Subscribe to our RSS Feed

အိုဘယ့်...NGO



  NGO တွေအတွက် သုတေသန အမြဲလုပ်နေတဲ့ စိုပြေ့ဆရာတစ်ယောက်က ပြောဖူးသည်။၈၀% နှင့် ၂၀% ကိစ္စဖြစ်သည်။ အန်ဂျီအိုတွေ အလှူငွေရတာ ၁၀၀% ရှိလျှင် ပြည်သူတွေဆီရောက်တာ ၂၀ ရာခိုင်နှုန်းပဲရှိသည်တဲ့။ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက အန်ဂျီအိုက လူတွေ အသုံးစရိတ်နဲ့ကုန်သည်ဟု ဆရာက ဆိုသည်။အစကတော့ စိုပြေလည်း ဆရာ့စကားကို မယုံ။ ဟုတ်နိုင်ပါ့မလားဟု တွေးမိသည်။

အန်ဂျီအိုဆိုတာ အစိုးရက ပြည်သူတွေအတွက် မလုပ်နိုင်သည့် ကိစ္စများကို လိုက်လံဆောက်ရွက်ပေးရသော အဖွဲ့အစည်းမဟုတ်လား။ပြီးတော့ ပရဟိတ သမားတွေလုပ်ကြတာ။ ဒါကြောင့် အန်ဂျီအိုတွေက လူတွေဟာ အနစ်နာခံပြီး ပြည်သူတွေအတွက် လုပ်ပေးနေတာလို့ စိုပြေ ထင်တာပေါ့လေ။အခုတော့ စိုပြေ ယုံသွားပြီ။

ဟိုတနေ့က သတင်းတပုဒ်တတ်လာသည်။ ယူနီဆက်အဖွဲ့ရဲ့ အိမ်ခန်းငှားခက တစ်လကို ဒေါ်လာ ၈၇၀၀၀ ဆိုပဲ။ ဒေါ်လာ ၈၇၀၀၀ ဆိုတော့မြန်မာငွေနဲ့ ပြန်တွက်လိုက်ရင် ကျပ်သိန်းပေါင်း ၈၃၀ ကျော်နေပြီ။ ဒါတောင် တလစာပဲရှိပါသေးသတဲ့။တနှစ်စာ ဆိုရင် သိန်းပေါင်း ၁ သောင်းကျော်သွားပြီ။ အဲ့လိုမျိုး ၇ နှစ် စာချုပ် ချုပ်ထားတာဆိုပဲ။ ဒါဆို ကျပ်သိန်းပေါင်း ၇ သောင်းကျော်။နည်းနည်းနောနော ငွေမဟုတ်။နောက်ပြီးငှားတဲ့ အိမ်ကလည်း ဗိုလ်ချုပ်ဟောင်းတစ်ဦးအိမ်ဆိုပဲ။ ဗိုလ်ချုပ်ဟောင်းဆိုတော့ အမေရိကန်ရဲ့ တစ်ဦးချင်း ဗီဇာပိတ်ဆို့မှုတို့ စီးပွားရေးပိတ်ဆို့မှုတို့ ခံထားရတဲ့ အိမ်ဖြစ်မပေါ့လေ။ဒီဗိုလ်ချုပ်က အိမ်ငှားခတောင် ဒီလောက် ဈေးရတဲ့ အိမ်ကို ဘယ်လို ပိုင်ဆိုင်ခဲ့လဲ ဆိုတာကတော့ သူ့အကြောင်းနဲ့သူပေါ့လေ။ မိဘမျိုးရိုးစဉ်ဆက် ချမ်းသာတာလည်း ဖြစ်နိုင်သည်။ဒါကတော့ သူ့အလုပ်။

ယူအန်အဖွဲ့အစည်းဖြစ်သည့် ယူနီဆက်အနေဖြင့် ဒီထက် ဈေးပေါတဲ့နေရာမှာ ငှားပြီး ပိုသည်ငွေကို ကလေးသူများအကျိုးအတွက် ပိုပြီး လုပ်လို့ရမှာပဲ ဟုလည်း စိုပြေ့ဥာဏ်သေးသေးလေးနှင့် တွေးမိသည်။သူတို့ ငှားသည့် နေရာက တကယ့်ဈေးကြီးသည့် ၀င်ဒါမီယာထဲက အိမ်။ အဲ့ဒီနေ့ရာမှာမဟုတ်ဘဲ အခြားနေရာမှာ ငှားလျှင် ဒီလောက် ဈေးကြီးမည်မဟုတ်။ သူတို့ကတော့ သွားရေးလာရေးလွယ်ကူသည့် နေရာကို ငှားသည်ဟု အကြောင်းပြနိုင်သည်။ တကယ်တော့ ယူအန်က ၀န်ထမ်းတွေအတွက် အိမ်တိုင်ယာရောက် ကားတွေ စီစဉ်ပေးထားတာပဲမဟုတ်လား။ဒါဆို ဘယ်လောက်ဝေးဝေး လာလို့ရသည်ပဲ။

စိုပြေတို့နေသည့် သန်လျှင်က အိမ်ဆိုလျှင် အိမ်ငှားခကျပ်ငါးသောင်းပဲပေးရသည်။ယူနီဆက် ရုံးခန်းလုပ်ထားသည့် အိမ်ကြီးအိမ်ကောင်းမျိုးဆိုလျှင် အလွန်ဆုံးပေးရ ကျပ်ငါးသိန်းလောက်သာရှိမည်။ အပိုင်ဝယ်လျှင်တောင် သိန်းငါးထောင်မကျော်နိုင်။ အခု သူတို့ငှားထားသည့် သိန်း ၈၃၀ ကျော်နှင့် ဆိုလျှင် အစွန်းထွက်ပင် ကုန်လိမ့်မည်မဟုတ်။ ကိုယ်ပိုင်ကားလေးစီး၊ ဖယ်ရီးကားလေးစီးပြီး အေးဆေးလာလို့ရသည်။ အခုတော့ ပိုက်ဆံအလကား သပ်သပ်ဖြုန်းတီးသည်ဟု စိုပြေမြင်မိသည်။ မှားချင်လည်း မှားလိမ့်မည်။ယူအန်အဖွဲ့အစည်း ၀င်ဒါမီယာထဲပဲ ငှားရမည်ဟု အစိုးရက အမိန့် မထုတ်ထားတာတော့ သေခြာသည်။

နောက်နေ့ကြတော့ သတင်းတပုဒ်ထပ်တတ်လာပြန်သည်။ ယူနီဆက်အဖွဲ့အစည်းတခုထည်းမဟုတ်။ WHO ကလည်း ဒေါ်လာ ၈၃၀၀၀ နှင့် အိမ်ငှားသည်တဲ့။သူများတွေတော့ မသိ။ စိုပြေကတော့ ထိုငွေတွေကို နှမြှောမိသည်။ ထိုငွေတွေနှင့် မြန်မာပြည်သူများ အကျိုးအတွက် အများကြီးလုပ်ပေးလို့ရနိုင်သည်ဟု မြင်မိသည်။မြန်မာပြည်က ကလေးတွေအတွက် လိုအပ်တာတွေအများကြီးရှိသည်။ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး အစုံ အစိုးရက ဘာမှ သေချာမလုပ်ပေးနိုင်သေး။ အစိုးရမလုပ်ပေးနိုင်တော့ အန်ဂျီအိုတွေကများ လုပ်ပေးမလားလို့ သူတို့အိမ်ငှားခနဲ့တင် ဘက်ဂျက်ကုန်သွားနိုင်သည်။

ကြုံတုန်းပြောရလျှင် ယူအန်တွေ၊ အန်ဂျီအိုတွေမှာ လုပ်နေသည့် နိုင်ငံခြားသားတွေက လခတွေကို နင့်နေအောင် ယူထားကြသည်။နိုင်ငံခြားသား အန်ဂျီအိုဝန်ထမ်းတစ်ယောက်အတွက် လခက ဒေါ်လာ တစ်သောင်း အထက်မှာရှိသည်ဟု စိုပြေ့ဆရာက ပြောဖူးသည်။မြန်မာဝန်ထမ်းကျတော့ရော... ဒေါ်လာ တစ်ထောင်အောက်တွေချဉ်းပဲဖြစ်သည်။ အန်ဂျီအိုဝန်ထမ်း တော်တော်များများဆိုလျှင် စိုပြေတို့ သတင်းစာဆရာတွေထက်ပင် လစာနည်းသေးသည်။တကယ်တမ်းလုပ်ရတော့ မြန်မာဝန်ထမ်းတွေပဲဖြစ်သည်။ နိုင်ငံခြားသားတွေကတော့ ဟိုပွဲလေးတတ်လိုက်၊ ပရော့ဂျက်လေးရေးလိုက်နှင့် အေးဆေးပင်။

တခါက အင်္ဂလန်အခြေစိုက် အန်ဂျီအိုကြီးတခု မြန်မာပြည်တွင် ရုံးစိုက်သည်။ အင်္ဂလန်ရုံးမှာ အလုပ်လုပ်နေသည့် မြန်မာတစ်ယောက်ကမြန်မာပြည်ရှိ အဆိုပါ အန်ဂျီအိုကြီးဆီသို့ ပြောင်းရွှေ့ရသည်။ လခကတော့ အင်္ဂလန်မှာ ပေးထားသည့် လခ ဒေါ်လာ တစ်သောင်းလောက်ဖြစ်သည်။မကြာခင်မှာပဲ အဆိုပါ မြန်မာလည်း လခ ဒေါ်လာ ၁၀၀၀ အောက်ဖြစ်သွားသည်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာဖြစ်နေလို့တဲ့။သူလိုကိုယ်လို ဘာမှမတတ်သည့် နိုင်ငံခြားသားများလည်း အန်ဂျီအိုတွင်လုပ်လျှင် လခကောင်းသည်။ သူ့တို့ထက် တော်သည့် ထက်သည့် မြန်မာတွေကတော့ သူတို့လခထက် အဆငါးဆယ်လောက် နည်းသည့်လခလေးဖြင့်လုပ်နေရရှာသည်။

အန်ဂျီအိုမှာအလုပ်လုပ်တဲ့ မြန်မာတွေများ နိုင်ငံခြားမှာလုပ်တော့လည်း မြန်မာမို့လို့ လခနည်းသည်။ မြန်မာပြည်ပြန်လာလုပ်တော့လည်း မြန်မာမို့လို့ လခနည်းသည်။မြန်မာဆိုတာနှင့် ခံပေတော့။နိုင်ငံခြားမှာတော့ အန်ဂျီအိုဈေးကွက်ဆိုတာရှိသည်ဟု ကြားဖူးသည်။ သူတို့ဆီမှာတော့ အန်ဂျီအိုအလုပ်သည် စီးပွားရေးအလုပ်လိုဖြစ်သည်။ယခုလည်း မြန်မာပြည်မှာ သူတို့လိုဖြစ်နေပါပြီ။

မြန်မာပြည်ကလည်း နည်းနည်းတော့ ဆန်းသည်။ အန်ဂျီအိုမှာ အလုပ်ရဖို့ တော်ဖို့လိုသည်။ လူတော်ဖို့မဟုတ်။အမျိုးတော်ဖို့ဖြစ်သည်။ အန်ဂျီအိုမှာလုပ်နေသူတစ်ယောက်ယောက်နှင့် အမျိုးတော်ရမည်။ ဒါမှ အလုပ်ရမည်ဖြစ်သည်။အစိုးရအလုပ်ထက်ပင် ခက်သေးသည်။

နောက်ပြီး အန်ဂျီအိုတွေကို မေးမြန်းဖို့ဆိုလျှင် အစိုးရကို မေးရသည်ထက်ပင် ခက်သေးသည်။ ယခုဆိုလျှင် အစိုးရကိုတောင် ဘာမေးမေးရနေသည်။အန်ဂျီအိုတွေကတော့ ဒီလိုမဟုတ်။ အရာအားလုံး လျို့ဝှက်ထားကြသည်။ တစ်ခုခုမှားဖြေမိလျှင် အလုပ်ပြုတ်မှာကြောက်ပုံရသည်။လခကောင်းတွေဆိုတော့ အလုပ်ပြုတ်မှာကြောက်ပေမပေါ့လေ။ခရီးသွားလျှင် အကောင်းစားဟိုတယ်မှာ တည်းသည်။ အကောင်းစား အစားအစာစားသည်။ အကောင်းစားယာဉ်စီးသည်။နောက်ပြီးအန်ဂျီအိုဝန်ထမ်းဟောင်းတဦးရေးထားသည့် စာကို ဖတ်ဖူးသည်။ သူရေးထားသည်က အန်ဂျီအိုတွေအနေနှင့် ပစ္စည်းဝယ်လျှင် ဈေးကြီးကြီးနှင့် ၀ယ်ပြီး ဆိုင်က ကော်မရှင် ယူကြသည်တဲ့။ကြားလို့မှမကောင်း ပြည်သူ့အတွက် လခကောင်းကောင်းနှင့် အလုပ်လုပ်နေပြီး ပြည်သူတွေအတွက် ပစ္စည်းတွေအပေါ်မှာ ကော်မရှင်တွေ ပြန်ယူသည်။

အထက်ကရေးခဲ့သည့် တလ သိန်း ၈၃၀ တန်အိမ်ငှားခသည်လည်း ကော်မရှင်များ ယူထားသလား စဉ်းစားစရာဖြစ်သည်။မြန်မာ့ အိမ်ခြံမြေဈေးကွက် ဈေးကြီးရသည့် အကြောင်းအရင်းတွင် အန်ဂျီအိုတွေလည်း တထောင့်တနေရာက ပါနိုင်သည်။ဘာပဲဖြစ်ဖြစ်လေ။ စိုပြေနဲ့ မဆိုင်ပါဘူး။ သူ့အလုပ်သူလုပ်နေကြတာပဲ။မြန်မာ ပြည်သူတွေက တနေ့ ၂၀၀၀ နဲ့ လောက်အောင် စားနေကြတာမဟုတ်လား။ ပြည်သူတွေကို အကြောင်းပြပြီး သူတို့ အန်ဂျီအိုတွေယူအန်တွေ ကောင်းကောင်းနေ၊ ကောင်းကောင်းစား နိုင်ရင် ပြီးတာပါပဲလေ။စိုပြေတို့က ဘုရားသခင်နောက်ဆုံးမှ ဖန်တီးခဲ့တာဆိုတော့ မျောက်တွေနဲ့ သိပ်မခြားဘူးလို့ သူတို့ ထင်ရင်ထင်မှာပေါ့။


စိုပြေ

2 comments:

အန်ဂျီအိုတွေ ဝါးမဝါးတော့ ဝေးဝေးမကြည့်ပါနဲ့။ မကြာသေးခင်ကလွတ်ခပ်ရေးရသွားတဲ့အရှေ့ တီမောကိုကြည့်ပါ။ အင်ဒိုကနေခွဲထွက်ပြီးတာနဲ့ဝရုန်းသုန်းကားမတည်ငြိမ်သေးချိန်မှာနံမည်ပေါင်းစုံခံထားတဲ့အန်ဂျီအို တွေစုပြုံ ဝင်လာတယ်။မျောက်ပြဆန်တောင်းပွဲတော်ကြီးလုပ်ပြီးဖုတ်ဖက်ခါငွေထုပ်ပိုက်ပြန်ထွက်သွားတော့ သာမန်ပြည်သူကဒုံရင်းကဒုံရင်းဆင်းရဲတွင်းကမတက်ပဲဒီအတိုင်းကျန်ခဲ့တယ်။ မွဲတဲ့ဘဝကအင်ဒိုလက်အောက်မှာတုံးကနဲ့ဘာမှမထူးဘူး။ထောသွားတာအန်ဂျီအိုတွေ။လက်ရှိမြန်မာပြည်ကတော့ ဂွင်ပိုကြီးတော့ အခုလုပ်နေတဲ့ အန်ဂျီအိုတွေ အသဲအသန် အမဲဝိုင်းဖြတ်နေကြတာပေါ့။

အန်ဂျီအိုမှာအလုပ်လုပ်တဲ့ မြန်မာတွေများ နိုင်ငံခြားမှာလုပ်တော့လည်း မြန်မာမို့လို့ လခနည်းသည်။ မြန်မာပြည်ပြန်လာလုပ်တော့လည်း မြန်မာမို့လို့ လခနည်းသည်။မြန်မာဆိုတာနှင့် ခံပေတော့
Outright national discrimination by UN.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်