Subscribe to our RSS Feed

နာမည်ကျော် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးတွင် ဦးဝီရသူ၏ပုံကို ဗုဒ္ဓဘာသာ အကြမ်းဖက်သမားအဖြစ် ဖော်ပြထားမှုအား သံဃာတော်များ၊ ဂျာနယ်လစ်များနှင့် ပြည်သူအများ လက်မခံ

From : ..eleven


ဇူလိုင်လတွင် ထွက်ရှိမည့် Time Magazine ၏ မျက်နှာဖုံး၌ ဦးဝီရသူ၏ ပုံအား ဖော်ပြကာ The Face of Buddhist Terror ဟု စာတမ်းရေးထိုး ထားပါသည်။ ထိုဖော်ပြချက်များအား ဖေစ့်ဘွတ်သုံးသူ အလွှာအသီးသီးက အမြင်အမျိုးမျိုးဖြင့် ဝေဖန်မှုများလည်း ရှိနေခဲ့သည်။

ထိုဝေဖန်မှုများအနက် လူအများစုက Time ၏ ဖော်ပြချက်သည် ဗုဒ္ဓဘာသာဝင် အားလုံးကို စော်ကားသည်ဟု ခံစားရကြောင်း ပြောဆိုခဲ့ကြသည်။ ထိုထင်မြင်ချက်နှင့် ပတ်သက်ပြီး The Voice ၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေက ''ကျွန်တော်ကတော့ ဒီလိုလုပ်တာကို သိပ်တော့ ဘ၀င်မကျဘူး။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ဒီလိုတပ်ပြီး ပြောတာ၊ ဘာသာရေးကို တပ်ပြီးပြောတာက မလုပ်သင့်တဲ့ ကိစ္စပါ။ အကြမ်းဖက် ကိစ္စတွေမှာ သူ့ရဲ့ ပါဝင်ပတ်သက်မှုက ဘယ်လောက် အထောက်အထား ရှိသလဲ။ ကျွန်တော့် အနေနဲ့ ဒီကိစ္စကို သဘောမတူပါဘူး။ ကြိုက်ခြင်း၊ မကြိုက်ခြင်းကတော့ တစ်ပိုင်းပါ။ ဒီလိုဖော်ပြတဲ့ အတွက် နိုင်ငံနဲ့ ဘာသာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ကျွန်တော်ထင်တာကတော့ ဒီကိစ္စဟာ သွေးရိုး သားရိုး မဖြစ်နိုင်ပါဘူး။ ဒီလိုဖော်ပြတာဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့လည်း မညီပါဘူး။ လူတစ်ယောက် ဂုဏ်သိက္ခာအရ ထိခိုက်သွားအောင် ဘာသာရေးနဲ့ အကြမ်းဖက်မှု တွဲပြီး ပြောသွားတာ ကျင့်ဝတ်နဲ့ မညီပါဘူး။ ဒါမျိုး မလုပ်အပ်ဘူး။ တိုင်းမ်မဂ္ဂဇင်းဆိုတာ နာမည်ကျော် မဂ္ဂဇင်းတစ်စောင်ပါ'' ဟု The Daily Eleven သတင်းစာအား ပြောကြားခဲ့သည်။

''ဗုဒ္ဓဘာသာ ရဟန်းတော်က ဒီနိုင်ငံမှာ ငါးသိန်းကျော်ရှိတယ်။ ဒီငါးသိန်းကျော် ရှိတာမှာ မပြောပလောက်တဲ့ မှုခင်းလေးတွေကို ကြည့်ပြီး ရဟန်းသံဃာတော် အားလုံး၊ ဗုဒ္ဓဘာသာဝင် အဖွဲ့အစည်း တစ်ခုလုံးကို အကြမ်းဖက်ဝါဒလို့ ဆိုတာမျိုးကတော့ တရားမျှတတဲ့ သဘောကို မဆောင်ဘူး။ ခိုင်လုံတဲ့ အထောက်အထားကို အခြေခံပြီး ရေးတာမျိုး မဖြစ်နိုင်ဘူး။ သမိုင်း အစဉ်အလာအရ ဗုဒ္ဓဘာသာဟြာ ငိမ်းချမ်းမှု ရှိခဲ့တယ်။ ရဟန်းသံဃာတော်တွေဟာ သူတို့ရဲ့ ပရိယတ္တိ၊ ပဋိပတ္တိကိုသာ အများစုက ဇောက်ချလုပ်တယ်။ ဗုဒ္ဓဘာသာဟာ အမြဲတမ်း ငြိမ်းချမ်းတဲ့ ဘာသာအဖြစ် ရှိနေမှာပါ'' ဟု ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒ ခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ၏ ပြန်ကြားရေး တာဝန်ခံ ဆရာတော် ဒေါက်တာ အရှင်ဓမ္မပိယက မိန့်ကြားသည်။

''ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက ပြောခဲ့တယ်။ ခုခေတ် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်တဲ့ ဘာသာတရား တစ်ခုရှိတယ်ဆိုရင် အဲဒီဘာသာသည် ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်လို့ ပြောခဲ့တယ်။ ဒါဆိုရင် ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းတဲ့ဘာသာ ဖြစ်တယ်ဆိုတဲ့ အကြောင်း အထူးပြောစရာ မလိုတော့ဘူး။ ရဟန်းသံဃာ ဆိုတာကလည်း ငြိမ်းချမ်းတဲ့ ဘာသာရဲ့ ခေါင်းဆောင် ဖြစ်တော့ ငြိမ်းချမ်းရေး ပုဂ္ဂိုလ်များပင် ဖြစ်တယ်။ သမိုင်းကိုကြည့်ရင် ရဟန်းသံဃာများက မီးရှို့တယ်။ သတ်တယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ အကြမ်းဖက်တယ် ဆိုတာကလည်း ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ရဟန်းသံဃာများသာ အသတ် ခံခဲ့ရပါတယ်။ အကြမ်းဖက် ခံခဲ့ရပါတယ်။ ဒါကိုကြည့်ရင် ရဟန်းသံဃာများရဲ့ လက်နက်ဟာ သည်းခံခြင်းဆိုတဲ့ ခန္တီတရားသာ ဖြစ်ပါတယ်။ ဒီနေ့ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကနေ အရှင်ဝီရသူနဲ့ ပတ်သက်ပြီး စွပ်စွဲတယ်။ ''သီတဂူ ဆရာတော် ဘုရားကြီးက အရှင်ဝီရသူဟာ ငြိမ်းချမ်းရေးကို အလိုရှိတဲ့ ဆရာတော် တစ်ပါးပါ။ ဒါပေမဲ့ ပြည်ပ သတင်းသမား တွေကတော့ အမျိုးမျိုး ပုတ်ခတ်နေကြတယ် လို့ အမိန့်ရှိခဲ့ ဖူးပါတယ်'' ဟု သီတဂူ အရှင် ဒေ၀ိန္ဒာဘိဝံသက မိန့်ကြားသည်။




--------------------------------------------------------------------------------
ဦးဇင်းတို့က ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ဥပဒေတွေ ထုတ်ပြန်ပြီး ကာကွယ်တာ အစွန်းရောက်တာလား။ တရားဟောပြီး ကိုယ့်လူမျိုး ကိုယ်ချစ်တတ်ဖို့၊ ကိုယ့်သာသနာကို ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့ ဟောနေတာတွေက အကြမ်းဖက်တာလား...
--------------------------------------------------------------------------------



ဒေါ်မြင့်မြင့်ခင်ဖေ၏ စာမျက်နှာပေါ်တွင်လည်း တိုင်းမ်မဂ္ဂဇင်းတွင် ပါလာပြီ ဖြစ်ကြောင်းနှင့် ၎င်းအား ပြင်သစ်သတင်းထောက်တစ်ယောက် အင်တာဗျူးစဉ်ကလည်း မြန်မာလူမျိုး အများစုက အကြမ်းဖက်မှုကို လက်ခံနေပြီ ဆိုတာ ခင်ဗျားလက်ခံလားဟု မေးမြန်းခဲ့ကြောင်းနှင့် ၎င်းက လက်မခံဟု ပြန်လည် ဖြေကြားခဲ့ကြောင်း ကိုလည်း ဖော်ပြထားခဲ့သည်။ ဒေါ်မြင့်မြင့်ခင်ဖေက ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာကို ဗုဒ္ဓဘာသာက သာလျှင် ကာကွယ်နိုင်သည်ဟုလည်း ရေးသားထားကာ ဗုဒ္ဓဘာသာကို အချိန်မီ ကာကွယ်ရန် မိမိကိုယ်မိမိ ပြုပြင်ကြရန် လိုကြောင်းနှင့် မပြုပြင်နိုင်ပါက မြန်မာနိုင်ငံကို ကမ္ဘာကြီးက အကြမ်းဖက် ဗုဒ္ဓဘာသာ နိုင်ငံဟု သတ်မှတ်ခံရလိမ့်မည် ဖြစ်ကြောင်းကိုလည်း ရေးသား ဖော်ပြထားသည်။

သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း ''Buddhist Terror လို့လုပ်တာက တော်တော်ဆိုးပါတယ်။ ဒီပြဿနာက နိုင်ငံခြားက လူတွေက မွတ်စလင်ဘက်ကနေ လိုက်တယ် ဘာညာဆိုတာကတော့ ရှိနေတာပေါ့ဗျာ။ ဗုဒ္ဓဘာသာ ဘက်ကလည်း ၉၆၉ တို့ဘာတို့ ပေါ်လာတယ်ဗျာ။ မွတ်စလင်မှာလည်း အစွန်းရောက်တွေ ရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းမရဘူး။ တစ်ကမ္ဘာလုံးမှာ သတ်လိုက်တာမှ သူတို့ အချင်းချင်းလည်း သတ်နေတာပဲ။ ဗုဒ္ဓဘာသာမှာလည်း အစွန်းရောက်တာတွေ ရှိလာတယ်။ ၉၆၉ တို့ ဘာတို့ ဆိုတာတွေ၊ ဦးဝီရသူတို့တွေပေါ့။ အဲဒီလိုတွေ ပေါ်လာတာကတော့ မကောင်းဘူး။ လူတွေကြားထဲမှာ ပဋိပက္ခဆိုတာက ရှိတတ်တာပဲ။ ပဋိပက္ခကို ပဋိပက္ခလိုပဲ ရှင်းရမယ်။ အဲဒါတွေကို ဖြေရှင်းဖို့ တရားဥပဒေ ထိရောက်ဖို့ လိုတယ်။ အဲလိုမရှင်းဘဲ ဘာသာရေးအကြောင်း ပြတယ်။ နောက်ပိုင်းကျတော့ နောက်ကြောင်း ပြန်ချင်တဲ့ ကောင်တွေက ၀င်အသုံးချလိုက်တော့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ခက်သွားတယ်။ ကျွန်တော်စိုးရိမ်တာက တိုင်းမ်မဂ္ဂဇင်းလို သြဇာအလွန်ကြီးတဲ့ မဂ္ဂဇင်းက ဦးဝီရသူပုံကိုပြပြီး မြန်မာပြည်ထဲက အကြောင်းတွေ ရေးတာ နာမည်ကလည်း တော်တော်ဆိုးတယ်။ ကျွန်တော်က ကောင်းတယ် ဆိုးတယ်လို့ ပြောချင်တာ မဟုတ်ဘူး။ ဒီဟာကြီးရဲ့ အန္တရာယ် အတိုင်းအတာက ကြီးသွားပြီ။ ဦးဝီရသူတို့ရဲ့ တုန့်ပြန်မှုကလည်း ပြင်းထန်တော့မယ်။ အဲလိုပဲ ဦးဝီရသူကို ဆန့်ကျင်တဲ့ လူတွေကလည်း ပြင်းထန်တော့မယ်။ ဒါကြောင့် ကျွန်တော် ထင်တယ်။ နှစ်ဖက်ရန်လိုမှုကလည်း ပိုမြင့်တော့မယ်'' ဟု ပြောကြားခဲ့သည်။

သီတဂူ ဆရာတော်ကြီး၏ တပည့်တစ်ဦးဖြစ်ပြီး အာရှတော်ဝင်ဆေးရုံ၏ MD ဒေါက်တာမြတ်သူကလည်း ''ဘာသာ၊ သာသနာကို အချစ်လွန်သွားတာပါ။ တခြားဘာသာတွေကို စော်ကားတိုက်ခိုက်နေတာ မဟုတ်တဲ့ အတွက် တိုင်းမ်မဂ္ဂဇင်းရဲ့ ဖော်ပြချက်က လုံးဝမှားယွင်းပါတယ်။ ကျွန်တော်တို့ကတော့ သီတဂူဆရာတော် ဘုရားကြီးရဲ့ သဘောဆန္ဒနဲ့ အတူတူပါပဲ'' ဟု ပြောကြားခဲ့သည်။



တိုင်းမ်မဂ္ဂဇင်း၏ ဇူလိုင် ၁ ရက်နေ့စွဲဖြင့် ဒေသအလိုက် ဖြန့်ချိသည့် မျက်နှာဖုံးများ

ထို့အတူ The Daily Eleven က ဦးဝီရသူအား မေးမြန်းရာတွင် ''ကလောင်ကိုင်နေတဲ့ ဆရာတော် တစ်ပါးကို အကြမ်းဖက် သမားလို့ ပြောရဲတာဟာ အတော်အံ့သြဖို့ ကောင်းတယ်။ ဒီလို တိုက်ခိုက်တဲ့ အတွက်တော့ တုန်လှုပ်သွားမှာ မဟုတ်ဘူး။ ပြောချင်တာက ဘားမားဘင်လာဒင်ဆိုပြီး နှိုင်းတဲ့ကိစ္စ၊ ဘင်လာဒင်တို့ လက်တွေက သွေးစွန်းနေတဲ့ လက်တွေဖြစ်တယ်။ ဦးဇင်းတို့ လက်တွေက အင်မတန် စင်ကြယ်တဲ့ လက်တွေ ဖြစ်တယ်။ ခြင်္သေ့ကို မြေခွေးနဲ့ နှိုင်းလိုက်သလို အင်မတန်ရိုင်းတဲ့ ဥပမာပဲ။ အခု ဦးဇင်းတို့ လုပ်နေတာ ကာကွယ်ရေး သက်သက်သာ ဖြစ်တယ်။ တိုက်ခိုက်ရေး လုံးဝမပါဘူး။ အမေရိကန်က အီရတ်ကို ၀င်တိုက်တာက အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးအတွက် ဖြစ်တယ်။ သူ့နိုင်ငံ၊ သူ့လူမျိုးအတွက် အခြားနိုင်ငံတွေကို ကျူးကျော်ပြီး တိုက်ခိုက်ချေမှုန်း နေတာပဲ။ ဦးဇင်းတို့က ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ဥပဒေတွေ ထုတ်ပြန်ပြီး ကာကွယ်တာ အစွန်းရောက်တာလား။ တရားဟောပြီး ကိုယ့်လူမျိုး ကိုယ်ချစ်တတ်ဖို့၊ ကိုယ့်သာသနာကို ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့ ဟောနေတာတွေက အကြမ်းဖက်တာလား။ ဦးဇင်းအနေနဲ့ လာပြီးတော့ အင်တာဗျူးတဲ့ လူတွေကို ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေရှိတယ်။ ဒါမှ သူတို့လိမ်တာ ပြုတာရှိရင် အမေးအဖြေ လုပ်ထားတဲ့ မှတ်တမ်းတွေ ပြန်တိုက်ကြည့်လို့ ရအောင်ပါ။ အခု တိုင်းမ်မဂ္ဂဇင်းနဲ့ အင်တာဗျူး လုပ်ထားတဲ့ ဗီဒီယိုဖိုင်ကို အင်တာနက်ကိုတင်ဖို့ လုပ်နေပါတယ်။ သူတို့က မေးမြန်းထားတာကိုလည်း မရေးဘူး။ ဖြေထားတာကိုလည်း မရေးဘူး။ သူတို့သုံးထားတဲ့ ဓာတ်ပုံက ဦးဇင်းကို ကြောက်စရာ ကောင်းတဲ့ပုံစံ ဖြစ်အောင် ပြင်ပြီးတော့ လုပ်ထားတာပါ'' ဟု ဦးဝီရသူ က မိန့်ကြားခဲ့သည်။

အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ ဦးဝဏ္ဏရွှေက ''ကျွန်တော်တို့ကတော့ တစ်ဦးတစ်ယောက်ရဲ့ ဆောင်ရွက်ချက်ကို ဘာသာတစ်ခုနဲ့ ယှဉ်ပြီးပြောဆိုတာမျိုးကို မကြိုက်ပါဘူး။ ဒီလိုပါပဲ။ အစ္စလာမ် ဘာသာမှာ ဆိုရင်လည်း လူတစ်ဦးတစ်ယောက်ရဲ့ ဆောင်ရွက်ချက်ကို ဘာသာနဲ့ယှဉ်ပြီး ပြောတာမျိုးကို ကျွန်တော်တို့ လက်မခံပါဘူး'' ဟု ပြောကြားသည်။

ဆရာတော် ဦးဝီရသူအား Time မဂ္ဂဇင်းက "The Face of Buddhist Terror" ဟု ဖော်ပြထားသည့်အပေါ် Eleven Media Group က လုံးဝ သဘောမတူ ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်အပ်ကြောင်းကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် က ''ကျွန်တော့်အနေနဲ့ ဆရာတော် ဦးဝီရသူနဲ့ အယူအဆ အတော်များများ မတိုက်ဆိုင်ပါဘူး။ ဒါပေမဲ့ Time မဂ္ဂဇင်းက ဒါမျိုးလုပ်တာကိုတော့ လုံးဝလက်မခံဘူး။ သံဃာတစ်ပါး အနေနဲ့တော့ ပါရာဇိကကံ မကျသရွေ့ သံဃာဟာ သံဃာပါပဲ။ မစိုးရိမ်ကျောင်းတိုက်မှာ နာယက ဆရာတော်တစ်ပါးဖြစ်ဖို့ မလွယ်ဘူးဆိုတာ ကျွန်တော်သိတယ်။

ဘာသာရေးဟာ မဏ္ဍိုင်ကြီး သုံးခုနဲ့ ကင်းကင်းရှင်းရှင်း မရပ်တည်တာတွေ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ အလွန်အကျွံ အစွန်းရောက်တာတွေ၊ လူနည်းစု မွတ်စလင်တွေကို အမုန်းပွားပြီး သူတို့ရဲ့ စီးပွားရေး လူမှုရေး ထိခိုက်အောင် လုပ်တာတွေကိုတော့ ကျွန်တော် လုံးဝသဘောမတူပါဘူး။ ဆရာတော် ဦးဝီရသူနဲ့ အမြင်မတူတာက သီးခြားစီပါ။ Time မဂ္ဂဇင်းက အခုလို လုပ်တာကိုတော့ လက်မခံ နိုင်ပါဘူး။

Time မဂ္ဂဇင်းရဲ့ ဖော်ပြချက်က မျှတမှု မရှိတဲ့ လုပ်ရပ်လို့ ဂျာနယ်လစ်တစ်ယောက် အနေနဲ့ ယူဆပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံနဲ့ ကျွန်တော်တို့ ဘာသာ၊ သာသနာကို အထင်သေး အမြင်သေး လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ကန့်ကွက်ပါတယ်။

Time ရဲ့ဒီလုပ်ရပ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ခရီးလမ်းအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ မလိုအပ်ဘဲ ပဋိပက္ခကို ပိုဆိုးသွားစေနိုင်တယ်'' ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆက်တိုက်လိုလို ဖြစ်ပေါ်နေသော ပဋိပက္ခများတွင် ဦးဝီရသူ ပါဝင်ပတ်သက် နေသည်ဟု ကျယ်ကျယ် ပြန့်ပြန့် စွပ်စွဲခံနေခဲ့ရပြီး ပဋိပက္ခများတွင် ၉၆၉ ဗုဒ္ဓဘာသာ အဖွဲ့များကြောင့် ဖြစ်ရသည်ဟုလည်း စွပ်စွဲခံနေရသည်။




ဗုဒ္ဓဘာသာ အကြမ်းဖက်မှု မျက်နှာစာ (The Face of Buddhist Terror)

ဗုဒ္ဓ၀ါဒသည် ငြိမ်းချမ်းရေးနှင့် ခန္တီတရားတို့ကို လက်ကိုင်ထားမှုအတွက် ကျော်ကြားသည့် ယုံကြည်မှုတစ်ရပ် ဖြစ်သည်။ သို့သော် အာရှတွင် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သည့် နိုင်ငံများ၌ ဘုန်းတော်ကြီးများသည် တစ်ယူသန် သဘောထားနှင့် အထူးသဖြင့် အစ္စလာမ် ဘာသာဝင်တို့အပေါ် အကြမ်းဖက်မှုကို လှုံ့ဆော်နေကြသည်။

မျက်နှာက ရုပ်ပွားတော် တစ်ခုကဲ့သို့ တည်ငြိမ်အေးချမ်းပြီး ကြည်လင်နေသည့် ''ဗမာဘင်လာဒင်'' ဟူသော အမည်ကို ရထားသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးက သူ၏ တရားကို စတင်လိုက်သည်။ တရားနာသူ ရာပေါင်းများစွာက ဘုန်းတော်ကြီးရှေ့တွင် လက်အုပ်ချီကာ ထိုင်နေကြပြီး ချွေးများက သူတို့ကျောတွင် ရွှဲရွှဲစိုနေသည်။ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်း တစ်ခုထဲတွင် တရားနာသူ လူအုပ်က နီညိုရောင် သင်္ကန်းရုံထားသည့် ပုဂ္ဂိုလ်နှင့်အတူ ရွတ်ဆိုသံများက အိုက်စပ်သော လေထဲတွင် လွင့်ပျံနေသည်။

ထိုမြင်ကွင်းသည် ငြိမ်းချမ်းသော မြင်ကွင်းဟု ထင်ရပါသော်လည်း ဦးဝီရသူ၏ ဟောကြားချက်များက အမုန်းတို့ဖြင့် မြည်ဟည်းနေသည်။ ''အခုအချိန်က အေးအေးချမ်းချမ်း ရှိမယ့်အချိန် မဟုတ်ပါဘူး'' ဟု ဘုန်းတော်ကြီးက တည်ငြိမ်အေးဆေးစွာ ဆိုလိုက်သည်။

(တိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးအကျဉ်းချုပ်အား ဘာသာပြန် ဖော်ပြထားခြင်း ဖြစ်ပါသည်။)

.. www.MyanmarExpress.net

 

6 comments:

အီရန်ရောက် အမေရိကန်မိသားစုဘဝကို လေ့လာနိုင်ဖို့ ဒီရုပ်ရှင်လေးကို အမျိုးသမီးများအထူးသဖြင့် ဇင်မာအောင်ကြည့်ရန် Not Without My Daughter ဖြစ်ရပ်မှန်ရုပ်ရှင် မြန်မာညစ်ညမ်းဒါရိုက်တာများလည်း အတုယူရတာပေါ့ http://www.youtube.com/watch?v=-L-Ykkz7AJw

http://yinthinnei.blogspot.jp/search?updated-max=2011-09-15T13:36:00-04:00&max-results=15&start=15&by-date=false မွတ်ဆလင်တွေ ယုတ်မာစွာ မြန်မာမကိုရယူဖို့ ကြံစည်ခဲ့ကြတာ လခြမ်းနဲ့ကြယ်တရားမှာနားထောင်ပါ

အင် အား ကြိး မား တဲ့ Media တစ် ခု ရဲ့ မြန် မာ နိုင် ငံ ကို တိုက် ခိုက်မှူ ပဲ မြန် မာ့ Media တွေ က ပြတ် သားစွာ တုံ့ ပြန် သင့် တယ်။

this is myanmar country,,this original country religion is buddhism,, also all over the world country are like this in this world,,who is argue?..........
so we have to protect our great religion and culture and traditional.....
so try your best...
myanmars

western midea giant the time magazine should not allowed to come again, they are fueling the fire, among the innocent people

ကုလားဆိုတာမယျိလေကောင်းလေ။သူတို့လူသတ်နေတာကျ။အလာအလိုကျလုပ်တာပေါ.။သူခိုးကလူကောင်းအော်နေတာ။အောက်တန်းကျလိုက်တာဘာသာယေးဆေိာကားနေတာပါ

ဝမ်းနည်းးစရာပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်