Subscribe to our RSS Feed

IT ကဏ္ဍအတွက် ၂၇ ထပ်ရှိ အဆင့်မြင့်တာဝါကြီးတစ်ခု MICT တွင် တည်ဆောက်မည်

From : ခေတ်လူငယ်


မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နည်းပညာ၏ အများပိုင်ကုမ္ပဏီ MICTDC က မကြာမီနှစ်များအတွင်း အထပ် ၂၇ ထပ်ရှိသော IT ၏ အဆောက်အအုံကြီးတစ်ခု ဆောက်လုပ်သွားရန် အစီအစဉ်ရှိနေကြောင်း ၄.၄.၂၀၁၂ ရက်က သိရသည်။ မြေဧက အကျယ် ၂၃ ဧကရှိသော MICTDC ၏ အဆောက်အအုံဝင်းအတွင်းတွင် လက်ရှိအနေအထားအထိ အခန်းများထပ်မံ တိုးချဲ့နေရပြီ ဖြစ်သော်လည်း ထပ်မံတိုးချဲ့နေသည့် အခန်းများမှာ အခန်းရယူထားသူများနှင့် ပြည့်နှက်နေသောကြောင့် ထပ်မံတည်ဆောက်သွားရဦးမည်ဟု သိရသည်။ “အခန်းတွေက ထပ်ပြီး တိုးချဲ့ဆောက်နေပေမယ့် မလောက်ငှဘူး။ အခန်းယူထားသူနဲ့ ပြည့်နေပါပြီ။ လိုအပ်ရင် လက်ရှိပင်မအဆောက်အအုံရဲ့ နောက်ဘက်မှာ အထပ် ၂၀ ကျော် အဆောက်အအုံ တာဝါကြီးတစ်ခု ဆောက်ဖို့ အစီအစဉ်ရှိပါတယ်” ဟု MICTDC ၏ ဥက္ကဋ္ဌ ဦးသိန်းဦးက ပြောကြားသည်။ လက်ရှိတွင် တိုးချဲ့ဆောင် Phase III ကို ဆောက်လုပ်နေပြီး၊ ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးနိုင်မည်ဟု တွက်ဆထားကြောင်း သိရသည်။ MICTDC ၏ ပင်မအဆောင်ကြီးမှာ မြေဧက ငါးဧကပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ထပ်မံချဲ့ထွင်သည့် Phase III ၏ ဒုတိယအဆောင်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အနည်းငယ် ထည့်သွင်းပေးသွားဖွယ်ရှိကြောင်း သိရသည်။ “နောက်ထပ် မြေဧက ခြောက်ဧကပေါ်မှာ အထပ် ၂၇ ထပ်ရှိတဲ့ Hill Tower လိုမျိုးဆောက်ဖို့ အစီအစဉ်ရှိပါတယ်။ MICT စပြီး ထောင်မယ်ဆိုကတည်းက ဒီစီမံချက်တွေက ပါပြီးသားပါပဲ” ဟု ဦးသိန်းဦးက ပြောကြားသည်။ အဆိုပါ ၂၇ ထပ် တာဝါတစ်ခု ပြီးစီးပါက MICT ၏ အဆောက်အအုံအားလုံးကို ဆက်သွယ်မည့် လမ်းများနှင့် အမိုးများ တပ်ဆင်သွားရမည်ဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်