Subscribe to our RSS Feed

ကျိုင်းတုံ ကျပ် ၁၅၀၀ ဖုန်း ယခင်ထက်ရှစ်ဆကျော်ရရှိ

From : ..the voice

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ဇွန်လ ၂၀ ရက်က ငွေကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်းကတ်များ တတိယအကြိမ် ထပ်မံရောင်းချပေးလျက် ရှိရာ ကျိုင်းတုံမြို့နယ်က လိုင်းကတ် ၃၀၀၀ ရရှိသဖြင့် ယခင်လများထက် လိုင်းကတ်ရှစ်ဆကျော် ရရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

"ဆက်သွယ်ရေး တာဝါတိုင်အသစ်တွေ တည်ဆောက် ပြီးတာရယ်ကြောင့် လိုင်းအင်အားကို တိုးပေးတာပါ" ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက The Voice သို့ ပြောကြားသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ် ၁၀ မြို့နယ်တွင် ကျိုင်းတုံမြို့နယ်မှ လိုင်းကတ် ၃၀၀၀ နှင့် တာချီလိတ်မြို့နယ်မှ လိုင်းကတ် ၂၇၂၆ ရရှိခဲ့ပြီး ကျန်မြို့နယ်များမှာ ကနဦးရောင်းချစဉ်က ခွဲတမ်းပိုမို ရရှိထားသဖြင့် လိုင်းအင်အား ထပ်မံမရှိတော့၍ ရောင်းချပေးခြင်း မရှိတော့ကြောင်း ၄င်းကရှင်းပြသည်။

ကျိုင်းတုံမြို့နယ် အတွင်းတွင် ဖုန်းလျှောက်သူ ခုနစ်ထောင်ခန့်ရှိပြီး နိုင်ငံရေး ပါတီနှင့် လူမှုရေး အသင်းအဖွဲ့များကိုလည်း ရောင်းချပေးကြောင်း ယင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဒေါ်ခင်မျိုးသန့်က ပြောကြားသည်။

"ဖုန်းရောင်းကတည်းက လျှောက်တာ အခုထိ မဲပေါက်တဲ့အထဲ မပါသေးဘူး" ဟု မိုင်းလပ် ကျေးရွာအုပ်စုမှ အာခါတိုင်းရင်းသား တစ်ဦးက The Voice သို့ ပြောကြားသည်။

ပြင်ပ မှောင်ခိုဈေးကွက်တွင် ကျပ် ၁၅၀၀ တန်ဖုန်းများမှာ ကျပ်တစ်သိန်း ပေါက်ဈေးရှိကာ ဝယ်ယူသူ အမည်ပေါက်မှာ တစ်သိန်းတစ်သောင်း ရှိကြောင်း ယင်းမှောင်ခိုဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။

ကျိုင်းတုံမြို့နယ်တွင် ၁၅၀၀ တန်ဖုန်း ကို ဧပြီလတွင် ၃၇၀ လုံး၊ မေလတွင် ၃၇၄ လုံးနှင့် ဇွန်လတွင် ၃၀၀၀ လုံး ရောင်းချထားပြီ ဖြစ်ကြောင်း ယင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
 

.. www.MyanmarExpress.net
 

1 comments:

ယခုလို1500တန်ဆမ်းကတ်ကိုပြင်ပဈေး100000ပေါက်တာဝမ်းသာစရမဟုတ်ပါဘူး၊1500တန်ဟာ1500ပဲဖြစ်သင့်ပါတယ်၊

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်