Subscribe to our RSS Feed

“ အတင်းအဓမ္မ လူထုစည်းရုံးရေးဆင်းရင် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာမှာကို စိုးရိမ်ရတယ်”

From : SMMK

၄၃၆ ပြင်ဆင်မှုဖို့ လူထုစည်းရုံးရခြင်း အကြောင်းအရင်း ဒီချုပ်ရှင်လင်းမှုအပေါ် ဝေဖန်သံများ ထွက်ပေါ်
 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ပွင့်လင်းနှင့်ငြိမ်းချမ်းရေးလူ့အဖွဲ့အစည်းပူးပေါင်းကာ ပုဒ်မ(၄၃၆)ပြင်ဆင်ရေးအတွက် ဗမာတစ်ပြည်လုံး လူထုဆန္ဒကောက်ခံသည့် လက်မှတ်ရေးထိုးပွဲကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ မေလ(၂၇)ရက်နေ့မှ စတင်ကာ ပြုလုပ်တော့မည်ဖြစ်သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလေ့လာသုံးသပ်ရေးကော်မတီအနေဖြင့် ပုဒ်မ(၄၃၆)ကို ပြင်ဆင်ရန် မူကြမ်းသဘောမျိုးအနေဖြင့် ဆွေးနွေးပြီးဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အဆိုပါဥပဒေ ကို ပြင်ဆင်ရန် လူထုဆန္ဒခံယူသည့်အနေဖြင့် ဗမာတစ်ပြည်လုံး လက်မှတ်ထိုးခြင်းအခမ်းအနားကို ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေးပါတီအချို့က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကန့်သတ်ထားသည့် အခန်း(၁၂)မှ ပုဒ်မ(၄၃၆)ကို ပြင်ဆင်ရန် အကြံပြုပြောကြားချက်များစွာ ၊ လူထုဆန္ဒထုတ်ဖော်မှုများစွာရှိနေခြင်းကြောင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လေ့လာသုံးသပ်ရေးကော်မတီက အဆိုပါဥပဒေကို ပြင်ဆင်ရန် မေလတတိယပတ်အတွင်း၌ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်းကဏ္ဍပါ ပုဒ်မ၄၃၆(က)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဆိုပါက ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅ရာခိုင်နှုန်းကျော် သဘော တူရမည်ဖြစ်ကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟုပြဌာန်းထားသည်။

အဆိုပါအချက်များကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၈မျိုးဆက် ပွင့်လင်းနှင့်ငြိမ်းချမ်းရေး လူ့အဖွဲ့အစည်းနှင့် ပူးပေါင်းကာ ပုဒ်မ(၄၃၆)ပြင်ဆင်ရေးဟောပြောပွဲကို မေလ(၁၇)ရက်တွင် တာမွေမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်း၌ လူထုဆန္ဒခံယူသည့်အနေဖြင့် ဟောပြောပွဲကျင်းပခဲ့ကာ ၊မေလ(၁၈)ရက်နေ့တွင် မန္တလေးမြို့ရှိ အောင်ပင်လယ်ဘောလုံးကွင်း၌ လူထုဟောပြောပွဲနှင့် လူထုဆန္ဒခံယူသည့် လက်မှတ် ရေးထိုးခဲ့ကြသည်။

မေလတတိယပတ်က  ပုဒ်မ(၄၃၆)မှ ပြဌာန်းချက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅ရာခိုင်နှုန်းကျော် သဘောတူလက်ခံရမည့်အစား သုံးပုံတစ်ပုံ ဖြစ်သည့် ၆၆ရာခိုင်နှုန်းသဘောတူလက်ခံပြီးမှသာဟု ပြင်ဆင်ခဲ့ပြီး ဒုတိယအဆင့်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာပြင်ရမည်အစား မဲလာပေးသူ ထက်ဝက်ကျော်ဖြင့်

ပြင်ဆင်နိုင်သည်ဟု ပြင်ဆင်သည့် မူကြမ်းကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လေ့လာသုံး သပ်ရေးကော်မတီအနေဖြင့်ထုတ်ပြန်ခဲ့သည်။

 ဦးစောမြတ်

တွဲဖက်အတွင်းရေးမှူး-၂

(ချင်းတိုးတက်ရေးပါတီ)

“ ဒေါ်အောင်ဆန်းစုကြည်ဆိုတော့ ဒီမိုကရေစီခေါင်းဆောင်တစ်ဦးလဲဖြစ်တယ်။နိုင်ငံတကာက အသိအမှတ်ပြုတဲ့ နိုင်ငံရေးခေါင်းဆောင်လဲဖြစ်တယ်ဆိုတော့သူတို့ရဲ့အတွေးကို မှန်တယ်မှားတယ်လို့တော့ မပြောချင်ပါဘူး။ကျွန်တော်တို့သာ ဆိုရင်တော့ အဲ့ဒီဟာက ဒုတိယလမ်းကြောင်းမှာဘဲ ထားရင်ထားမယ်။ လွှတ်တော်မှာ အရင်ဆုံးပြောမှာပေါ့ ပုဒ်မ(၄၃၆)ပြင်ဖို့အတွက်၂၅ရာခိုင်နှုန်းကျော်မှ ရမယ်ဆိုတော့ အဲ့ဒီ၂၅ရာခိုင်နှုန်းသောတပ်မတော်သားတွေအနေနဲ့ အဲ့ဒီပုဒ်မကို သဘောမတူဘူးလို့ မပြောနိုင်ဘူးလေ။ အဓိကက ဘယ်အချက်ကို ပြင်ဖို့ သဘောတူရမလဲဆိုတဲ့နေရာမှာ ဘယ်အချက်ကို ကျွန်တော်တို့ပြင်သင့်ပြီ ရှေ့ဆက်တိုးလို့ မရတော့ဘူးဆိုရင် သူတို့လက်မခံနိုင်စရာ အကြောင်းမရှိဘူး။ (၄၃၆)ကို ပြင်ဆင်သင့်ပြီလို့ သူတို့နဲ့ သဘောတူညီမှု ရပြီးတဲ့အခါမှာ လူထုဆန္ဒခံယူပွဲသွားမှာဘဲ။ ဒါပေမဲ့ အခုသူတို့လုပ်တဲ့ဟာကို ကျွန်တော်က မကောင်းဘူးလို့ ပြောတာမဟုတ်ဘူးနော်။ကျွန်တော်တို့ ပါတီအနေနဲ့ဆိုရင် အဲ့လိုသွားချင်တယ်လို့ ပြောတာ။

ဦးသာဝင်း

ရန်ကုန်တိုင်း အတွင်းရေးမှူး-ယာယီ

(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)

၄၃၆ပြင်ဆင်ဖို့အတွက် ဆန္ဒဖော်ထုတ်ပွဲတွေ ၊ ဟောပြောပွဲတွေလုပ်တာဟာ ဒီမှာဥပဒေပြဌာန်းပြီးသားပဲ။ ဒီမှာက ဥပဒေပြဌာန်းပြီးသားလေ လွှတ်တော်မှာလည်းဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့် တွေပေးထားတာပေါ့။ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပါပါတယ်။ နိုင်ငံသားများ၏မူလအခွင့်အရေးတာဝန် ဆိုတာပေးထားတယ် အဲ့ဒီအတွက် လွတ်လပ်စွာ ပြောဆိုခွင့်တွေ ပေးထားတဲ့အတွက်လွတ်လပ်စွာ ဟောပြောဆွေးနွေးခွင့်တွေ ရှိတဲ့အတွက် နိုင်ငံသားတွေအနေနဲ့အခွင့်အရေးရှိတာကို ခွင့်ပြုချက်တောင်းပြီး ဆန္ဒထုတ်ဖော်နိုင်တယ်ပေါ့။

ဒါပေမဲ့ သူတို့ပေးထားချက်က ဥပဒေနဲ့အညီဆိုရင် ဥပဒေကိုပြင်မယ်ဆိုရင် လွှတ်တော်မှာဘဲ ပြင်ရမယ်။ လွှတ်တော်မှာလည်း ပြည်သူတွေကရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ ရှိပါတယ်။ အဲ့ဒီကိုယ်စားလှယ်တွေ ရှိနေပြီးဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေး ၊ဥပဒေစိုးမိုးရေးဆိုတဲ့ ဟာတွေလုပ်နိုင်တယ် အခုခေတ်ခါမှာ အဲ့ဒီလိုသွားမှလဲဥပဒေစိုးမိုးမှာဖြစ်တယ်။ ဥပဒေကို လိုက်နာရမယ် လေးစားရမယ်။ အဲ့ဒီတော့ဒီလမ်းကြောင်းပေါ်မှာဘဲ သွားမှ အေးအေးချမ်းချမ်းဖြစ်မှာပေါ့နော်။

ဦးခင်မောင်သိန်း

ရန်ကုန်တိုင်း-ဥက္ကဌ

(တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ)

အန်အယ်လ်ဒီက ပထမတုန်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ အချက်အလက်တွေ အများကြီး တောင်းဆိုကြတယ်။ အခုကျတော့ ပုဒ်မ၄၃၆ တစ်ခုတည်းကိုပဲ တောင်းဆိုလာတယ် အမှန်အတိုင်း ကျွန်တော်တို့ ပါတီရဲ့သဘောထားပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ဆိုရင် ပြင်လို့ရနိုင်တဲ့အခွင့်အရေးတွေ (Chances) တွေဒီမိုကရေစီလမ်းကြောင်းအရ ရှိသင့်တယ်။

အခုဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကျတော့ ဒီအခွင့်အရေးက နည်းနေတယ်။ပုဒ်မ၄၃၆က ဒေါ်အောင်ဆန်းစုကြည်လဲ ပြင်ချင်တာပဲ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကလဲ ပြင်ချင်တာပဲ။ ပါတီတွေရဲ့ weight ကမသေးပါဘူး။ ပါတီတော်တော်များများကပြောရင် အစိုးရအဖွဲ့ကလဲ မခံနိုင်ဘူး။ ပါတီတွေရဲ့ weight ကလဲ ဘယ်ကလာလဲဆိုရင် ပြည်သူ့အသံဆီက လာတာ။ ဒီအခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေ ရှိနေပါရဲ့နဲ့ ဘာလို့ နောက်ထပ်ပွဲတွေ ဒါတွေကိုတော့ ကျွန်တော်က အားမပေးချင်ဘူး။ ဒါပေမဲ့ ၈၈နဲ့အန်အယ်လ်ဒီနဲ့ တ.စ.ညနဲ့ ပုဒ်မ၄၃၆ပြင်ဖို့ဟာမှာ အတူတူဘဲ အဲ့ဒီလိုပြင်ဖို့ဟာမှာ ကျွန်တော်တို့က ထပ်ပြီးမလုပ်တော့ဘူး။ ဘာလို့လဲဆိုတော့ Right ရှိနေပြီလေ ပေးထားပြီးပြီ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သည် လွှတ်တော်ထဲမှာပဲပြင်ရမယ်။ လွှတ်တော်ထဲမှာလဲ ရာခိုင်နှုန်းတွေ ပြင်ဖို့လှုပ်ရှားပြီးဖြစ်တဲ့အကြောင့်မို့ ဒီကနေ့ စားဖို့တောင် အနိုင်နိုင်နဲ့ရုန်းကန်နေရတဲ့ ပြည်သူတွေရဲ့ အခြေခံလူတန်းစားတွေ ဘ၀မှာ အတင်းအဓမ္မတစ်ချို့နဲ့လုပ်ရင် ဒါမျိုးတွေ စိုးရိမ်ရတယ်။ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာမှာကို စိုးရိမ်ရတယ်။


. www.MyanmarExpress.net
 

5 comments:

What are these fools talking about. Clause 436 is vital and so essential for the country. It is so obvious to every sane man. Clause 436 must not be touched. it is sacrosanct.

ရင် ဆိုင် ဖို့ထွက်လာပါစေ လက်စွမ်းပြ လိုက်ပေါ့ မင်းတို့က သေနပ် နဲ့ပဲတန်တယ်

နိုင်ငံရေးပါတီအချို့က
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်
ကန့်သတ်ထားသည့် အခန်း(၁၂)မှ ပုဒ်မ(၄၃၆)ကို ပြင်ဆင်ရန်
အကြံပြုပြောကြားချက်များစွာ ၊
လူထုဆန္ဒထုတ်ဖော်မှုများစွာရှိနေခြင်းကြောင့်
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လေ့လာသုံးသပ်ရေးကော်မတီက
အဆိုပါဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန်
မေလတတိယပတ်အတွင်း၌ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

မင်းကိုအရင် သတ်ပြစ်ရမှာ ပလာစတာအုံးအင်ကောင်

ဒေါ်စုက နောက်၁၀ နှစ်ဆိုသေပြီ သူ့တစ်ယောက်တည်းနဲ့ နိုင် ငံတည်ဆောက်ထားတာမဟုတ်ဘူး ငါ့သား ရဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်