Subscribe to our RSS Feed

ဗုဒ္ဓဘာသာ အထူးကိုင်းရိုင်းသည့် သမ္မတကြီးဦးသိန်းစိန် ကဆုန်လပြည့်နေ့တွင် ဘုရားထီးတင်ပွဲသွားရောက် ရေစက်ချ၊ တရားနာ၊ ဥပုဒ်သီလ စောင့်တည်ခဲ့

From : ..သမ္မတရုံး













နေပြည်တော် မေ ၂၄

နေပြည်တော် ဥဒယရံသီကုန်းတော်ပြင်တွင် တည်ထားကိုးကွယ်သည့် သတ္တသတ္ထာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ် ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် (၇) နာရီခွဲတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ သတ္တသတ္ထာဟ တရားစခန်းရှိ သာသနာ့ဗိမာန်တော်၌ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ထံမှ နိုင်ငံတော် သမ္မတအမှူးပြုသည့် ပရိသတ်များက ကိုးပါးသီလ ခံယူ ဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသော သမန္တာအစချီ မေတ္တသုတ်တော်၊ ရတနာသုံးပါး ဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ရတနာစိန်ဖူးတော်၊ ရွှေထီးတော်နှင့် သတ္တသတ္ထာဟ မဟာဗောဓိ စေတီမြတ်ကြီးအား သာဟတ္ထိကဒါနမြောက်အောင် ဆက်သွယ် စီစဉ်ထားသည့် ကတ္တီပါ ယပ်တော်များ၊ အထက်ဌာပနာ ရုပ်ပွားတော်များ၊ ရွှေထီးတော် ဘုံဆင့်များ၊ ရွှေကြာသင်္ကန်းတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီး ဒေါ်ခင်လေးသက်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့က ဌာပနာတော်များနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်း ကြသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန်ကသီလရှင် ဆရာကြီး ဒေါက်တာမောဠိနီထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒဓ္မဇောတိက ခြောက်ထပ်ကြီးဆရာတော် ဘဒ္ဒန္တခေမိန္တသာမိထံမှ  ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။

ထို့နောက် ဌာပနာတော်သွင်းလှူပူဇော်ခြင်း အခမ်းအနားကို မဟာဗောဓိစေတီတော်၌ ဆက်လက်ကျင်းပရာ ရတနာစိန်ဖူးတော်နှင့် ဌာပနာရုပ်ပွားတော်များကို နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များက ပင့်ဆောင်၍ စေတီတော်မြတ်အား လှည့်လည် ပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ အမှူးပြုသော ဧည့်ပရိသတ်များက ဌာပနာတော်များ၊ ရွှေထီးတော်၊ စိန်ဖူးတော်၊ သာသနာ့ အောင်လံတော်နှင့် ရွှေကြာသင်္ကန်းတော်တို့ကို မင်္ဂလာရထားပျံဖြင့် စေတီတော် အထွတ်သို့ ပင့်ဆောင် ပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က အခမ်းအနားအောင်မြင်မှု အထိမ်းအမှတ် အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ သွန်းဖြိုးပေးကြသည်။

အဆိုပါ အခမ်းအနားတွင် အလှူရှင်များ လှူဒါန်းထားသည့် ရတနာများနှင့် ဌာပနာများကို ဌာပနာပုံကျမ်း နှင့်အညီ ဌာပနာသွင်း လှူခဲ့ကြောင်းနှင့် ဝတ္ထုငွေများကို စေတီတော်ကြီး၏ ထာဝရငွေပဒေသာပင် အဖြစ် စီစဉ်သွားမည် ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ဗုဒ္ဓါဘိသေကအနေကဇာ ဆင်ယင်ခြင်း အစီအစဉ်ကို ကျင်းပရာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များက မဟာဗောဓိရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အမှူးပြုသော ဆရာတော်ကြီးများက သတ္တဌာနတို့၌ ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စေတီတော် ဂန္ဓာကုဋိတိုက်အတွင်း ခင်းကျင်း ပြသထား သော မြတ်ဗုဒ္ဓ၏ မဇ္ဈိမခရီးစဉ် ဓါတ်ပုံပြခန်းကို လှည့်လည် ကြည်ညိုကြပြီး သတ္တသတ္ထာဟ မဟာဗောဓိစေတီတော်ရှိ မဟာဗောဓိညောင်ပင်၊ အဇပါလညောင်ပင်နှင့် လင်းလွန်းပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ အမှူးပြုသည့် ဘုရားဒါယကာ ဒါယိကာမများက ဆရာတော်ကြီးများအား သတ္တသတ္ထာဟတရားစခန်းရှိ သာသနာ့ ဗိမာန်တော် ၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ညပိုင်းတွင် သတ္တသတ္ထာဟ တရားစခန်းရှိ သာသနာ့ဗိမာန်တော်၌ တရားပွဲ ကျင်းပခဲ့ပြီး သီတဂူဆရာတော် ဒေါက်တာအရှင် ဉာဏိဿရက ဟောကြားခဲ့ကြောင်း၊ မေ (၂၅) ရက် တွင် ယောဆရာတော်နှင့် မေ(၂၆) ရက်တွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်တို့က တရားတော်များ ချီးမြှင့် ဟောကြားမည် ဖြစ်ကြောင်း၊ မေ (၂၇) ရက်နှင့် (၂၈) ရက်တို့တွင် တရားစခန်းပရဝဏ်ရှိ စင်မြင့်၌ မြဝတီ အငြိမ့်ဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

.. www.MyanmarExpress.net
 

2 comments:

ဘာသာတရားကိုင်းရှိုင်းတဲ့သမ္မတကြီးကိုလေးစားမိပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်