Subscribe to our RSS Feed

ပုဒ်မ ၄၀၁ ကို လုံးဝ သုံးတော့မည်မဟုတ်

From : ..mmtimes

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်များထဲမှ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့
အပါအ၀င် အဖွဲ့ငါးဖွဲ့ စုပေါင်းကာ လက်ကျန် နိုင်ငံရေးအကျဉ်းသားစာရင်း ၈၈ ယောက်ကို
သမ္မတရုံးဝန်ကြီးဌာနမှ ကော်မတီအတွင်းရေးမှူး ဦးအောင်သိန်းထံ ဇွန်လ ၁၆ ရက်နေ့က မြန်မာ
 ငြိမ်းချမ်းရေးစင်တာ လေးကြိမ်မြောက် အစည်းအဝေးတွင် ပေးပို့နိုင်ခဲ့ပြီဖြစ်ကြောင်း ကော်မတီဝင်
ဦးရဲအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဇွန်လ ၁၆ ရက်နေ့ အစည်းအဝေးမတိုင်ခင် ရှေ့အစည်းအဝေးတုန်းက အကျဉ်းထောင်ထဲမှာ ရှိတဲ့
အကျဉ်းသားစာရင်း ၂၀၀ကို သမ္မတရုံးဝန်ကြီး ဌာနမှ ဦးအောင်သိန်းက ကော်မတီဝင်တွေကို
ပို့ပေးထားတာရှိပါတယ်။ သမ္မတရုံးက အယောက် ၂၀၀ စာရင်းမပေးပို့ခင် ကျွန်တော်တို့အဖွဲ့က
 ၁၅၅ ဦး တင်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီမှာမှ ၈၈ ဦးက ၂၀၀ စာရင်းထဲမှာပါတယ်ဆိုတဲ့အကြောင်းနဲ့
ကျန်တဲ့ ၆၇ ဦးကတော့ မပါသေးဘူးဆိုတာကို ပြန်တင် ပြပေးလိုက်ပါတယ်"ဟု ၎င်းကပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်
 ကျောင်းသားဟောင်းများအဖွဲ့၊ ရှမ်း ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် နိုင်ငံရေး အကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စသည့်အဖွဲ့၅ဖွဲ့ ပူးပေါင်းကာ လက်ကျန် နိုင်ငံရေး
အကျဉ်းသားစာရင်း တင်ပြခဲ့ရာ သမ္မတရုံးမှ ပြန်ပေးပို့လာသော အယောက်၂၀၀ ထဲတွင်
 ၈၈ ယောက်မှာ တူညီသည်ကို တွေ့ရှိရပြီး ပြန်တင်ပြပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ထိုအစည်းအဝေးတွင် လက်ကျန်နိုင်ငံရေး အကျဉ်းသားအရေအတွက်ကို တိတိကျကျ အတည်
မပြုနိုင်သေးသော်လည်း မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမည်ဟု
 နိုင်ငံရေး အကျဉ်းသား စိစစ်ရွေးချယ်ရေး ကော်မတီ၏ ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက
 ပြောခဲ့ကြောင်း ကော်မတီဝင် ဦးညိုထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"နိုင်ငံရေးအကျဉ်းသားအားလုံးကို အေအဆင့်၊ ဘီအဆင့် စိစစ်ပြီးရင် လွှတ်ပေးမယ်လို့ ဦးစိုးသိန်း
က ကတိပေးခဲ့တယ်။ လွှတ်ပေးမယ်ဆိုတာကလည်း ကော်မတီအနေနဲ့ လုပ်ပိုင်ခွင့် အာဏာမရှိ
ဘူး။ သမ္မတဆီကိုပဲ တင်ပြပေးရုံပဲရှိတာ။ အဲဒီအခါ သမ္မတလွှတ်ပေးမယ်လို့ ပြောခဲ့ပါတယ်"ဟု
 ၎င်းက ပြောသည်။

ထို့ပြင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ကိုလည်း လုံးဝ မသုံးတော့ဘူးဟု ပြောခဲ့ကြောင်း
နှင့် သမ္မတကလည်း တိုင်းသိ ပြည်သိ ပြောခဲ့ပြီးဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ၄၀၁ ပုဒ်မနဲ့
ပတ်သက်ပြီး ပူပန်စိုးရိမ်စရာမရှိကြောင်း ပြောကြားခဲ့သည် ဟု ၎င်းကပြောသည်။

"ဒီဘက်ခေတ်မှာလည်း နိုင်ငံရေးနဲ့ဆက်စပ်တဲ့ အကျဉ်းသားဆိုတာ ရှိဦးမှာပေါ့။ ရှိခဲ့ရင်တောင်
 သူတို့တွေကိုလည်းပဲ ထောင်ထဲမှာ ဘယ်လိုထားရမလဲဆိုတာ ကော်မတီက ဆက်လက်ဆွေးနွေး
သွားမယ်လို့ ပြောတယ်"ဟု ၎င်းကပြောသည်။

နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီ အစည်းအဝေးကို တစ်လတစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်
ကြောင်းကိုလည်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောခဲ့သည်ဟု ဆိုသည်။
 

.. www.MyanmarExpress.net
 

2 comments:

ပုဒ်မ-၄၀၁ကိုမ်သုံးလျှင်နေပါ နိုင်ငံရေးသမား အမည်ခံ ၁၀၉/၁၁၀တွေ အရှုပ်ထုတ်တွေကို ဘယ်လိုလုပ်မလဲ အဲဒီအုပ်စုတွေကို အာရုံနောက်လို့။

သမ္မတကြီးရဲ့စေတနာကိုတော့လေးစားပါတယ်ဒါပေမယ့်ဒီသစ္စာဖောက်
ကျွန်လက်သစ်တွေဟာစေတနာနဲ့မတန်ဘူးနော်သူတို့သခင်ကြီးတွေနဲ့
အမြင်မတူရင်သံဃာတောင်ဂရုစိုက်တာမဟုတ်ဘူးဒီကောင်တွေကိုယ့်နိုင်ငံ
ကိုစစ်တလင်းလုပ်ဖို့အမြဲကြိုးစားနေတယ်ရအောင်စုံစမ်းပြီးရှင်းပစ်ပါ
ဒီကောင်တွေကိုညှာရင်နိုင်ငံပျက်စီးမှာပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်