Subscribe to our RSS Feed

ယနေ့ ကမ္ဘာ့အစီအစဉ်ရဲ့ မဟာဗျူဟာသရုပ်ပြပုံစံငယ်တစ်ခု ဖြစ်လာတဲ့ မြန်မာနိုင်ငံ

From : ..Hmuu Zaw


ဂွတ်မောနင်း အမေရိက
--------------------------
နိုင်ငံတော်သမ္မတကြီး ကားပေါ်ကဆင်းပြီး အိမ်ဖြူတော်ကို ခြေချလိုက်တဲ့ အချိန်အခိုက်အတန့် လေးဟာ နှစ်ပေါင်း(၅၀)နီးပါးအတွင်း မြန်မာနိုင်ငံခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံး အိမ်ဖြူတော်ခရီးစဉ်အဖြစ် သမိုင်းမှတ်တမ်း ဝင်စေခဲ့ပါတယ်။ နှစ်ဦးနှစ်ဘက် ကတိကဝတ်တွေကြားထဲမှာ ရှေ့ကို ဆက်လျှောက်မယ့် နိုင်ငံတော်သမ္မတကြီးရဲ့ အာမခံချက်ဟာ အိမ်ဖြူတော်ကို လှမ်းဖို့ အချိန်စောသေးတယ် ဆိုတဲ့ ဝေဖန်ချက်တွေကို ချေဖျက်လိုက်သလိုပါပဲ။

နိုင်ငံတော်သမ္မတကြီးအနေနဲ့ အမေရိကန်လွှတ်တော်(၂)ရပ်စလုံးက ထိပ်တန်း လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်ဆန်ရှင်ကို သေချာလေ့လာ ကြည့်ရင် Federal Law ငါးခုနှင့် သမ္မတရဲ့ Executive Order လေးခုနဲ့ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ သမ္မတအမိန့်တွေကတော့ ဒီဘက်က တိုးတက်မှုတွေပေါ် မူတည်ပြီး အိုဘားမား အစိုးရက ဖြေလျှော့ပေးသွားလို့ ရပါတယ်။ ဒါပေမယ့် ဆန်ရှင်က ဥပဒေတွေနဲ့ ချုပ်ထားတဲ့အတွက် တစ်ချို့ဆက်စပ်တဲ့အပိုင်းတွေမှာ အုပ်ချုပ်ရေးဘက်က သီးသန့်လုပ်လို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။


နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ ဆီးနိတ် လူနည်းစုခေါင်းဆောင် ဆီနိတ်တာမက်ကောနဲလ်က မြန်မာနိုင်ငံမှာ ဒီလိုမျိုး ဖြစ်လာမယ် လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး၊ အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အချိန်ကာလကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ကွန်ဂရက်အနေနဲ့ အခြေအနေနဲ့အညီ တုံ့ပြန်ဆောင်ရွက်ဖို့ လိုတယ် လို့ ပြောသွားတာပါ။ သူကတော့ ကွန်ဂရက်မှာ မြန်မာနိုင်ငံ ပိတ်ဆို့ထားတဲ့ ဥပဒေတွေ သက်တမ်းတိုးဖို့ ဆောင်ရွက်ကြတဲ့အခါ ဖယ်ရှားပေးဖို့ တိုက်တွန်းသွားမယ် ဆိုပြီး ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ပွင့်လင်းမြင်သာမှု၊ ဥပဒေစိုးမိုးမှု စတဲ့ တန်ဖိုးတွေ ဖြစ်ထွန်းလာအောင် ဒီပိတ်ဆို့အရေးယူမှုတွေကို လက်နက်ကိရိယာအဖြစ် အသုံးပြုပြီး ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ နိုင်ငံတော်သမ္မတကြီးလက်ထက်မှာ ဒီတန်ဖိုးတွေ စတင်ဖြစ်ထွန်းပေါ်ပေါက်လာပြီး ရေရှည်ခိုင်မာတည်တံ့အောင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီတော့ ဒီလိုမျိုးပြောင်းလဲလာဖို့ ရည်ရွယ်ချက်နဲ့ ထားရှိခဲ့တဲ့ ကန့်သတ်ပိတ်ပင်မှုတွေ၊ ဒီလိုမျိုးပြောင်းလဲလာချိန်မှာ သဟဇာတ ဖြစ်-မဖြစ် သူတို့ဘက်က အမှန်အတိုင်း ကြည့်မြင်နိုင်ဖို့ လိုပါတယ်။

ရှေ့ကို ဆက်လျှောက်မယ် လို့ အတိအလင်းပြောကြားထားတဲ့ သမ္မတကြီးရဲ့ စကားအတိုင်း ရှေ့ကိုဆက်လျှောက်တဲ့အခါမှာ အမေရိကန်ပြည်ထောင်စုဘက်က ဒီအတိုင်း၊ လက်ရှိအတိုင်း ရပ်တန့်မနေဘဲ ရှေ့ကို တက်လှမ်းလာဖို့ အရေးကြီးပါတယ်။ အိုဘားမားအစိုးရဘက်က ခြေတစ်လှမ်း ရှေ့တက်ခဲ့ပြီး ဖြစ်တဲ့အတွက် ကွန်ဂရက်ဘက်ကလည်း ခြေတစ်လှမ်း ရှေ့ကို တက်ဖို့ လိုပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ ဝါရှင်တန်ခရီးမှာ ကွန်ဂရက်ဘက်က ရှေ့ကို တစ်လှမ်းတက်တော့မယ့် သင်္ကေတကို ထုတ်ဖော်ပြသလိုက်ပြီ လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှု မူဘောင်သဘောတူညီချက်၊ USAID ရဲ့ တင်ကူးကြေညာချက်၊ အိမ်ဖြူတော်က တွေ့ဆုံပွဲ၊ ဂျွန်ဟော့ကင်းက လက်ခုပ်သံတွေ ပွေ့ပိုက်ပြီး ပြည်တော်ပြန်ခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးဟာ နှစ်ပေါင်း(၃၆)နှစ် အတွင်း ဂျပန်ဝန်ကြီးချုပ်ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုခဲ့ရပြန်ပါတယ်။

အာရိငတ်တိုးဂိုဇိုင်းမတ် နေဝန်းနီ
------------------------------------
ကမ္ဘာ့အခြေအနေမှာ အာရှ-ပစိဖိတ်ဟာ ရှေ့ဆုံးကို ရောက်လာပါပြီ။ ဒီနေရာမှာ ဒေသတွင်း သြဇာလွှမ်းမိုးမှုအနေအထားကို ပြန်ကြည့်ရင် ဂျပန်ရဲ့ ခြေလှမ်းက နောက်ကို နည်းနည်းရောက်နေတာ တွေ့နိုင်ပါတယ်။ ပြည်တွင်းနိုင်ငံရေးနဲ့ စီးပွားရေးကိုပဲ အာရုံစိုက်နေခဲ့ရတာ များတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ ခြေလှမ်းတွေမှာ ဂျပန်ဟာ နောက်ကျနေခဲ့ရတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အာရှ-ပစိဖိတ်ရာစုသစ်မှာ အာရှ-ပစိဖိတ်နိုင်ငံဖြစ်တဲ့ ဂျပန်လို နိုင်ငံအနေနဲ့ ကိုယ်ပိုင် မဟာဗျူဟာ မျှော်မှန်းချက်တွေ ပိုမိုပြီး မြင့်မားလာတာကို ပြီးခဲ့တဲ့ ဝန်ကြီးချုပ်(၂)ဆက်လောက်မှာ တွေ့နိုင်ပါတယ်။

အာဆီယံ လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းတွေ၊ ဖြတ်သန်းခဲ့တဲ့ မှတ်တိုင်တွေကို ပြန်ကြည့်ရင် အထင်အရှား တွေ့နိုင်ပါလိမ့်မယ်။ အာရှ-ပစိဖိတ်ရာစုသစ်မှာ အာဆီယံရဲ့ အခန်းကဏ္ဍက အဓိက ကျနေပါပြီ။ ဒီအထဲမှာမှ အသစ်တိုးထွက်ပေါ်ထွန်းလာတဲ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲသစ်တွေဟာ ကမ္ဘာ့မဟာဗျူဟာစားပွဲဝိုင်းမှာ အရေးပါနေတာ ဖြစ်ပါတယ်။ နောက် ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းနဲ့ဆက်စပ်ပြီး နက်နက်ရှိုင်းရှိုင်း ချစ်ကြည်ရင်းနှီးမှု ရှိခဲ့တာ ဖြစ်ပါတယ်။

နှိုင်းယှဉ်ကြည့်ရင် ဂျပန်ခြေချခဲ့တဲ့ တောင်ကိုရီးယား၊ တရုတ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ ပြည်သူတွေက ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတွေအပေါ် ထားရှိတဲ့ သဘောထားနဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေက ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတွေအပေါ် ထားရှိတဲ့ သဘောထားဟာ အံ့သြစရာကောင်းလောက်အောင် ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ဘယ်လောက်အထိလဲ ဆိုရင် ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံမှာ စားနပ်ရိက္ခာ အခက်အခဲဖြစ်တော့ မြန်မာနိုင်ငံက ဆန်တွေ ပေးပို့ခဲ့ဘူးပါတယ်။ အခုနောက်ပိုင်းမှာ ဂျပန်လူငယ်တွေဟာ မြန်မာနိုင်ငံနဲ့ ဆက်စပ်မှုကို သိပ်ပြီး မသိကြတော့တဲ့အတွက် လူကြီးပိုင်းကနေ ပြန်ပြီး သမိုင်းကြောင်း အချက်အလက်တွေ ပြန်ပြီး ဝေမျှနေတာကို တွေ့ရှိရပါတယ်။ ဒါက ထူးခြားတဲ့ နှစ်နိုင်ငံ အဆက်အစပ်ပါ။

ပြီးခဲ့တဲ့နှစ်(၂၀)ကျော်မှာ နှစ်နိုင်ငံဆက်ဆံရေး အနည်းငယ်အေးခဲခဲ့ပေမယ့်လည်း အခု နိုင်ငံတော်သမ္မတကြီးလက်ထက်မှာ ပုံမှန်အနေအထား၊ အရင်တုန်းကလို နွေးထွေးချစ်ကြည်တဲ့ အခြေအနေကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အခုမှ အသစ် ဖြစ်ပေါ်လာတာ မဟုတ်ဘဲ ပြန်လည်ပေါင်းထုပ်ခြင်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာ ကျေနပ်အားရစရာ အကောင်းဆုံးကတော့ "မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး အတွက် ဂျပန်တစ်နိုင်ငံလုံးက ပံ့ပိုးကူညီပေးမယ်" ဆိုတဲ့ စကားပါပဲ။ ဂျပန်ဝန်ကြီးချုပ်ရဲ့ စိတ်ပိုင်း ဖြတ်ထားမှုကို အထင်အရှား သိသာပေါ်လွင်စေတဲ့ စကားပါပဲ။

ငြိမ်းချမ်းစွာ မြင့်တက်လာနေတဲ့ ပါဝါ-အိမ်နီးချင်းတရုတ်နိုင်ငံ
------------------------------------------------------------------
ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ Bilateral ကိုပဲ Focus မလုပ်ဘဲ ခြုံငုံသုံးသပ်မှ နီးစပ်မယ်လို့ ယူဆပါတယ်။

နံပါတ်(၁)ကတော့ Pivot to Asia မဟာဗျူဟာ စတင်ချမှတ်ခဲ့တဲ့ သမ္မတ အိုဘားမား ဒုတိယသက်တမ်း အရွေးခံရပြီးတဲ့နောက် Rebalance to Aisa မဟာဗျူဟာကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ မဏ္ဍိုင်ကြီး(၅)ရပ်ကို အခြေပြုပြီး ဖော်ဆောင်မှာပါ။

နံပါတ်(၂)ကတော့ တရုတ်နိုင်ငံမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ Peaceful Rising လို့ သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံ အနေနဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲနောက်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ထုံးစံ အရ အကဲဆတ်တဲ့ မူဝါဒပိုင်းတွေမှာ သတိကြီးကြီး ပြောင်းမှာ ဖြစ်ပေမယ့် ခြိမ်းခြောက်မှုနည်းပါးတဲ့ နယ်ပယ်တွေမှာ လျင်လျင်မြန်မြန်ပဲ ပြောင်းမယ့် သဘော တွေ့ရပါတယ်။

နံပါတ်(၃)ကတော့ World Order အရွေ့နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံပါဝင်နေတဲ့ အာဆီယံရဲ့ အနာဂတ်အလားအလာ ဖြစ်ပါတယ်။ အာဆီယံဟာ ကမ္ဘာကြီးနဲ့ ပေါင်းစည်း ဖို့ အလေးပေး ကြိုးပမ်းနေသလို မြန်မာနိုင်ငံဟာလည်း နိုင်ငံတကာနဲ့ ပြန်လည်ပေါင်းစည်းရေးကို ဦးတည်ကြိုးပမ်းနေတဲ့အချိန် ဖြစ်ပါတယ်။

ဒီတော့ နိုင်ငံတော်သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးဟာ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ အရွေ့နဲ့ လိုက်လျောညီထွေ ဖြစ်နေပါတယ်။

တရုတ်ခေါင်းဆောင်သစ်တွေအနေနဲ့ ပထမဆုံး သိသိသာသာ ပြောင်းလဲလိုက်တာကတော့ မီဒီယာနဲ့ Think Tank အပါအဝင် Civil Society တွေရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ ဦးတည်လာတာ ဖြစ်ပါတယ်။ နောက်နိုင်ငံအချင်းချင်းဆက်ဆံရေးမှာလည်း G-to-G သာမက ဘက်စုံအသွင်ဆက်ဆံတဲ့ Public Diplomacy ကို အလေးပေးလာပြီ ဖြစ်ပါတယ်။ အစိုးရချင်းသာမက ပြည်တွင်းက နိုင်ငံရေးပါတီတွေ၊ CSO တွေ၊ မီဒီယာတွေနဲ့ ဘက်စုံဆက်ဆံမှု မြှင့်တင်နေတာ လက်တွေ့ပါပဲ။ ဒါဟာ သူ့ပြည်တွင်းမှာ တရုတ်ပြည်သူတွေနဲ့ ဆက်ဆံရေးမှာရာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာပါ သိသိသာသာ ပြောင်းလဲလာတဲ့ အချက် ဖြစ်ပါတယ်။

နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်မဟာဗျူဟာမျှော်မှန်းချက်ကိုလည်း အလေးထားလာပြီ ဆိုတာကို ထုတ်ဖော်ပြသတဲ့ အချက်ပြမှုတွေ အများအပြား တွေ့မြင်ရပါတယ်။

နောက်အစဉ်အလာအားဖြင့်လည်း တရုတ်-မြန်မာဆက်ဆံရေးဟာ သမိုင်း တစ်လျှောက်လုံး နှစ်ဘက်စလုံးက အလေးထား ထိန်းသိမ်းတည်ဆောက်လာခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်တော့ အစောဆုံး အသိအမှတ်ပြု၊ UN မှာ တရားဝင်ဖြစ်ဖို့ အမာခံထောက်ခံ၊ နောက်နိုင်ငံတကာအသိုင်းအဝိုင်းမှာ တရုတ်နိုင်ငံကို အသိအမှတ်ပြုလက်ခံဖို့ ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့သလို ပြီးခဲ့တဲ့ နှစ်(၂၀)ကျော်ကာလအတွင်း မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစိုးရအတွက် တရုတ်ခေါင်းဆောင်တွေ ခိုင်ခိုင်မာမာ ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

အခု နိုင်ငံတော်သမ္မတကြီးလက်ထက်မှာ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်တွေ ပြောင်းလဲလာခဲ့ပေမယ့်လည်း ဘက်စုံမဟာဗျူဟာမိတ်ဖက်အဆင့်ကို တက်လှမ်းပြီး လက်ရှိအချိန်အထိ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေး ရှိနေပါတယ်။ နှစ်ဘက်စလုံးရဲ့ နိုင်ငံခြားရေး မူဝါဒအုတ်မြစ်တွေဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက် ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံစုံဆက်ဆံရေး ပိုမို ကြီးမားကျယ်ပြန့်လာပေမယ့်လည်း (၂)နိုင်ငံဆက်ဆံရေးကတော့ အစဉ်အလာအတိုင်း ဆက်လက်ခိုင်မြဲနေမှာ ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ မြန်မာ့သံခင်းတမန်ခင်းဟာ နိုင်ငံတကာအခြေအနေကို ထင်ဟတ်နေတာ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံရဲ့ အသွင်ပြောင်းလဲလိုက်တဲ့ ဒစ်ပလိုမေစီပုံစံအသစ်ကို ကျွန်တော်တို့ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

နောက် Rule of Law ကို အခြေပြုပြီး မြန်မာ့စီးပွားရေးအခင်းအကျင်း ပြောင်းလဲလာချိန်မှာ တရုတ်ကုမ္ပဏီတွေကို CSR အလေးထားဆောင်ရွက်ဖို့ တရုတ်အစိုးရကိုယ်တိုင် ကြပ်မတ်လာတာမျိုးတွေ ဖြစ်လာပါတယ်။ ခြုံငုံသုံးသပ်ရရင် နှစ်နိုင်ငံဆက်ဆံရေးဟာ အစဉ်အလာအတိုင်း ချစ်ကြည် ရင်းနှီးတဲ့ အိမ်နီးချင်းအဖြစ် ဆက်လက် တည်ရှိနေမယ်လို့ ယုံကြည်ပါတယ်။ ဒါဟာလည်း နှစ်နိုင်ငံစလုံးအတွက် ရေရှည်သဘောဆောင်မယ့် အလားအလာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ တံခါးဖွင့်လှစ်မှု၊ သံခင်းတမန်ခင်း ကွင်းပြင်ပြောင်းလဲလာမှုတွေကို လည်း တရုတ်နိုင်ငံအနေနဲ့ နားလည်ပါလိမ့်မယ်၊ လက်ခံပါလိမ့်မယ်၊ ပြောင်းလဲလာတဲ့ နိုင်ငံစုံဆက်ဆံရေးကွင်းပြင်မှာ Level Play Field ကစားပါလိမ့်မယ်။

ကမ္ဘာ့မဟာဗျူဟာ အနေအထားပြ ပုံစံငယ်
-----------------------------------------------
လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ နိုင်ငံတကာစာမျက်နှာကြီးတစ်ခုလုံးကို အပြည့်အစုံ ထင်ထင်ရှားရှား တွေ့မြင်နိုင်တဲ့ သရုပ်ပြပုံစံငယ် တစ်ခုနဲ့တောင် ဆင်တူနေပါတယ်။

ပါဝါနိုင်ငံကြီးတွေပါတယ်၊ အရှေ့-အနောက် နိုင်ငံကြီးတွေပါတယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေပါတယ်။ ပြီးတော့ မဟာဗျူဟာခြေလှမ်းတွေ၊ မဟာဗျူဟာ ယှဉ်ပြိုင်မှုတွေ၊ မဟာဗျူဟာ မျှော်မှန်းချက်တွေ အကုန်လုံးကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာနယ်ပယ်မှာ ယှဉ်ပြိုင်နေရသလိုမျိုး မြန်မာနိုင်ငံမှာလည်း ယှဉ်ပြိုင်ရမှာပါပဲ။

ရှင်းရှင်း ပြောရရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့မဟာဗျူဟာဇာတ်ခုံကြီးကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းသလို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာသံခင်းတမန်ခင်းမှာ ဘယ်လိုရပ်တည်မှုမျိုးနဲ့ သွားမလဲ ခန့်မှန်းနေကြတာလည်း ရှိပါတယ်။ ဒါပေမယ့် ၁၉၄၈ ကနေ လက်ရှိအချိန်အထိ ပြန်ကြည့်ရင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အရှေ့-အနောက် အားပြိုင်မှုတွေ၊ စစ်အေးတိုက်ပွဲတွေ၊ စစ်အေးလွန် ယှဉ်ပြိုင်မှုတွေကြားမှာ တည်တည်ငြိမ်ငြိမ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်စေခဲ့တာ တွေ့နိုင်ပါတယ်။

ပြောရရင် မြန်မာနိုင်ငံဟာ အစဉ်အလာအရ ဒီလိုအားပြိုင်မှုတွေကြားမှာ ဟိုဘက်-ဒီဘက် စည်းပြတ်အောင် နေနိုင်ခဲ့ပါတယ်။ လက်ရှိ နိုင်ငံတော်သမ္မတကြီးသွားနေတာက ဒီလမ်းကြောင်းပါပဲ။ အမေရိကန်၊ ဂျပန်တို့နဲ့ ဆက်ဆံရေးကောင်း၊ ပူးပေါင်းဆောင်ရွက်မှုကောင်းတွေ ရှိရမှာ ဖြစ်သလို တရုတ်နိုင်ငံနဲ့လည်း ဆက်ဆံရေးကောင်း၊ ပူးပေါင်းဆောင်ရွက်မှုကောင်းတွေ ရှိရမှာ ဖြစ်ပါတယ်။ နောက် အိန္ဒိယ၊ အာဆီယံ၊ အီးယူစတဲ့ နိုင်ငံတွေနဲ့လည်း ဆက်ဆံရေးကောင်း၊ ပူးပေါင်းဆောင်ရွက်မှုကောင်းတွေ ရှိရမှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ အမျိုးသားအကျိုးစီးပွားကို အခြေခံတဲ့ နိုင်ငံခြားရေး မူဝါဒ ဖြစ်ပါတယ်။

ဒီဗျူဟာ ဒီအကွက်ကို မြန်မာနိုင်ငံဟာ ဟိုးယခင်ကတည်းက အကျွမ်းတဝင် အသားကျကျ ကျေကျေညက်ညက် ဖောင်ဆောင်ခဲ့ပြီး ဖြစ်တဲ့အတွက် ခိုင်ခိုင်မာမာနဲ့ လျှောက်လှမ်းနိုင်မှာပါ။ ၂၀၁၅ အလွန်မှာ အစိုးရတွေ ဘယ်လိုပဲ ပြောင်းပြောင်း ဒီနိုင်ငံခြားရေးမူဝါဒဟာ ပြောင်းလဲလာတဲ့ ကမ္ဘာ့အစီအစဉ်တွေနဲ့ လိုက်လျောညီထွေ ချောချောမွေ့မွေ့ ရှိနိုင်မည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

.. www.MyanmarExpress.net
 

3 comments:

ဘ ဘ သန်း ရွှေ အုပ် ချုပ် တာ အ ကောင်း ဆုံး ပဲ

Wote dal.Wote Wote Wote.min a phwar ko tet lote tar kaung lolt lar.ta myo lone a lote khan nay ya mal.FARMERS

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်