မှ Uranium မှ ဇေယျ၊ Life and Dance မှ မင်းမင်းထွန်း၊ ဂရပ်ဖတီ အနုပညာရှင်များ အနေနှင့် သုတအေးတို့ လာရောက်မည် ဖြစ်ကြောင်း၊ စီစဉ် တင်ဆက်သူများ အနေနှင့် တင်မိုးလွင်နှင့် ချစ်ကိုကိုတို့က ပြုလုပ်ပေးမည် ဖြစ်ကြောင်း ၎င်းကရှင်း ပြသည်။

“ဟစ်ဟော့ပ် ဂီတကြောင့် အလုပ်အကိုင်တွေ၊ စီးပွားရေးတွေ အများကြီး ပေါ်ပေါက်လာတယ်။ လူငယ်တွေအတွက် လမ်းသစ်တစ်ခု ပေါ်ပေါက်လာခဲ့တဲ့ အခုလို နှစ် (၄၀) ပြည့်တဲ့နေ့မှာ ပွဲလေးလုပ်ပြီး ဂုဏ်ပြုတာ အရမ်းကောင်းပါတယ်” ဟု တေးသံရှင် သားစိုးက ပြောကြားသည်။


 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်