Subscribe to our RSS Feed

ကေအိုင်အေအဖွဲ့မှ လူသစ်စုရန်အတွက် အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားသူများ တပ်မတော်စစ်ကြောင်းရှိရာသို့ ထွက်ပြေးခိုလှုံ



မြစ်ကြီးနားမြို့နယ်၊ တန်ဖဲကျေးရွာအနီးတွင် ကေအိုင်အေအဖွဲ့မှ လူသစ်စုရန်အတွက်
အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားသည့် ဒေသခံတိုင်းရင်းသားများ တပ်မတော်စစ်ကြောင်း
အခြေပြုနေသော အင်ဂျစ်ကျေးရွာသို့ ထွက်ပြေးခိုလှုံလာခဲ့ကြောင်း သိရသည်။

ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် မေလဆန်းပိုင်းမှ စတင်၍
မြစ်ကြီးနားမြို့နယ် အတွင်းရှိ အာလမ်ကျေးရွာနှင့် မြစ်ဆုံဒေသ အနီးတဝိုက်တွင် လူသစ်
စုဆောင်းမှုများ ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ ဝန်ထမ်းနှစ်ဦး အပါအဝင် ၅၇
ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခံရသူ အများစုမှာ မြန်မာပြည်အောက်ပိုင်းမှ
ကချင်ပြည်နယ်သို့ လာရောက် အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများလည်း ပါဝင်သည်။

သို့သော် တပ်မတော်စစ်ကြောင်းများ၏ စနစ်တကျပိတ်ဆို့ရှာဖွေမှုနှင့်
အဓမ္မလူသစ် စုဆောင်းခံရသူများ၏ မိဘများကကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေစဉ်အတွင်းKIO နည်းပညာအကြံပေးအဖွဲ့ရုံးရှေ့တွင် မေ ၁၃ ရက် ညနေပိုင်းက ဖမ်းထားသူများ ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့မှုကြောင့် ကေအိုင်အေအဖွဲ့၏ အဓမ္မလူသစ် စုဆောင်းခံရသူ ကျား (၅၃) ဦး၊ မ (၅) ဦးတို့ ပြန်လည်လွတ်မြောက်ခဲ့ပြီး 
၎င်းတို့၏မိဘများထံ စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ကို ခေါ်သွားတဲ့ တောထဲမှာ အစားအသောက်အရမ်းရှားတယ်။ ပြီးတော့ သူတို့က
ဘယ်တော့ တစ်ခုခုလုပ်မလဲဆိုပြီး ကြောက်နေရတယ် ။ ကျွန်မ မပျော်ဘူး။
ကေအိုင်အေထဲလည်းမ၀င်ချင်ဘူး၊ ကျောင်းတက်ချင်သေးတယ် ” ဟု ကေအိုင်အေ
တပ်ဖွဲ့ဝင်များ ဖမ်းဆီး ခေါ်ဆောင်သွားရာမှ ထွက်ပြေး လွတ်မြောက်လာသူ အူဗျစ်ကျေးရွာမှ
အသက် ၁၄ နှစ်အရွယ် မရွယ်ဘူးက ပြောဆိုသည်။

ကေအိုင်အို (ဗဟို) က အစိုးရ၏ အုပ်ချုပ်ရေး စည်းအတွင်းသို့ ဝင်ရောက်ကာ ပြသာနာ
ဖြစ်နိုင်သော အပြုအမူများ မပြုလုပ်ရန်နှင့် လူသစ် စုဆောင်းရာတွင် အသက်အရွယ်
မပြည့်မီသူများကို လူသစ် စုဆောင်းခြင်း မပြုလုပ်ရန် ညွန်ကြားထားသော်လည်း
လက်အောက်ခံတပ်များမှ အမိန့်နာခံမှုမရှိပဲ ထင်ရာစိုင်းကာ အတင်းအဓမ္မ
လူသစ်စုဆောင်းနေသဖြင့် နိုင်ငံရေးလေ့လာသုံးသပ်သူများကကေအိုင်အေ (ဗဟို) ၏
 သြဇာအာဏာသည် အောက်ခြေရှိတပ်ဖွဲ့များသို့ သက်ရောက်မှုမရှိကြောင်း
ပြောဆိုခဲ့ပြီး ယခုကဲ့သို့ အတင်းအဓမ္မ လူသစ်စုဆောင်းနေခြင်းအပေါ်
ဒေသခံများမှလည်း ကျီးလန့်စာစားဖြင့် များစွာ စိတ်ပျက်လျက်ရှိကြောင်း သိရသည်။


ကေအိုင်အေအဖွဲ့မှ အတင်းအဓမ္မလူသစ် စုဆောင်းခံရ၍ တပ်မတော်စစ်ကြောင်းရှိရာ 
အင်ဂျစ်ကျေးရွာသို့ အားကိုးတကြီး ထွက်ပြေးလာကြသူ ၉ ဦး


၁။ မောင်ဆောင်ခေါ (၁၄) နှစ် ၊ နောင်ချိန်းရပ်ကွက် (၅) ၊ ၀ိုင်းမော်မြို့။

၂။ မောင်နော်လာ (၁၉) နှစ် ၊ နောင်ချိန်းရပ်ကွက် (၅) ၊ ၀ိုင်းမော်မြို့။

၃။ မောင်လွမ်းခေါင် (၂၃) နှစ် ၊ အထက်မော်ဖောင်း။

၎။ မောင်ဘရန်ဆိုင်း (၃၀) နှစ် ၊ ဒွန်ဂန်ကျေးရွာ။

၅။ မခိုင်နူး (၂၁) နှစ် ၊ အူဗျစ်ကျေးရွာ။

၆။ မရွယ်ဘူး (၁၄) နှစ် ၊ အူဗျစ်ကျေးရွာ။

၇။ မဆိုင်းလိုင် (၁၉) နှစ်၊ တန်ဖဲရွှေမှော်တွင် ဖမ်းဆီးခံရ။

၈။ မောင် တူးရိန် ( ၁၈ ) နှစ်၊ တန်ဖဲရွှေမှော်တွင် ဖမ်းဆီးခံရ။

၉။ မောင်တူးတူးခေါင် (၁၇ ) နှစ်၊ တန်ဖဲရွှေမှော်တွင် ဖမ်းဆီးခံရ။




0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်