Subscribe to our RSS Feed

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် KIO ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

From : ..သမ္မတရုံး




ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်သော KIO ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီတွင်  ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းအနီးရှိ မဂျွယ်ခန်းမ၌ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေး သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နှစ်ဖက်အဖွဲ့အစည်းများ၏ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုများကြောင့် ငြိမ်းချမ်းရေးကိုအောင်မြင်စွာ ဖော်ဆောင်နိုင်မည့် အခြေအနေကောင်းများ ပေါ်ထွန်းလာခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ဆွေးနွေးပွဲတွင် ရရှိပြီးဖြစ်သည့် အခြေအနေကောင်းများကို အမိအရ အသုံးချကာ နိုင်ငံနှင့်နိုင်ငံသားများ အကျိုးရှေးရှုပြီး အပစ်အခတ်ရပ်စဲသည့် ယာယီငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေးအထိ ဖော်ဆောင်နိုင်မည့် ကောင်းမွန်သော သဘောတူညီချက် များကို ချမှတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဦးအုန်းမြင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်လေးစားပြီး ယုံယုံကြည်ကြည်ဖြင့် နားလည်မှုတည်ဆောက် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်အတွက် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်း အဖြေရှာကြရန်၊ နှစ်ဖက်တင်းမာမှုများကို လျှော့ချကာ အချင်းချင်းဆွေးနွေး ညှိနှိုင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်ကာ ပြည်သူများ၏ အကျိုးဖော်ဆောင်ကြရန်၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးနှင့်ဆန္ဒများကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန်တို့နှင့်စပ်လျဉ်း၍ အသီးသီး ဆွေးနွေး ပြောကြားကြသည်။

ဆွေးနွေးပွဲတွင် စက်မက်ဖြစ်ပွားရာဒေသ စောင့်ကြည့်ရေးရုံးများ ဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အပစ်အခတ်ရပ်စဲရေး၊ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နေရပ်များကို စွန့်ခွာတိမ်းရှောင် နေသူများ မိမိရပ်ရွာသို့ ပြန်လည်ပို့ဆောင်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

အပစ်အခတ်ရပ်စဲသည့် ယာယီငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေး ရသည်အထိ ဆက်လက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းသွားမည်ဖြစ်ပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ Peace Talk Creation Group နှင့် Myanmar Peace Center တို့မှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်