From :
..သမ္မတရုံး
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဆက်လက်ရှင်သန်
ဖွံ့ဖြိုးလာစေရန် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက်ကြိုးပမ်း
ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မစ္စတာ အိုဘားမား ပြောကြားသကဲ့သို့ ရှေ့သို့
ဆက်လက်ချီတက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားပြီး အခမ်းအနား ကို
ရုပ်သိမ်းလိုက်သည်။
နေပြည်တော် မေ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် မေ (၂ဝ) ရက် ဒေသစံတော်ချိန် မွန်းလွဲ(၂)နာရီတွင် အမေရိကန်
ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ သမ္မတအိမ်ဖြူတော်သို့ သွားရောက်၍
အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာဘာရတ်အိုဘားမား နှင့် တွေ့ဆုံဆွေးနွေးသည် ။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့်
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေတို့ တက်ရောက်ကြပြီး
အမေရိကန်ပြည်ထောင်စု သမ္မတနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်
သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်လည်း တက်ရောက်သည်။
တွေ့ဆုံဆွေးနွေးပွဲအပြီး ညနေ(၃)နာရီခွဲတွင်
နှစ်နိုင်ငံခေါင်းဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို
သမ္မတအိမ်ဖြူတော်၌ ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် သမ္မတ ဘာရတ်အိုဘားမားက နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်အား အမေရိကန်ပြည်ထောင်စုကရော၊ အိမ်ဖြူတော်ကပါ လှိုက်လှဲစွာ
ကြိုဆိုပါကြောင်း၊ မိမိအနေဖြင့် ယမန်နှစ်က မြန်မာနိုင်ငံသို့
ပထမဆုံးလာရောက်သည့် အမေရိကန် သမ္မတတစ်ဦး အဖြစ် ရောက်ရှိခဲ့သဖြင့်
ဂုဏ်ယူပါကြောင်း၊ အလားတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်လည်း နှစ်ပေါင်း
(၅ဝ) အတွင်း အမေရိကန်နိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့်
မြန်မာခေါင်းဆောင်တစ်ဦး ဖြစ်သည့်အတွက် ကောင်းမွန်သည့်
ခရီးစဉ်ဖြစ်ပါကြောင်း၊ ယခင်နှစ် (၅ဝ) က နှစ်နိုင်ငံဆက်ဆံရေးမှာ
တင်းမာမှုများ ရှိခဲ့ပါကြောင်း။
ယခုအခါ ဆက်ဆံရေး ပြောင်းလဲလာရခြင်းမှာ
မြန်မာနိုင်ငံတွင် သမ္မတကြီး၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို
စီးပွားရေး အရရော၊ နိုင်ငံရေးအရပါ ပြုပြင်ပြောင်းလဲမှုများ
ဆောင်ရွက်လာသည့်အတွက် ဖြစ်ပါကြောင်း၊ (၂)နှစ်တာ ကာလ အတွင်း ဒေါ်အောင်ဆန်းစု
ကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယခုဆိုလျှင် နိုင်ငံရေး
လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့အတူ
လွှတ်တော်တွင်လည်း မြန်မာနိုင်ငံအကျိုးအတွက် အားလုံးပါဝင် နိုင်အောင်
ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အလွန်ယုံကြည်လောက်သည့်
ကြားဖြတ်ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပပေးနိုင် ခဲ့ကြောင်း။
သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် မြန်မာနိုင်ငံတွင်
အလွန်ရှည်ကြာလှသည့် တိုင်းရင်းသား ပြဿနာများကို ဖြေရှင်းရန်
ကြိုးပမ်းဆောင်ရွက်နေပြီး ဒီမိုကရေစီ စံနှုန်းနှင့် ကိုက်ညီသည့်
ဥပဒေများကိုလည်း ရေးဆွဲပြဌာန်းနေပြီဖြစ်ကြောင်း၊ ယင်းသို့
ပြုပြင်ပြောင်းလဲမှု အများအပြား ကို ဆောင်ရွက်ခဲ့သဖြင့် မိမိတို့က
စီးပွားရေး ပိတ်ဆို့မှု အပါအဝင် ပိတ်ဆို့မှုအားလုံးကို
လျှော့ချပေးလိုက်ပြီဖြစ်ကြောင်း၊ အခြားနိုင်ငံများက လည်း
အလားတူလျှော့ချပေးခဲ့ပြီ ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ဆောင်ရွက်ပေးမှုများကြောင့်
မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်
လုပ်ကိုင်လာနိုင်မည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီး
မြှုပ်နှံမှုများ များပြားလာပါက အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများ
လာတော့မည်ဖြစ်ကြောင်း။
သို့သော် ယင်းသို့ပြုပြင်ပြောင်းလဲမှုများမှာ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့ သကဲ့သို့ ရှည်လျားသည့်ခရီးအဖြစ်
အချိန် ယူ၍ ဆောင်ရွက်သွားရဦးမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်
ဆက်လက်ပြီး နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပြီး တိုင်းရင်းသား
အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရုံသာမက နိုင်ငံရေး လုပ်ငန်းစဉ်များတွင်
ပါဝင်လာအောင် ဆက်လက်ဆောင်ရွက် သွားမည်ဟု သိရှိရ ပါကြောင်း၊
ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများတွင် ဒုက္ခသည်များကို အလေးထား ဆက်ဆံပြီး
အကူအညီပေးသွားရန် ကိုလည်း မိမိတို့ သဘောတူညီခဲ့ပြီး ဖြစ်ပါကြောင်း၊ USAID
အနေဖြင့် မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ရန်ကုန်-မန္တလေး လမ်းမကြီး ပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း။
မြန်မာနိုင်ငံက အာဆီယံနှင့် အာရှပစိဖိတ်ဒေသ
လုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်နေကြောင်း၊ မိမိတို့ကလည်း ဒေသတွင်း
လုပ်ငန်းစဉ် များတွင် ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်ကို ကြိုဆိုပါကြောင်း၊ ၎င်း၏ ဦးဆောင်မှုဖြင့် နိုင်ငံရေး
လမ်းကြောင်းသစ်ကို ဖော်ဆောင်ရာတွင် အမေရိကန် နိုင်ငံက အောင်မြင်အောင်
ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များမှာ အချိန်ယူ
ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
ရှင်းလင်းပြောကြားရာတွင် အမေရိကန် ပြည်ထောင်စု၏ သမ္မတအိမ်ဖြူတော်သို့
ပထမဆုံး အကြိမ် ရောက်ရှိလာပြီး သမ္မတ ဘာရတ်အိုဘားမားနှင့်
တွေ့ဆုံဆွေးနွေးခွင့် ရသည့်အတွက် များစွာဝမ်းမြောက်ရ ပါကြောင်း၊
မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ၁၉၄၇ ခုနှစ် ကတည်းက သံတမန်
ဆက်ဆံရေး စတင်ခဲ့သည့်အတွက် သမိုင်းကြောင်းအရ ချစ်ကြည်ရင်းနှီးမှု ရရှိပြီး
ဖြစ်သည့် နိုင်ငံများဖြစ်ကြောင်း၊ သို့သော် လွန်ခဲ့သည့် နှစ်များအတွင်း
နိုင်ငံရေး စနစ်များ မတူညီမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး
ကြဲပါးခဲ့ရကြောင်း။
ယခုအခါတွင် အမေရိကန်နိုင်ငံသို့ နှစ်ပေါင်း (၅ဝ)
အတွင်း ပထမဆုံး လာရောက်သည့် မြန်မာ ခေါင်းဆောင်တစ်ဦးအဖြစ် မိမိ လာရောက်
နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို
ပြောင်းလဲဖော်ဆောင် နေပြီဖြစ်ရာ နှစ်နိုင်ငံ ကျင့်သုံးသည့် နိုင်ငံရေး
စနစ်ချင်း တူညီနေပြီဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် (၂) နှစ် တာကာလအတွင်း
နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်းဆောင်ရွက်ခဲ့
ပါကြောင်း၊ မိမိတို့တွင် ဒီမိုကရေစီ အတွေ့အကြုံ နည်းပါးနေသေးပြီး ပြုပြင်
ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှု များ
ရရှိခဲ့သကဲ့သို့ အခက်အခဲများ၊ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့
နေရပါကြောင်း ။
မိမိတို့ နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ
တစ်နိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ် ကူးပြောင်းရာတွင် အခက်အခဲမျိုးစုံကို
ရင်ဆိုင်ကြုံတွေ့ ရပါကြောင်း၊ ဆင်းရဲမှုနှုန်းမြင့်မားခြင်း၊ အလုပ်အကိုင်
အခွင့်အလမ်း နည်းပါးခြင်း၊ ဒီမိုကရေစီ အတွေ့အကြုံ အားနည်းခြင်း၊
အရည်အချင်းရှိသည့် အလယ် အလတ်တန်း လူတန်းစားများ နည်းပါးခြင်း စသည်တို့ပင်
ဖြစ်ပါကြောင်း၊ သို့သော် အမေရိကန်နိုင်ငံ၏ အကူအညီ ပေးမှုဖြင့် အခက်အခဲ
အချို့ကို ရင်ဆိုင်ကျော်လွှား နိုင်ခဲ့ပါကြောင်း။
နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်အောင်
မူဝါဒများပြောင်းလဲပြီး စတင်ဖော်ဆောင် ပေးခဲ့သည့် သမ္မတအိုဘားမား ကို
ကျေးဇူးအထူးတင် ရှိပါကြောင်း၊ မိမိနှင့် သမ္မတ အိုဘားမားတို့ ယနေ့တွေ့ဆုံ
ဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး၊ တပ်မတော်သားနှင့်
ရဲတပ်ဖွဲ့ဝင်များ အရည်အသွေး မြှင့်တင်ရေး၊ လယ်ယာကဏ္ဍ၊ ပညာရေးနှင့်
ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါကြောင်း၊ မစ္စတာ အိုဘာမားက
အမြော်အမြင်ကြီးမားစွာ ဆွေးနွေးခဲ့သဖြင့် မြန်မာနိုင်ငံအတွက် အလွန်
အကျိုးရှိသည့် ခရီးစဉ်ဖြစ်ပါကြောင်း။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်