Subscribe to our RSS Feed

သီလဝါစီမံကိန်းကြောင့် ကြယ်စင်အိမ်ရာတွင် ဒေါ်လာသန်းတစ်ရာ ပြင်သစ် ကုမ္ပဏီ ရင်းနှီးမြှုပ်နှံ

From : .. the voice



သီလဝါ အထူး စီးပွားရေးဇုန် အလားအလာများကြောင့် သန်လျင်မြို့နယ်တွင် အကောင်အထည် ဖော်နေသည့် ကြယ်စင်အိမ်ရာ စီမံကိန်း (Star City Project) တွင် အမေရိကန်ဒေါ်လာ သန်းတစ်ရာ နီးပါး ရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း အဆိုပါ အိမ်ရာစီမံကိန်းတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့ သည့် ပြင်သစ် ဆောက်လုပ်ရေးကုမ္ပဏီ Bouyges မှ တာဝန်ခံ Peter Francis က The Voice သို့ ပြောကြားသည်။

သီလဝါ အထူး စီးပွားရေးဇုန်ကြောင့် ဝယ်လိုသူ များပြားနေသည့် အတွက် ဈေးကွက် အခြေအနေ ကောင်းမွန်ကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများကလည်း ၎င်းတို့ ကုမ္ပဏီ လာရောက် ရင်းနှီး မြှုပ်နှံရန် ဆွဲဆောင်နိုင်ခဲ့သည်ဟု Mr. Francis ကဆိုသည်။

Bouyges က ကြယ်စင်အိမ်ရာ စီမံကိန်းတွင် ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ် သည်။

လက်ရှိတွင် ကြယ်စင်အိမ်ရာ စီမံကိန်းသည် ဒုတိယအဆင့် စတင်နေပြီဖြစ်ပြီး ယင်းအဆင့် စီမံကိန်း (Zone တွင် ရှစ်ထပ် အဆောက်အအုံ သုံးလုံးနှင့် ၁၂ ထပ် အဆောက်အအုံ နှစ်လုံး ပါဝင်မည် ဖြစ်ကာ အခန်းပေါင်း ၁၀၀၀ ကျော် ပါရှိမည်ဖြစ်ကြောင်း စီမံကိန်း အချက်အလက်များအရ သိရသည်။

အခန်းဖွဲ့စည်းမှု အခြေအနေပေါ် မူတည်၍ တစ်စတုရန်းပေလျှင် အနိမ့်ဆုံး ၁၆၀ ဒေါ်လာမှ ၂၂၀ ဒေါ်လာနှုန်းထား အခန်းများဖြင့် ဖွဲ့စည်းထားသော အဆောက်အအုံ ငါးခုကို ယခုလတွင် စတင် ဆောက်လုပ်မည်ဖြစ်ပြီး အခန်း များ ရောင်းချမှုကိုမူ ဧပြီလကတည်းက စတင် ရောင်းချခဲ့ကြောင်း ယင်းစီမံကိန်း ပြုလုပ်သည့် SPA Project Management Ltd. မှ စီမံကိန်း ဒါရိုက်တာ David Whitting က ပြောကြားသည်။

ဧက ၄၂၀ ကျော် ကျယ်ဝန်းသော မြေနေရာပေါ်တွင် အကောင် အထည်ဖော်နေသော ကြယ်စင် အိမ်ရာ စီမံကိန်း(Star City Project) သည် အဆောက်အအုံ ငါးခု ပါဝင်သော စီမံကိန်း ပထမအဆင့် Zone A ပြီးစီးနေပြီဖြစ်ပြီး အခန်းအားလုံး ရောင်းချပြီးဖြစ်ကြောင်း SPA Project Management Ltd. ထံမှ သိရှိရသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်