Subscribe to our RSS Feed

တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဗုဒ္ဓစွယ်တော်ပွားနှင့် ရတနာ ရွှေကျောင်းဆောင်တော် လွှဲပြောင်း လှူဒါန်း

From : ..mwd

ယနေ့နံနက် ၇ နာရီခွဲတွင် လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ အပူဇော်ခံ ထားရှိမည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ လီကွမ်း စွယ်တော်တိုက်မှ လှူဒါန်းသည့် ဗုဒ္ဓစွယ်တော် ပွားနှင့် ရတနာ ရွှေကျောင်းဆောင်တော် လွှဲပြောင်း လှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော် ကြီးများနှင့် ပင့်သံဃာတော်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗုဒ္ဓစွယ်တော် တိုက်မှ ဆရာတော်များ ကြွရောက်တော် မူကြပြီး သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၄င်းတို့၏ ဇနီးများ၊ စေတီတော် ဂေါပက အဖွဲ့ဝင်များနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် သံရုံး တာဝန်ရှိသူများ၊ ဘာသာရေး ဝတ်အသင်း အဖွဲ့များနှင့် ဘုရားဖူး လာပြည်သူများ တက်ရောက် ကြည်ညိုကြသည်။

အစီအစဉ်အရ ဆရာတော် သံဃာတော်များနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗုဒ္ဓစွယ်တော် တိုက်မှ ဆရာတော်များက ဗုဒ္ဓစွယ်တော်ပွားအား ဗုဒ္ဓါဘိသေက အနေကဇာ တင်တော်မူ ကြသည်။

ဆက်လက်၍ နိုင်ငံတော် သြဝါဒါစရိယ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီး ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ နန္ဒော ဘာသ ထံမှ ပြည်ထောင်စု ဝန်ကြီးနှင့် ပရိသတ်တို့က ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗုဒ္ဓစွယ်တော်တိုက် ဆရာတော်က ဗုဒ္ဓစွယ်တော်ပွားနှင့် ရတ နာ ရွှေကျောင်းဆောင်တော် လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်း လျှောက်ထားပြီး ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ထံ ဗုဒ္ဓစွယ်တော်ပွားနှင့် ရတနာ ရွှေကျောင်းတော်တို့ကို လွှဲပြောင်း ပေး အပ် လှူဒါန်းသည်။

ယင်းနောက် ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗုဒ္ဓစွယ်တော် တိုက် ဆရာတော်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး တို့အား ဓမ္မလက်ဆောင် များ ပြန်လည် ပေးအပ်ပြီး ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူများက ဆရာတော်၊  သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်ဌေးက အလှူတော် ငွေများကို  ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ထံ လွှဲပြောင်း ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မုံရွာဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တအရိယာ လင်္ကာရထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေး ဝေကြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများ ဦးဆောင်ပြီး  ဥပါသကာ များက ထီးဖြူတော်များ မိုး၍ ဒေဝါဝင်း ရာဇာဝင်း အဖွဲ့များ၊ ဝတ်အသင်း အဖွဲ့များ ခြံရံကာ ဗုဒ္ဓစွယ်တော်ပွားနှင့် ရတနာ ရွှေကျောင်းဆောင်တော်ကို ယာယီကိန်းဝပ် စံပယ်တော်မူသည့် ချမ်းသာကြီး တန်ဆောင်းမှ ရွှေတိဂုံ စေတီတော်အား လက်ယာရစ် လှည့်လည် အပူဇော်ခံကာ ထာဝရ အပူဇော်ခံ ထားရှိမည့် စေတနာ သမ္ဘာရတန်ဆောင်းရှိ ပလ္လင်တော် ပေါ်သို့ ပင့်ဆောင် တော်မူကြကြောင်း သိရသည်။
 

.. www.MyanmarExpress.net
 

1 comments:

very good. Thank you China.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်