Subscribe to our RSS Feed

ဆရာ နေထွန်းနိုင်၏ "ခေတ်သစ်ငရဲခွေးကြီး လွတ်နေပြီ" ဆောင်းပါးအပေါ် ကျွန်တော်မြင်မိသမျှ

From : ..Nay Min

အလဲဗင်း ဂျာနယ် အတွဲ(၈) ၊ အမှတ် (၃၀) မှာ ဆရာနေထွန်းနိုင်ရဲ့ "ခေတ်သစ်ငရဲခွေးကြီး လွတ်နေပြီ" ဆောင်းပါးကို ဖတ်ရှုပြီးခဲ့အခါမှာ အခုလို စဉ်းစားစရာလေးတွေ ရှိလာခဲ့ပါတယ်။
ဆောင်းပါးရဲ့ ခေါင်းစီးကတော့ သိပ်ကိုအားကောင်းတဲ့ ခေါင်းစီးပဲ ဖြစ်ပါတယ်။ "ငရဲခွေးကြီး လွတ်နေပြီ" ဆိုတဲ့ စကားစုကို ကြားလိုက်တာနဲ့ လူကြီးပိုင်း၊ လူလတ်ပိုင်း တော်တော်များများနဲ့ စာဖတ်အားကောင်းတဲ့ လူငယ်တွေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အိုးဝေမဂ္ဂဇင်း၊ ကိုလိုနီခေတ်နဲ့ ရန်ကုန်တက္ကသိုလ်တို့ကို တွဲမြင်မိကြမှာပါဘဲ။

ဆောင်းပါးရှင် ဆရာနေထွန်းနိုင် ဆောင်းပါးနိဒါန်းမှာ ဖော်ပြခဲ့သလိုပဲ "ငရဲခွေးကြီး လွတ်နေပြီ" ဆောင်းပါးဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အထင်ကရ ရှိခဲ့တဲ့ဆောင်းပါးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးက အစချီပြီး ပြည်လုံးကျွတ် ကျောင်းသား သပိတ်ကြီး ဆင်နွှဲ၊ အဲဒီကနေစလို့ လွတ်လပ်ရေးတိုက်ပွဲအထိ အရောက်ချီနိုင်ခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ဒီလို ရာဇ၀င်ရှိခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်၊ ခေါင်းစီတစ်ကြောင်းရဲ့ အားကိုယူပြီး "ခေတ်သစ်ငရဲခွေးကြီး လွတ်နေပြီ" ဆောင်းပါးကို အလဲဗင်းဂျာနယ်မှာ ဖော်ပြလာခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ အထူးပဲ စိတ်ဝင်တစား ရှိခဲ့ပြီး အစကနေအဆုံးထိ အခေါက်ခေါက် အခါခါ ဖတ်ရှုမိပါတယ်။

ဒါကြောင့် ဆရာနေထွန်းနိုင်ရဲ့ ဆောင်းပါးကို ဖတ်ရှုပြီးတဲ့အချိန်မှာ ကျွန်တော့်စိတ်ထဲ တွေးစရာ
ရှိလာတာလေးတွေကို အခုလိုပဲ ချရေးမိပါတော့တယ်။ ကျွန်တော့်ရဲ့ စာစုဟာ ဆရာနေထွန်းနိုင်ကို တိုက်ခိုက်တာမဟုတ်သလို အလဲဗင်းဂျာနယ်ကိုလဲ အဓိပါယ်တစ်မျိုးသက်ရောက်စေတဲ့ စွတ်စွဲ ပြောဆိုခြင်းမျိုးမဟုတ်ဘူးဆိုတာကိုတော့ ဦးစွာပထမ ပြောကြားပါရစေ။ ဒီမိုကရေစီခေတ် ကို လျှောက်လှမ်းနေကြတဲ့ တိုင်းသူပြည်သားချင်း၊ စတုတ္ထမဏ္ဍိုင်ရဲ့အတွေးအမြင် သဘောထားခြင်း ဖလှယ်တယ်လို့ပဲ သဘောထားစေချင်ပါတယ်။

ဆရာနေထွန်းနိုင်ဟာ ဆောင်းပါးရဲ့အစမှာ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းနဲ့ ငရဲခွေးကြီး လွတ်နေပြီတို့ရဲ့ ဆက်နွယ်မှု၊ အားကောင်းမှု၊ ဒုတိယကျောင်းသားသပိတ်တို့နဲ့ အစချီခဲ့ပေမယ့် ဒုတိယစာပိုဒ်မှာတော့ အခုလို ဖော်ပြ ထားတာကို တွေ့ရပါတယ်။

<< ဒီနေ့အချိန်မှာလည်း တရား မျှတမှုနဲ့ အမှန်တရားကို ဖော်ထုတ်ရမယ့် ကိစ္စရပ်တွေ ရှိလာခဲ့ပါပြီ။ လူတစ်ဦးတစ်ယောက်(သို့မဟုတ်) လူတစ်စုတစ်ဖွဲ့က လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံကို သွေးချောင်းစီးစေမယ့် အခြေအနေကို တွန်းပို့နေပါတယ်။ ဒီလူတွေမှာ အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းလိုတဲ့ စိတ်ဓာတ်တွေ ပြည့်နှက်နေပြီး သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေက ယခင်စစ်အစိုးရ အုပ်ချုပ်ယန္တရား လည်ပတ်ခဲ့စဉ်က ကျင့်သုံးခဲ့တဲ့ လုပ်နည်းလုပ်ငန်းတွေနဲ့ တူညီနေပါတယ်။ အရေးယူမယ့်သူမရှိ လက်ရဲ ဇက်ရဲနိုင်တဲ့ သူတွေရဲ့ အနေအထားက ''ခေတ်သစ် ငရဲခွေးကြီး လွတ်နေပြီ''ဆိုတဲ့ အနေအထားပါပဲ။ >>

ယခင်စစ်အစိုးရ အုပ်ချုပ်ရေး ယန္တယားကို ပြန်အသက်သွင်းချင်တဲ့ လူတစ်စုအကြောင်းကို ပြောချင်တာဖြစ်ပေမယ့် ဆောင်းပါးခေါင်းစီးနဲ့ ဆောင်းပါးမှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ ဒုတိယစာပိုဒ်က စပြီး အဓိပါယ်ဆက်စပ်လို့ မရနိုင်လောက်အောင် လွဲမှားနေတာကို တွေ့ရပါတယ်။ လူစိတ်ဝင်စားမယ့် ခေါင်းစီးကို အသုံးပြုပြီး စာဖတ်သူတွေကို ဆွဲဆောင်ထားတဲ့ ကြော်ငြာဆန်တဲ့ ဆောင်းပါး ခေါင်းစီးမျိုးပါဘဲ။

အပြုသဘောဆောင်ချင်တဲ့ စာစုဖြစ်တဲ့အတွက် အသေးစိတ် ဝေဖန်ထောက်ပြနေတာမျိုး မလုပ်ပဲ အကြောင်းအရာတွေကို ခြုံငုံ သုံးသပ်ပြီး အကျဉ်းချုပ်ပဲ တင်ပြချင်ပါတယ်။ စာရှည်နေရင် စာဖတ်သူတွေ ညည်းငွေ့မှာလဲ ကြောက်ရပါသေးတယ်။

ဆရာနေထွန်းနိုင်ဟာ ဆောင်းပါးအစမှာ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းနဲ့ စခဲ့ပေမယ့် ဒုတိယ စာပိုဒ်က စလို့ ဒေါက်တာဆိတ်ဖွား ၊ လွှတ်တော် နဲ့ မရိုးနိုင်တဲ့ ၊ ထုံးစံလိုဖြစ်နေတဲ့ ( ဒေါက်တာဆိတ်ဖွားနဲ့ အလဲဗင်းမီဒီယာတို့ အပြန်အလှန် စွတ်စွဲတိုက်ခိုက်ခြင်းများ ) စကားလုံးတွေကိုသာ ဖော်ပြခဲ့တာကိုတွေ့ရပြီး စာရေးသူမှာ တသီးပုဂ္ဂလ စိတ်ခံစားချက်တွေ အလွန်အကဲ ပါဝင်နေတယ်လို့ သုံးသပ်ရပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလောက်စလို့ လူသိများလာတဲ့ “လူထုမောင်ကာဠု” စာမျက်နှာကို ဝေဖန်ထောက်ပြလာခဲ့ပါတယ်။ “လူထုမောင်ကာဠု” စာမျက်နှာမှာဖော်ပြနေတဲ့ အကြောင်းအရာ အတော်များများဟာ လက်ရှိအခြေအနေနဲ့ကွာဟမှုတွေ ရှိနေတာကို Facebook အသုံးပြုသူအတော်များများလဲ သိရှိကြပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် စစ်တမ်းကောက်ကြည့်မယ်ဆိုရင်တောင် “လူထုမောင်ကာဠု” စာမျက်နှာကို မကြိုက်တဲ့သူက ပိုများမယ် ထင်ပါတယ်။

ဆရာနေထွန်းနိုင်ရဲ့ ဆောင်းပါးမှာတော့ “လူထုမောင်ကာဠု” စာမျက်နှာဟာ မြန်မာပြည်သူလူထုကို အဆိပ်အတောက် ဖြစ်စေတဲ့အတွက် သတိထားဖို့ လိုအပ်ကြောင်း ရေးသားဖော်ပြခြင်းမျိုးထက် “လူထုမောင်ကာဠု” နဲ့ “ဒေါက်တာဆိတ်ဖွား” အတူတူပဲ ဖြစ်ကြောင်း နှပ်ကြောင်းပေး ရေးသားဖော်ပြခြင်းမျိုးကိုသာ တွေ့ရပါတယ်။
“လူထုမောင်ကာဠု” ရဲ့ ရေးဟန်နဲ့ “ဒေါက်တာဆိတ်ဖွား” ရေးဟန်တွေဟာ တဖြည်းဖြည်းတူလာတာကိုတွေ့ရတယ်ဆိုပြီး ဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီအရေးအသားဟာ လွတ်လပ်စွာ ဝေဖန်ရမယ်ဆိုရင်တော့ ပုဂ္ဂလအမုန်းတရားတွေ ပါဝင်နေပြီး အခြေအမြစ်မရှိ စွပ်စွဲ တိုက်ခိုက်ထားတာသက်သက်သာ ဖြစ်တယ်လို့ ဝေဖန်ရမှာ ဖြစ်ပါတယ်။ Facebook ပေါ်မှာ လွတ်လပ်စွာ ရေးသားဖော်ပြခြင်းနဲ့ စာမျက်နှာပေါ်မှာ ပုံနှိပ်ဖော်ပြခြင်းဟာ လုံးဝ ကွဲပြားခြားနားပါတယ်။ စာမျက်နှာပေါ်မှာ ဖော်ပြမယ့် (အထူးသဖြင့် အလဲဗင်းဂျာနယ်လို စာဖတ်ပရိသတ်များတဲ့) ဂျာနယ်ကြီးတစ်ခုအနေနဲ့ အထူး ထိန်းသိမ်းဖော်ပြသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

နောက်တစ်ချက်က -

<< နိုင်ငံတကာ တရားရုံးတွေ အနေနဲ့ Facebook အသုံးပြုသူရဲ့ IP၊ မေးလ်လိပ်စာတွေကို တောင်းဖို့ ၀န်လေးနေမှာ မဟုတ်ဘူးဆိုတာ လူထုမောင်ကာဠုသိဖို့ လိုပါတယ်... >>

ဆိုတဲ့အရေးအသားမျိုးဟာ “လူထုမောင်ကာဠု” ကို အသိပေးသယောင်ယောင်နဲ့ Facebook ပေါ်မှာ လွတ်လပ်စွာ အမြင်ကွဲပြားမှုကို ရေးသားဖော်ပြနေကြတဲ့ ပညာရှင်တွေ၊ စာရေးဆရာတွေကို ခြိမ်းခြောက်ထားတဲ့ အရေးအသားသက်သက်သာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။

အခုလို ထည့်သွင်းရေးသားလိုက်ခြင်းအားဖြင့် ဒေါက်တာဆိတ်ဖွားနည်းတူ တခြားစာရေးသူတွေလဲ အရေးယူခံရနိုင်တယ်လို့ ခြိမ်းခြောက်လိုက်သလို ၊ အကြောင်းတစုံတရာကြောင့် အလဲဗင်းမီဒီယာကနေပြီးတော့ FB အသုံးပြုသူများအထဲမှ တစ်ဦးတစ်ယောက်ကို တရားရုံးမှာ ဦးတိုက်လျှောက်ထားမယ်ဆိုရင်လဲ FB ကနေပြီး user များရဲ့ IP ကို ထုတ်ပြန်ပေးနိုင်ချေ ရှိတယ်ဆိုတဲ့သဘောမျိုး သက်ရောက်နေတာကို တွေ့ရပါတယ်။

ဒီအချက်ဟာလဲ အင်အားကြီး မီဒီယာတစ်ခုအနေနဲ့ မိမိအပေါ်မှာ ဝေဖန်သုံးသပ်သူတွေကို တစ်ဖက်လှည့်နဲ့ ဖိအားပေးလိုက်တယ်လို့ ယူဆရပါတယ်။

စာပိုဒ်နံပါတ် (၆) မှာတော့ အခုလို ဖော်ပြထားတာကို တွေ့ရပါတယ်။

<< ရခိုင်ပဋိပက္ခ မကျယ်ပြန့်ခင် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြခဲ့တဲ့ ''မွတ်စလင်ကုလား'' ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းမှုတွေ မရှိသေးပါဘူး။ အစိုးရသတင်းစဉ် အနေနဲ့ ''မွတ်စလင်ကုလား'' ဆိုတဲ့ အသုံးအနှုန်းကို အထက်လူကြီးရဲ့ အမိန့်မရဘဲ ထည့်ခွင့် မရှိဘူးဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိနေပါတယ်။ ဒီနောက်ကွယ်မှာ ဘယ်သူက အမိန့်ပေး စေခိုင်းသလဲ ဆိုတာကို ထုတ်ဖော်ပြောဆိုတာလည်း မရှိသေးပါဘူး။
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားဆိုတာ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အဆင့်မြင့် အရာရှိပဲ ဖြစ်တယ်လို့ သူနဲ့လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ဖူးသူ လွှတ်တော်အမတ်က စုံစမ်းရေး ကော်မရှင်မှာ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့တာ၊ သာမန်လူတွေ မရနိုင်တဲ့ သတင်းတွေကို လူထုမောင်ကာဠု စာမျက်မှာ အချိန်နဲ့ တစ်ပြေးညီတင်ပြီး လှုံ့ဆော်မှု ပြုနိုင်တာတွေက သံသယ ဖြစ်စရာတွေပါ။ သွေးထိုးလှုံ့ဆော်မှုတွေကို လုပ်ဆောင်နေသူတွေ သုံးတဲ့ ကလောင်နာမည်တွေကလည်း စစ်အစိုးရလက်ထက် နိုင်ငံပိုင် သတင်းစာတွေမှာ သုံးစွဲခဲ့တဲ့ ကလောင်အမည် ပေးပုံတွေနဲ့ ဆင်တူနေပါတယ်။>>

ဆရာနေထွန်းနိုင် ရေးသားဖော်ပြခဲ့တဲ့ အရေးအသားတွေဟာ စာရေးဆရာတစ်ယောက်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ကို လွတ်လပ်စွာ သုံးသပ်ဖော်ပြခြင်းလား၊ အဖွဲ့အစည်းတစ်ခုခု ၊ မီဒီယာတစ်ခုခုရဲ့ နောက်ကွယ်က ကြိုးကိုင်စေခိုင်းခြင်း၊ သို့မဟုတ် ညွှန်ကြားချက်အရ ရေးသားရခြင်းလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ပြောရရင် ဆရာနေထွန်းနိုင်ကိုယ်တိုင်ဟာ တစ်ချိန်တုန်းက စစ်အစိုးရ သတင်းစာတွေမှာ ၀ါဒဖြန့်ချိရေး ဆောင်းပါးရေးသားသူတွေရဲ့ အာဘော်နဲ့တောင် ဆင်သလိုလို ဖြစ်နေပါတယ်။ နောက်ကွယ်က မီဒီယာကြီးတစ်ခုခုရဲ့ အရိပ်အောက်ကနေ လိုသလို ဆွဲယူရေးသားနေခြင်းမျိုးလား လို့တောင်မှ ထင်မြင်ရပါတယ်။

စာပိုဒ်နံပါတ် (၇) မှာတော့ အခုလိုရေးထားပြန်ပါတယ်။

အခုချိန်မှာတော့ ဆိတ်ဖွားကို ဖော်ထုတ်နိုင်ပြီလို့ စုံစမ်းရေး ကော်မရှင်က ပြောထားပါတယ်။ ဆိတ်ဖွားဆိုသူနဲ့ သူ့နောက်မှာ ရှိနေသူတွေကို လွှတ်တော်က အရေးယူမလား။ အစိုးရက အရေးယူမလား ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ဆိတ်ဖွားနဲ့ စပ်ဆက်ပြီး ပေါ်ပေါက်လာတဲ့ လူထုမောင်ကာဠုနဲ့ သူ့နောက်မှာ ရှိနေသူတွေကိုလည်း ဖော်ထုတ်အရေးယူဖို့ လိုအပ်လာပါပြီ။

ဒီလို ဖော်ထုတ်အရေးယူမှလည်း ပြည်သူတွေအတွက် အမှန်တရားနဲ့ မတရားမှုတွေကို ခံစားခဲ့ရတဲ့ မြန်မာ မွတ်စလင်တွေအတွက် မျှတမှုပေးရာ ရောက်ပါတယ်။
အကယ်၍ လွှတ်တော်က အရေးမယူခဲ့ဘူး။ အစိုးရက အရေးမယူခဲ့ဘူးဆိုရင် တရားမျှတမှုကို လိုလားသူတွေက နိုင်ငံတကာကို ထုတ်ဖော်ပြောဆိုသွားမှာ ဖြစ်သလို International Criminal Court (ICC)၊ အခြားသော UN အဖွဲ့အစည်းတွေကို တိုင်ကြားပါလိမ့်မယ်။ နိုင်ငံတကာ တရားရုံးတွေ အနေနဲ့ Facebook အသုံးပြုသူရဲ့ IP၊ မေးလ်လိပ်စာတွေကို တောင်းဖို့ ၀န်လေးနေမှာ မဟုတ်ဘူးဆိုတာ လူထုမောင်ကာဠုသိဖို့ လိုပါတယ်။

ဒီစာပိုဒ်ရဲ့ အာဘော်ကို ကြည့်မယ်ဆိုရင် ဆရာနေထွန်းနိုင်ဟာ ပြည်သူလူထုအတွက် ၊ စာဖတ်ပရိသတ်အတွက် အကြောင်းအရာတစ်ရပ် ၊ အတွေးအမြင်တစ်ရပ်ကို ချပြချင်တာထက် .. ဒေါက်တာဆိတ်ဖွားနဲ့ လူထုမောင်ကာဠု ဆက်စပ်မှုရှိတယ်လို့ စွဲချက်တင်လိုက်သလို အရေးယူပေးဖို့ အစိုးရကို ဖိအားပေးလိုက်တယ်လို့ သုံးသပ်ရပါတယ်။

ဒေါက်တာဆိတ်ဖွားကို လွှတ်တော်က ကော်မရှင်ဖွဲ့ စုံစမ်းတဲ့ကိစ္စမှာလည်း ကျွန်တော်ကိုယ်တိုင်အပါအ၀င် ပြည်သူလူထု ရာခိုင်နှုန်းအတော်များများက အခြေအမြစ်မရှိတဲ့ကိစ္စ၊ နိုင်ငံ့ဥသျှောင်လွှတ်တော်အနေနဲ့ အရေးကြီးတဲ့ကိစ္စတွေ ဆောင်ရွက်နေရမယ့် အချိန်မှာ Blogger တစ်ဦးရဲ့ လွတ်လပ်စွာ ဝေဖန်သုံးသပ်ခြင်းကို ဖိအားသုံး အနိုင်ကျင့်ခြင်း၊ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့ လုပ်ရပ်တစ်ခုလို့ ရှုမြင်ထားကြပေမယ့် အလဲဗင်းမီဒီယာရဲ့ Blogger တစ်ဦးတစ်ယောက်အပေါ်မှာ ပုဂ္ဂလရန်ငြှိုးကြောင့် မီဒီယာဖိအားကိုသုံးပြီး အစိုးရနဲ့ လွှတ်တော်ကို လွဲမှားတဲ့ လမ်းကြောင်းပေါ်ကို တွန်းပို့နေတယ်လို့ သုံးသပ်မိပါတယ်။ တစ်ကယ်လို့များ အလဲဗင်းမီဒီယာကနေ လွှတ်တော်အပေါ်မှာ ဝေဖန်ထောက်ပြချက်တွေ ရှိလာခဲ့လို့ လွှတ်တော်က အရေးယူမယ်ဆိုရင် အခုလိုမျိုး ကြေကြေနပ်နပ်ထောက်ခံမှာလား ဆိုတာကိုတော့ သိချင်မိပါတယ်။

နိဂုံးချုပ်ပြောရမယ်ဆိုရင်တော့ အလဲဗင်းမီဒီယာမှာ ဖော်ပြခဲ့တဲ့ ဆရာနေထွန်းနိုင်ရဲ့ဆောင်းပါးဟာ အရိပ်တွေ လွှမ်းမိုးနေတယ်လို့ ကျွန်တော့်အနေနဲ့ စတုတ္ထမဏ္ဍိုင်သားချင်းပီပီ ၊ ဒီမိုကရေစီ နည်းလမ်းကျကျ အပြုသဘောနဲ့ ဝေဖန်သုံးသပ်မိခြင်း ဖြစ်ပါကြောင်းနဲ့ အလဲဗင်းမီဒီယာနဲ့ ဆရာနေထွန်းနိုင်တို့ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးမှာ ယခုထက်ပိုပြီး အားတက်သရော ပါဝင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ရပါတယ်။
 


 .. www.MyanmarExpress.net
 

2 comments:

အ ကျိုး အ ကြောင်း ဆီ လျော် သည်။ ကြိုက် ၏။

Sait oo hnauk sarr chin Hla p byot.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်