From : 
..mwd
    
.. www.MyanmarExpress.net
 
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ဇနီး မစ္စစ်အာကီ
 အာဘေးသည် မနေ့က နံနက် ၁ဝ နာရီတွင် မင်္ဂလာဒုံ မြို့နယ်ရှိ ဇလွန်သီလရှင် 
စာသင်တိုက်သို့ ရောက်ရှိပြီး ဂျပန်နိုင်ငံမှ အလှူရှင် နှစ်ဦးတို့အား 
သီလရှင် စာသင်တိုက်မှ  ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲသို့ တက်ရောက် 
အားပေးသည်။
ရှေးဦးစွာ  ဇလွန်သီလရှင် စာသင်တိုက်မှ  
ကျောင်းအုပ်ဆရာကြီး ဒေါ်ဧသိင်္ဂီက ဇလွန်သီလရှင် စာသင်တိုက်၌ သုံးထပ်ဆောင် 
တစ်လုံး ဆောက်လုပ် လှူဒါန်းခဲ့သည့် ဂျပန်နိုင်ငံမှ အလှူရှင် နှစ်ဦး အား 
ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်သည်။
ထို့နောက် အလှူရှင်များက သုံးထပ်ဆောင် 
ဆောက်လုပ် လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ဂျပန် 
ဝန်ကြီးချုပ်၏ ဇနီးက ဝမ်းမြောက် ဂုဏ်ပြုစကား ပြောကြားကာ သီလရှင် စာသင်တိုက်
 ကျောင်းအုပ် ဆရာကြီးအား လက်ဆောင် ပေးအပ်သည်။
ယင်းနောက် ပန်နဆိုးနစ် ကုမ္ပဏီမှ 
လှူဒါန်းသော ဗလာစာအုပ်များကို ဝန်ကြီးချုပ်၏ ဇနီး မစ္စစ်အာကီ အာဘေးက  
ကျောင်းသား၊ ကျောင်းသူများအား ပေးအပ် လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် ဂျပန် ဝန်ကြီးချုပ်၏ 
ဇနီးနှင့်အဖွဲ့သည် ရွှေပြည်သာ မြို့နယ်ရှိ မြိုင်သီလရှင်သင် ပညာရေး 
ကျောင်းသို့ ရောက်ရှိကြသည်။
ထို့နောက် ၂ဝ၁ဝ ခုနှစ်က ၄င်းတို့ မိသားစု 
လှူဒါန်းခဲ့သည့် နှစ်ထပ်စာသင် ကျောင်းဆောင်ကို လှည့်လည် ကြည့်ရှုကြရာ 
မြိုင်သီလရှင်သင် ပညာရေးကျောင်း တာဝန်ခံ ဆရာကြီး ဒေါ်သုနန္ဒာက လိုက်လံ 
ရှင်းလင်း ပြသည်။
ယင်းနောက် ဂျပန် ဝန်ကြီးချုပ်၏ ဇနီးသည် ကျောင်းသား၊ ကျောင်းသူများ နှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
ယင်းသီလရှင် သင်ပညာရေးကျောင်းတွင် 
မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၆၅၈ ဦး တက်ရောက် ပညာသင်ကြားလျက် 
ရှိပြီး ကျောင်းသားများ အနက် မိဘမဲ့ကလေး ၆ဝ ပါဝင်ကြောင်း သိရသည်။
ထို့နောက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ 
ဇနီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၄၈)ရပ်ကွက်ရှိ 
အိပ်မက်လှ ရထားလေး (DreamTrain) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ 
ရောက်ရှိရာ ရှင်းလင်းဆောင်၌  ဂေဟာအား ဦးဆောင် ထူထောင်သူ ဆရာဝန်ကြီး၏ဇနီး 
ဒေါက်တာ ယူနာယိုရှီအိုကာနှင့် ဂေဟာနာယက အဖွဲ့ဝင်  ဦးမြတ်သူတို့က ဂေဟာနှင့်
 ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
အဆိုပါ ဂေဟာအား ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာ ၂၄ 
ရက်တွင်  ဂျပန်နိုင်ငံ အခြေစိုက် ဂျပန်နှလုံးသား အဖွဲ့မှ ခွဲစိတ် အထူးကု 
ဆရာဝန်ကြီး Dr. Hideto  Yashioka  နှင့်  အလှူရှင်များ၏ ဦးဆောင် 
ပံ့ပိုးမှုဖြင့်  စတင် ဖွင့်လှစ်ခဲ့ ကြောင်း၊  ဂေဟာတွင် သူငယ်တန်းမှ 
ဒသမတန်းအထိ တက်ရောက်နေသည့် ကျောင်းသား ၈ဝ၊ ကျောင်းသူ ၇၆ ဦး စုစုပေါင်း  
၁၅၆ ဦး ရှိကြောင်း သိရသည်။
ထို့နောက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ 
ဇနီးနှင့် အဖွဲ့သည် ဂေဟာ၌  ဖွင့်လှစ်ထားသည့် ဆံပင်ညှပ်၊ အနှိပ်ပညာ၊ 
ကွန်ပျူတာ၊ လျှပ်စစ်ပြင်၊ သီချင်းဆို၊ ရေဆေးပန်းချီ၊ အခြေခံပန်းချီ၊ 
စက်ချုပ်စသည့် သင်တန်း ခန်းများအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။
.. www.MyanmarExpress.net

     

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်