Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် ဇနီးတို့အား ဂုဏ်ပြု နေ့လယ်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံ

From : ..သမ္မတရုံး







နေပြည်တော် မေ ၂၆
       
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်  မစ္စတာ ရှင်ဇိုအာဘေးနှင့် ဇနီး မစ္စစ် အာကီအာဘေးတို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၁) နာရီတွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(MICC) ၌ ဂုဏ်ပြုနေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

နိုင်ငံတော် သမ္မတ နှင့် ဇနီးတို့သည် ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်လာသည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဇနီးတို့အား မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနရှေ့တွင် ခင်မင်ရင်းနှီးစွာ ကြိုဆို နှုတ်ဆက်ပြီး မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတ နှင့် ဇနီးတို့အား ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြု နေ့လယ်စာ စားပွဲသို့ တက်ရောက်လာကြသည့် ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် မိတ်ဆက်ပေးသည်။

 ဂုဏ်ပြုနေ့လယ်စာ မသုံးဆောင်မီ နိုင်ငံတော် တီးဝိုင်းက နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများကို ဂုဏ်ပြု တီးမှုတ်သည်။

ထို့နောက် နိုင်ငံတော် သမ္မတနှင့် ဂျပန် ဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲ ရေးအတွက် ဆုတောင်း ပတ္တနာ ပြုကြသည်။

ယင်းနောက် မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကစားကြမည့် မြန်မာ အားကစားသမားများ ဝတ်ဆင်ရန် အတွက် ဂျပန် ဒီဇိုင်း ပညာရှင် ကိုရှီနို ဂျွန်ကို ရေးဆွဲသည့် အားကစား ဝတ်စုံများကို ဂျပန်နိုင်ငံ ဝန်ကြီးချုပ်က နိုင်ငံတော် သမ္မတ ထံ ပေးအပ်သည်။

ထို့ပြင် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက နေ့လယ်စာ သုံးဆောင်နေစဉ် အတွင်း တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတ နှင့် ဇနီး၊ ဧည့်သည်တော် ဂျပန် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဖျော်ဖြေ တင်ဆက်ကြသည့် အနုပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော် သမ္မတက ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အား ခရီးစဉ် မှတ်တမ်းဓာတ်ပုံ အယ်လ်ဘမ်ကို ပေးအပ်ပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ နိုင်ငံတော် သမ္မတ နှင့် ဇနီးတို့နှင့်အတူ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး၊ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး များ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်တို့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။

ယင်းနောက် ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြပြီး အထူးလေယာဉ်ဖြင့် ဂျပန်နိုင်ငံသို့ ပြန်လည် ထွက်ခွာသွား ကြသည်။

.. www.MyanmarExpress.net
 

1 comments:

သမ္မတကြီးအတွက်တော့မင်္ဂလာနှစ်လို့တောင်ပြောရမှာပဲ ဟုတ်တယ်
လေအမေရိကန်နဲ့အဆင်ပြေပြီး ပြန်လာအခုဂျပန်နဲ့ထပ်အဆင်ပြေ
တော်လိုက်တဲ့သမ္မတကြီး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်