Subscribe to our RSS Feed

ပုဂ္ဂလိကသတင်းစာများ ထွက်ရှိလာပြီးနောက် အပတ်စဉ်ထုတ် ဂျာနယ်များ အရောင်းအေး

From : ..Light Of Myanmar


ပြန်ကြားရေးဝန်ကြီးဌာနက ပုဂ္ဂလိကသတင်းစာများကို လွန်ခဲ့သည့် ဧပြီလအတွင်းက ထုတ်ဝေခွင့်ပြုခဲ့ပြီးနောက် ဂျာနယ်များ အရောင်းအဝယ် အေးလာကြောင်း တာမွေမြို့နယ် ဂျာနယ်အရောင်းဆိုင် တစ်ဆိုင်မှ ဂျာနယ်ရောင်းသူ တစ်ဦးက ပြောသည်။ ''ကျွန်တော့်ဆိုင်မှာ ပုဂ္ဂလိကသတင်းစာတွေ မထွက်ခင်ကဆိုရင် ထွက်သမျှ ဂျာနယ်တွေက တစ်ပတ်အတွင်းမှာ တဖြည်းဖြည်းကုန်သွားတာ များတယ်။ အခု တစ်ပတ်နှစ်ပတ် မကုန်တော့ဘူး၊ အကျန်တွေ သိပ်များတယ်။ အရောင်းအတော်လေး အေးသွားတယ်'' ဟု ဦးခင်ရွှေက ပြောသည်။ ''ဂျာနယ်ဖတ်တဲ့ ပရိသတ်တွေက သတင်းစာဖတ် ပရိသတ်တွေ ဖြစ်လာတယ်။ ဂျာနယ်က တစ်စောင်ကို သုံးလေးငါးရာ ပေးရတယ်။သတင်းစာက တစ်စောင်ကို နှစ်ရာကျပ်ဆိုတော့ သတင်းစာပဲ ဖတ်လာတာ တွေ့ရတယ်။ ယခင် ဂျာနယ်ဖတ် ပရိသတ်တွေက သတင်းစာတွေဘက်ကို အာရုံပြောင်းလာတာ တွေ့ရတယ်'' ဟု ဦးခင်ရွှေက ဆက်လက် ပြောကြားသည်။ ပြန်ကြားရေးဝန်ကြီးဌာနက လွန်ခဲ့သော ဧပြီလမှစပြီး ပုဂ္ဂလိကသတင်းစာ ၂၆ စောင်အထိ ထုတ်ဝေခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ယင်းတို့တွင် မြန်မာဘာသာဖြင့် ထုတ်ဝေသော သတင်းစာမှာ ၂၄ စောင်ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခွင့် ပြုထားသည်မှာ နှစ်စောင်သာ ရှိသည်။ အဆိုပါ သတင်းစာများအနက် လောလောဆယ် ထွက်ရှိလာသော ပုဂ္ဂလိက သတင်းစာမှာ ၁ဝ စောင်ပင် ဈေးကွက်သို့ ရောက်ရှိလာသော်လည်း ပြည့်မီအောင် ထုတ်လုပ်လာခြင်းကို မတွေ့ရသေးပါ။ အချို့သော သတင်းစာများမှာ ထွက်ရှိရန် ပြင်ဆင်နေကြဆဲဖြစ်ကြောင်း သိရသည်။ ယခု ထုတ်ဝေခွင့် ပြုထားသော ပုဂ္ဂလိကသတင်းစာ ၂၆ စောင်နှင့် ယခင်က ထုတ်ဝေလျက်ရှိသော အစိုးရပိုင်နှင့် ဌာနဆိုင်ရာပိုင် သတင်းစာများ ပေါင်းလိုက်မည်ဆိုပါက မြန်မာနိုင်ငံတွင် နေ့စဉ်ထွက်ရှိသော သတင်းစာစောင်ရေမှာ ၃ဝ ကျော် ရှိလာမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေသန်း ၆ဝ တွင် ၇ဝ ရာခိုင်နှုန်းမှာ ကျေးလက်နေ ပြည်သူများ ဖြစ်ကြသည်။ လက်ရှိ ထွက်ရှိနေသော သတင်းစာများနှင့် ဂျာနယ်များကို အများဆုံး ဝယ်ယူဖတ်ကြသူ အများစုမှာ ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများနှင့် အခြားဝင်ငွေ ကောင်းသူများကသာ အများဆုံး ဖတ်ရှုနေကြသည်ကို လေ့လာတွေ့ရှိရသည်။ ၇ဝ ရာခိုင်နှုန်းသော ပြည်သူများမှာ သတင်းစာ မဖတ်ကြဟု မဆိုလိုပါ။ ဝင်ငွေအပေါ် တွက်ဆနေရခြင်း၊ သတင်းစာများ ကျေးလက်ဈေးကွက်သို့ ရောက်ရှိမှု နည်းပါးခြင်းတို့ကြောင့် ကျေးလက်နေပြည်သူများ သတင်းစာနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ သို့သော် အနည်းနှင့်အများ ဖတ်ရှုကြသည်။ အများဆုံး ဖတ်ကြသူများမှာ မြို့ပြနေစီးပွားရေး အဆင်ပြေကြသူများနှင့် ဝင်ငွေ အတန်အသင့်ရှိသူများ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ထွက်ရှိဆဲ၊ ထွက်ရှိရန်ပြင်ဆင်နေသော သတင်းစာ အစောင် ၃ဝ ကျော်ကို ၃ဝ ရာခိုင်နှုန်းသော ပြည်သူများကသာ အများစု ဖတ်ရှုကြပါလိမ့်မည်။
 
.. www.MyanmarExpress.net
 

1 comments:

မထူးပါဘူးကြီးဒေါ်၇ာ သတင်းတွေကအတူတူ၇ယ်။နေက်ဆုံး
အ၇ှုံးမခံနိုင်တဲ့ကောင် ထွက်သွားလိ၎့်မယ်။ကျွုပ်တို့လူမျိုးက
သူများလုပ်၇င်လိုက်လုပ်တဲ့ သောက်ကျင့်ကဘယ်တော့မှ
ပျောက်မယ်မထင်ဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်