From :
.. The Trade Times
..
www.MyanmarExpress.net
၂ဝ၁၂
ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကာလမှာဒီချုပ်ဟာ သူ့ရဲ့
အရေးသုံးပါးကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒီချုပ်ရဲ့ အရေးသုံးပါးက
တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်း ပုံအခြေခံဥပဒေ
ပြင်ဆင်ရေးတို့ပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်တာကာလကို စောင်းငဲ့ကြည့်မယ်ဆိုရင် ဒီချုပ်ဟာ အထက်ဖော်ပြပါ အရေးသုံးပါးမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို ထိပ်တန်းဦးစားပေးနံပါတ်တစ်အနေနဲ့ သတ်သတ်မှတ်မှတ် ပြင်ဆင်လှုပ်ရှားလာတာကိုတွေ့လာရပါတယ်။
လွှတ်တော်နိုင်ငံရေးထဲကို ဒီချုပ်ဝင်လာကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒီလိုပြင်ဆင်နိုင်ဖို့ နှစ်နှစ်တာကာလ အချိန်ယူလာရာကနေခုဆို ပြင်ဆင်ရေးအရှိန်နှုန်းက မြင့် တက်လာခဲ့ပါပြီ။ ဖွဲ့စည်းပုံ အခြေခံနဲ့ပတ်သက်လို့ ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းမှာ ပြင်/သစ် အရေးတော်ပုံထခဲ့ တယ်လို့တောင် ပြောနိုင်ပါတယ်။
တစ်ဖက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထိပ်တင်တယ်။ အခြား တစ်ဖက်က ဖွဲ့စည်းပုံအခြေခံ အသစ်ရေးဆွဲရေးကို ဦးစားပေးတယ်။ နောက်ပိုင်းမှာ ပြင်ဆင်ရေးအင်အားစုက အသာစီးရလာတဲ့ သဘောတွေကိုတွေ့လာရပြီး အသစ်ရေးဆွဲရေးအုပ်စုရဲ့အသံတွေက မှေးမှိန်သွားခဲ့ပါတယ်။
ဒီနှစ်ပိုင်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအင်အားစုအသံရော ပါဝါပါ ကျယ်လောင်အား ကောင်းလာသလို ဖြစ်လာခဲ့ပါတယ်။
အခြေခံဥပဒေနဲ့ ပတ်သက်လို့ရှိရင်းစွဲအနေအထားအတိုင်း ရှိစေလိုတဲ့ အုပ်စုကလည်း ဘက်အသီးသီး မှာရှိနိုင်သလို ပြင်ဆင်ရေးအင်အားစုကလည်း ဘက်အသီးသီး၊ အုပ်စုအသီးသီး ဆီမှာ စိမ့်ဝင်ပျံ့နှံ့နေနိုင် ပါတယ်။ ပြင်ဆင်ရေးကြောင့် ဘာတွေထိခိုက်သွားနိုင်သလဲ။ ပြင်ဆင်ရေးကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ဟာထိခိုက်သွားနိုင်သလား၊ ဒါမှမဟုတ်တရားဥပဒေစိုးမိုးရေးကို ချည့်နဲ့အားနည်း ယိမ်းယိုင်သွားစေနိုင်သလား။ ဆိုခဲ့ပါ နှစ်ချက်ကိုတော့ မဖြစ်မနေထည့်သွင်းစဉ်းစားရမယ်လို့ ထင်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး (ဝါ) အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့တရားဥပဒေစိုးမိုးရေးကို မထိခိုက်စေမယ့် လမ်းကြောင်း၊ ဗျူဟာ ချဉ်းကပ် သွားမယ်ဆိုရင် အထိအခိုက်၊ နစ်နာဆုံးရှုံးမှုတွေ လျော့ပါးသွားစေနိုင်ပါတယ်။
ပြင်ဆင်ရေးကို ဘယ်လမ်းကြောင်းက အစချီမလဲ။ လွှတ်တော်ပြင်ပလမ်းကြောင်းကနေလား။ လွှတ် တော်အတွင်းကလား။ ဒါမှမဟုတ်လွှတ်တော်အတွင်းရော၊ လွှတ်တော်ပြင်ပနည်းကပါ ဒွန်တွဲအသုံးချမလား။
လွှတ်တော်ပြင်ပလမ်းကြောင်း ဆိုရင်လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲအကြီးအကျယ် ဆင်နွှဲရမယ့်သဘော ရှိလေ တော့ စစ်ဘက်အာဏာသိမ်းဖို့ ရွှေလက်နဲ့ ဖိတ်ခေါ်ရာ ရောက်စေနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ က ထောက်ပြပါတယ်။
ဒါဆို လွှတ်တော်တွင်း နည်းလမ်းနဲ့ ချဉ်းကပ်မယ်ဆိုရင်ရော အောင်မြင်နိုင်မလား။ ပြင်ဆင်ရေးမှာ အဓိကအဟန့်အတား ဖြစ်စေနိုင်တာက၂၅ ရာခိုင်နှုန်းသော တပ်မတော်ကိုယ်စားလှယ်များလို့ အများသူ ငါတို့ အလွယ်တကူ နားလည်လေ့ရှိပါတယ်။ သို့ပေမယ့် လွှတ်တော်မှာရွေးကောက်တင်မြှောက်ခံပုဂ္ဂိုလ် စုစုပေါင်း ၇၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။၇၅ ရာခိုင်နှုန်းအပြည့်မရှိပါဘူး။
ရှိတဲ့ ၇၂ ရာခိုင်နှုန်းသော ရွေးကောက်တင်မြှောက်ခံ ပုဂ္ဂိုလ်တွေ အားလုံးကရော ဒီချုပ်ရဲ့ ပြင်ဆင်ရေးလမ်းကြောင်းကို လက်သင့်ခံနိုင်ပါ့မလား။ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သမ္မတနဲ့ကာချုပ်တို့ရဲ့ သဘောထားတွေကိုဒီနှစ်ပိုင်း မတ်လပိုင်းမှာ အသီးသီးဖော်ထုတ်သွားပြီ ဖြစ်တယ်။
ပြင်ဆင်ရေးကြောင့် အကျိုးစီးပွားနဲ့ လုံခြုံရေး ထိပါးနစ်နာဆုံးရှုံးသွားနိုင်မယ့် အုပ်စု၊ အင်အားစုဘက် က တန်ပြန်လာမယ့် တုံ့ပြန်မှု၊ ခုခံမှုတွေကို ချင့်ချိန်တွက်ဆဖို့ လိုပါလိမ့်မယ်။
(၁) ပြင်ဆင်ရေး လမ်းကြောင်းကို အခြေခံမူဘောင်ကနေ လှုပ်ရှားလေလေ ရှိရင်းစွဲအနေအထားကို ထိန်းသိမ်းနိုင်တဲ့အပြင် ပြင်ဆင်ရေးဟာ ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုအသွင်ကနေ အခွင့်အလမ်းအဖြစ် ပြောင်း လဲရှုမြင်သွားစေနိုင်ပါတယ်။
(၂) ပြင်ဆင်ရေးအရှိန် အတိုးအလျှော့ကို ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အရေး နှစ်ပါးနဲ့ ချိန်ညှိကစားဖို့ လိုအပ်မယ်လို့ထင်ပါတယ်။
(၃) ပြင်ဆင်ရေးကြောင့် ရှိရင်းစွဲခင်မင်မှုလေးတွေ အေးစက်မာကျောသွားမယ့် အလားအလာကို ရှောင် ကြဉ်နိုင်သမျှ ရှောင်ကြဉ်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။
ပြင်ဆင်ရေးကို အရှိန်အမြင့်ဆုံးဂီယာတင်နိုင်ဖို့၊ လူထုလှုပ်ရှားမှုကိုလက်ကုန် ဆွဲတင်နိုင်ဖို့ လိုအပ်ပါ လိမ့်မယ်။ ဆွဲတင်သလောက် လူထုက ကြွတက်လာ၊ မလာ ဆိုတာကလည်း မှန်းဆရ ခက်နေတုန်းပါပဲ။
၁၉၈၈ ခုနှစ်က ပြည်သူလူထုနဲ့ ၂ဝ၁၄ ခုနှစ်က ပြည်သူလူထုတို့ မတူကြဘူးဆိုတဲ့ အချက်ကို သတိပြုမိ စေလိုပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်