From :
..သမ္မတရုံး
..
www.MyanmarExpress.net




နေပြည်တော် မေ ၉
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၆
နာရီခွဲတွင် နေပြည်တော် ကောင်စီနယ် မြေ ဒက္ခိဏသီရိမြို့နယ်
ဟိုတယ်ဇုန်အနီးရှိ ငလိုက်ဆည်ရေသောက် စနစ် တစ်ဆက် တစ်စပ်တည်း
စက်မှုလယ်ယာမြေစနစ် ဧက ၃ဝဝဝ စိုက်ကွင်းအတွင်း ပုလဲသွယ်စပ် မျိုးနွေစပါးများ
စိုက်ပျိုးပြီးစီးမှုနှင့် အနှံများစုံညီစွာထွက်ရှိပြီး ဖြစ်ထွန်းအောင်မြင်
နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ပြည်ထောင်စုဝန်ကြီး
ဦးမြင့်လှိုင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်တို့က
စက်မှုလယ်ယာမြေစနစ် လယ်မြေ ဧက ၃ဝဝဝ အား ရာနှုန်းပြည့် ဖော်ထုတ်ပြီးစီးမှု၊
ရေသွင်း၊ ရေထုတ်မြောင်း စနစ်များနှင့် ကုန်ထုတ်လမ်းများ ဖောက်လုပ်
ပြီးစီးမှုနှင့် နွေစပါး စိုက်ပျိုးရာသီအတွင်း ပုလဲသွယ် စပ်မျိုးစပါးများကို
တစ်ဆက်တစ်စပ်တည်း အောင်မြင်စွာ ထွန်တုံးပိတ်စိုက်ပျိုး အကောင်အထည်ဖော်
ပြီးစီးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက နေပြည်တော်ကောင်စီ
နယ်မြေကို ဗဟိုပြု၍ ဆည်ရေသောက် လယ်မြေများကို စက်မှုလယ်ယာမြေစနစ်သို့
ကူးပြောင်းပြီး နွေစပါး အပါအဝင် သီးထပ်သီးညှပ်များ
အောင်မြင်စွာစိုက်ပျိုးပြသမှုကို တောင်သူလယ်သမားများ လက်တွေ့ ထိထိရောက်ရောက်
အကျိုးကျေးဇူး ရရှိခံစားစေနိုင်ရေးအတွက် မျိုးစေ့ချ စိုက်ပျိုးသည်မှ
ဈေးကွက်သို့တင်ပို့ရောင်းချသည့် အဆင့်ထိ အစမှ လယ်အဆုံးတိုင်အောင်
စိတ်ကောင်း စေတနာအပြည့်အဝဖြင့် လက်တွေ့ရိုင်းပင်းကူညီ ဆောင်ရွက်ပေးသွား
ကြရမည်ဖြစ်ကြောင်း။
ကာယကံရှင် တောင်သူလယ်သမားများ တစ်ဦးချင်း
ကိုယ်တိုင်အနေဖြင့် နိုင်ငံတော်၏ စေတနာကို ယုံယုံကြည်ကြည်ဖြင့်
ကိုယ်တိုင်လက်တွေ့ပါဝင် ကြိုးစားလုပ်ကိုင်ကြခြင်း အားဖြင့်
မည်သည့်အတိုင်းအတာထိ လက်ငင်းလက်တွေ့ ဝင်ငွေအကျိုးကျေးဇူး ဖြစ်ထွန်း
ရရှိစေနိုင်မည်ကို ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းများဖြင့် ပြသဆောင်ရွက်ရန်
လိုအပ်မည် ဖြစ်ကြောင်း။
လက်တွေ့ ရလဒ်များအပေါ် မူတည်၍ နိုင်ငံတစ်ဝန်း
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်လည်း စက်မှုလယ်ယာစနစ် လယ်ကွင်းများ
ပေါ်ထွန်းလာစေရေး ဟန်ချက်ညီညီ
ကြိုးပမ်း လုပ်ဆောင်ခြင်းအားဖြင့် တောင်သူလယ်သမားများကို ဒေသအလိုက် ထိထိ ရောက်ရောက် ရိုင်းပင်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
နိုင်ငံ၏ လူတိုင်းအတွက် အဓိကစားသုံး
သီးနှံအမယ်ဖြစ်သော စပါးသီးနှံကို ဆည်ရေသောက်ဒေသ လယ်မြေများတွင်
တစ်သီးအောင်မြင်အောင် အကျိုးရှိဆုံး စိုက်ပျိုးကြစေပြီး ကျန်ရာသီအလိုက်
သီးနှံများကို ဈေးကွက်ဝင်၊ ဝင်ငွေတွက်ခြေကိုက်စေမည့် သီးနှံအမယ်များကို
ဒေသရာသီဥတု၊ ဈေးကွက်အခြေအနေနှင့် ကိုက်ညီစွာ စိုက်ပျိုးနိုင်ကြ စေရေးအတွက်
သီးနှံပုံစံရွေးချယ်မှု (Crop Pattern ) အား လက်တွေ့ စိုက်ပျိုးပြသ
ဆောင်ရွက်ပေးရန်နှင့် ဈေးကွက်၏ အရေးပါမှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်
မီဒီယာ နည်းလမ်းများဖြင့် အသုံးပြုဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် စက်မှုလယ်ယာမြေစနစ် ဧက
၃ဝဝဝ စိုက်ကွင်းအား လှည့်လည် ကြည့်ရှုကာ အလျင်လိုကျေးရွာအနီး တည်ဆောက်
တပ်ဆင်စမ်းသပ် လည်ပတ်လျက်ရှိသော သရက်သီးသီးနှံ အရည်အသွေး မြှင့်တင်သည့်စက်
(Mango Processing Plant) စတင် စမ်းသပ်လည်ပတ်နေမှုကို စစ်ဆေး
ကြည့်ရှုအားပေးပြီး နိုင်ငံတစ်ဝန်း ထုထည်ပမာဏ ကြီးမားစွာဖြင့်
စိုက်ပျိုးရာသီအလိုက် စိုက်ပျိုးထွက်ရှိလာသော စိုက်ပျိုးရေးထွက်ကုန်
သစ်သီးဝလံသီးနှံများကို နိုင်ငံတကာ အဆင့်မီ စံချိန်စံညွှန်းများဖြင့်
အရည်အသွေးမြှင့်တင် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေးနှင့် ခိုင်မာသော
ဈေးကွက်အား ရှာဖွေရန်လိုကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့်
စိုက်ပျိုးရေးထွက်ကုန်များကို စားသုံးသူ အကြိုက် ဈေးကွက်တွင်
ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်ရေး အရည်အသွေးပိုင်း မြှင့်တင်သည့်
နည်းပညာနှင့် စက်ကိရိယာများကို ကျယ်ပြန့်စွာ တပ်ဆင်အသုံးပြုလာနိုင်ရေး
အားပေးဆောင် ရွက်သွားရန် လိုကြောင်းမှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည်
စပါးစိုက်ကွင်းများနှင့် သရက်သီးသီးနှံ အရည်အသွေး မြှင့်တင်သည့်စက် (Mango
Processing Plant) အား လာရောက်လေ့လာကြသည့် နိုင်ငံတော်သမ္မတ၏ အမျိုးသား
စီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး နှင့်အတူ အီဖတ်
(IFAD- International Fund for Agricultural Development) အဖွဲ့မှ Country
Programme Manager Dr. Wang၊ Agricultural Economist Mr. Rayner၊ Mr.
Arban၊ Ms. R.Rosal တို့အား လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လယ်ယာ ကဏ္ဍ
ဖွံ့ဖြိုး တိုးတက်ရေးအတွက် IFAD အဖွဲ့မှ သက်သာသော အတိုးနှုန်းထားဖြင့်
ချေးငွေများ အကူအညီပေးရန် ကမ်းလှမ်းတင်ပြချက်အပေါ် ကြိုဆိုကြောင်း
ဆွေးနွေးပြောကြားသည်။
IFAD အဖွဲ့သည် နိုင်ငံတော်အစိုးရ၏
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်သူလယ် သမားများ
ဝင်ငွေတိုးတက်စေရေး အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို
အချိန်တို ကာလအတွင်း ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်နေမှုများကို အားရ
မြင်တွေ့ရသည့်အတွက် ပိုမို၍ လုပ်ငန်းများအား အရှိန်အဟုန်မြှင့်
တင်ဆောင်ရွက်နိုင်ရေး ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၃၆ သန်းအား သက်သာသော
အတိုးနှုန်းထား ချေးငွေအဖြစ် စက်မှုလယ်ယာ စနစ်ကူးပြောင်းနိုင်ရေး
လုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးပြုနိုင်ရန် ကမ်းလှမ်းရခြင်း
ဖြစ်ပါကြောင်း။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းတွင် တလုံးတစည်းတည်း
သုံးစွဲခြင်းအားဖြင့် ထိရောက်သော အောင်မြင်မှုကို ရရှိနိုင်မည်ဟု
ယုံကြည်သည့်အတွက် သက်ဆိုင်ရာ ဌာနများနှင့် ဆက်လက်ညှိနှိုင်း အကောင်အထည်
ဖော်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း IFAD အဖွဲ့မှ တင်ပြရာ နိုင်ငံတော်သမ္မတက
လယ်ယာကဏ္ဍ တိုးတက်ပြောင်းလဲရေး လုပ်ငန်းများ အတွက် အခြေခံလိုအပ်ချက်
တစ်ရပ်ဖြစ်သည့် စက်မှုလယ်ယာ ကူးပြောင်းရေးကို IFAD အဖွဲ့မှ သက်သာသော
အတိုးနှုန်းဖြင့် ချေးငွေအကူအညီ ကမ်းလှမ်းတင်ပြချက် အပေါ်တွင်
ကြိုဆိုကြောင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ထိထိရောက်ရောက်
မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ရေးအတွက် စနစ်တကျ လုပ်ငန်းစဉ်
အဆင့်ဆင့်အတိုင်း ဆက်လက် ဆောင်ရွက် ပေးသွားကြရန် ဆွေးနွေးမှာကြားသည်။
ဆန်စပါးသီးနှံ အပါအဝင် လယ်ယာကဏ္ဍ ထွက်ကုန်များကို
နိုင်ငံတကာ ဈေးကွက်၏ စံချိန်စံညွှန်း၊ အရည်အသွေးနှင့် ကိုက်ညီစွာ
ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေးအတွက် လိုအပ်ချက်ရှိသော သီးနှံများ
အဆင့်မြင့် အရည်အသွေးမြှင့်တင် ထုတ်လုပ်သည့် နည်းပညာနှင့် အရည်အသွေး
မြှင့်တင်သည့် စက်ကိရိယာ (Processing Plant) များ လိုအပ်ချက်များ အပေါ်တွင်
ပုဂ္ဂလိက အခန်းကဏ္ဍမှ ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံပါဝင်
ဆောင်ရွက်လာကြရေးကိုလည်း IFAD အဖွဲ့နှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများ
အနေဖြင့် ကျယ်ပြန့်စွာ အပြန်အလှန် ညှိနှိုင်းပေါင်းစပ် ပူးပေါင်းအကောင်
အထည်ဖော်ဆောင်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်