Subscribe to our RSS Feed

ကိုရီးယားနှင့် ပူးပေါင်း၍ သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ သီလဝါတွင် တည်ဆောက်မည်

From : ခေတ်လူငယ်


သီလဝါစက်မှုဇုန်တွင် ကိုရီးယားနှင့် အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မဂ္ဂါဝပ် ၅၀၀ ထွက်ရှိမည့် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ယခုနှစ်အတွင်းမှစတင်၍ တစ်နှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ “သီလဝါစက်မှုဇုန်အတွက် ဓါတ်အားပေးနိုင်ဖို့ သီသန့်ဓါတ်အားပေးရုံ တစ်ရုံ တည်ဆောက်တာပါ။ ကိုရီးယားက တည်ဆောက်မယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။ အဆိုပါ ဓါတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန်အတွက် ၂၀၁၁ ဒီဇင်ဘာ ၂၁ ရက်တွင် ကိုရီးယားနိုင်ငံ Busan Korean Biotechnology Co.,Ltd. ကုမ္ပဏီနှင့် အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ “အခုလိုမျိုး စက်မှုဇုန်တွေအတွက် သီးသန့်ဓါတ်အားပေးရုံ တည်ဆောက်ပြီးလုပ်တာက ကောင်းပါတယ်။ လက်ရှိ ရန်ကုန်မှာဆိုရင် နွေရာသီ ရောက်တာနဲ့ စက်မှုဇုန်တွေပါ အလှည့်ကျမီးပေးစနစ်နဲ့ သွားနေတာဆိုတော့ အလုပ်မဖြစ်ဘူး။ သူ့ဓါတ်အားပေးစက်ရုံနဲ့ သူဆိုတော့ အဆင်ပြေတယ်” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောသည်။ ဓါတ်အားပေးစက်ရုံ တည်ဆောက်ရာတွင် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးရုံနှင့် စွန့်ပစ်အပူသုံး ဓါတ်အားပေးရုံတစ်ရုံပါ ပူးတွဲတည်ဆောက်ရန် လျာထားကြောင်း သိရသည်။ “ရန်ကုန်မှာက ဓါတ်အားပေးရုံ လေးရုံကနေ ၂၅၁ ဒသမ ၃ မဂ္ဂါဝပ်ပဲ ထုတ်လွှတ်နိုင်တယ်။ သုံးစွဲတာနဲ့ ထုတ်လွှတ်တာက မမျှဘူးဖြစ်နေတယ်” ဟု ဦးမောင်မောင်လက်က ထပ်မံပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အားသုံးစွဲမှုမှာ ၂၀၀၉ ခုနှစ်တွင် ၄၀၉ မဂ္ဂါဝပ်၊ ၂၀၁၀ ပြည့်နှစ်တွင် မဂ္ဂါဝပ် ၅၂၀၊ ၂၀၁၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀နှင့် ၂၀၁၂ ခုနှစ်တွင် မဂ္ဂါဝပ် ၇၅၀ အထိသုံးစွဲခဲ့ပြီး တစ်နှစ်လျှင် မဂ္ဂါဝပ် ၁၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲလျက်ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှသိရှိရသည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်