Saturday, June 22, 2013
ME
From :
..planet
အိုဘားမားက အမေရိကန်နှင့် ရုရှား အင်အားကြီး နိုင်ငံနှစ်ခုသည် ၎င်းတို့
ပိုင်ဆိုင်သော မဟာဗျူဟာမြောက် နျူကလီးယား လက်နက်များကို အရေအတွက်
(၃)ပုံ(၁)ပုံ လျှော့ချသင့်ကြောင်း ပြောဆိုခဲ့သော်လည်း ရုရှားဘက်မှမူ
ယင်းအမြင်ကို ကြိုဆိုမည် မဟုတ်ဟု တုံ့ပြန်ခဲ့
နျူကလီးယားလက်နက် လျှော့ချရေးအတွက်
အမေရိကန် သမ္မတ ဘာရတ် အိုဘားမား၏ အဆိုပြုမှုကို ရုရှားဘက်မှ
လိုက်လျောလက်ခံခြင်း မရှိကြောင်း သိရှိရသည်။ အိုဘားမားက အမေရိကန်နှင့်
ရုရှား အင်အားကြီး နိုင်ငံနှစ်ခုသည် ၎င်းတို့ ပိုင်ဆိုင်သော မဟာဗျူဟာမြောက်
နျူကလီးယား လက်နက်များကို အရေအတွက် (၃)ပုံ(၁)ပုံ လျှော့ချသင့်ကြောင်း
ပြောဆိုခဲ့သော်လည်း ရုရှားဘက်မှမူ ယင်းအမြင်ကို ကြိုဆိုမည် မဟုတ်ဟု
တုံ့ပြန်ခဲ့သည်။ "ဒီအချက်က အိုဘားမားဟာ ပြဿနာရဲ့ အနှစ်သာရကို နားမလည်တဲ့
သဘောပဲ။ ဒါမှမဟုတ်လည်း သူက ပေါ်တင်ကြီး လိမ်တာလည်း ဖြစ်နိုင်တယ်။
နောက်တစ်ချက်ကတော့ အလေးအနက် ပရော်ဖက်ရှင်နယ် မဆန်တဲ့ လုပ်ရပ်မျိုး
ဖြစ်ကောင်းဖြစ်မှာပါ"ဟု ရုရှား လက်ထောက် ဝန်ကြီးချုပ် ဒီမီထရီ ရိုဂိုဇင်က
ဝေဖန်သွားသည်။
ဘာလင်တွင် ကျင်းပသော စက်မှုဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ ၈ နိုင်ငံမှ
ခေါင်းဆောင်များ၏ G8 အစည်းအဝေးတွင် အိုဘားမားက အမေရိကန်နှင့် ရုရှားတို့
အနေဖြင့် ၎င်းတို့ပိုင် နျူကလီးယား လက်နက်များကို အရေအတွက် နောက်ထပ်
(၃)ပုံ(၁)ပုံစီ လျှော့ချရန် လုပ်ဆောင်သင့်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
G8 အစည်းအဝေးသို့ ကနေဒါ၊ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ဂျပန်၊
ရုရှားနှင့် ဗြိတိန်နိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ကြသည်။
အိုဘားမားသည် (၂၀၁၀)ပြည့်နှစ်က နျူကလီးယား လက်နက် လျှော့ချရေး
စာချုပ်တစ်ရပ်ကို ရုရှားနှင့် လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။
ယင်းသဘောတူညီမှုအရ နှစ်နိုင်ငံသည် ပိုင်ဆိုင်ထားသည့် နျူကလီးယား ထိပ်ဖူး
အရေအတွက်ကို (၁၀)နှစ်အတွင်း (၃၀)ရာခိုင်နှုန်း လျှော့ချသွားရေး လုပ်ဆောင်မည်
ဖြစ်သည်။
အကယ်၍ ယင်းစာချုပ်ပါ သတ်မှတ်ချက်ထက် (၃)ပုံ(၁)ပုံ လျှော့ချပါက
နှစ်နိုင်ငံ ပိုင်ဆိုင်သော နျူကလီးယား ထိပ်ဖူးအရေအတွက်သည်
(၁၀၀၀)ဝန်းကျင်မျှထိသာ ရှိလာမည်ဟု ဆိုသည်။ ရိုဂိုဇင်က အမေရိကန် အနေဖြင့်
၎င်းတို့၏ ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်မှုကို အသေအချာ မဆွေးနွေးသေးမီ
ရုရှားနှင့် လက်နက်လျှော့ချရေး ကိစ္စကို စကားမပြောသင့်ဟုလည်း ဝေဖန်ခဲ့သည်။
"သမိုင်းကို ပြန်ကြည့်လေ။ ဒိုင်းတစ်ခုကို ဖန်တီးခဲ့တယ် ဆိုတာက ဓားတစ်လက်ကို
ဖန်တီးခဲ့တာ မရှိရင် ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး မဟုတ်လား"ဟု ၎င်းက
ပြောကြားသွားသည်။
.
.
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်