Subscribe to our RSS Feed

ရင်းနှီးမြှုပ်နှံသူများ စွန့်ခွာထွက်ပြေးမှုအပေါ်တွင် ရုရှားမှ သတိပေး

From: The Myanma Age

 
 ရင်းနှီးမြှုပ်နှံသူများမှ အမေရိကန် ဒေါ်လာ ဘီလျံ ၇၀ ကျော်ကို ယခုနှစ် ပထမ သုံးလအတွင်း နိုင်ငံအတွင်းမှ ထုတ်ယူသွားမည်ဟု ရုရှားမှ မျှော်လင့်ထားသည်။

ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့မှုများနှင့် ယူကရိန်းအရေး တင်းမာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများမှ စိုးရိမ်ပူပန်လျက် ရှိသည်။

စီးပွားရေး ရပ်တန့်နေမှုနှင့် ငွေကြေးဖောင်းပွလာမှုများအတွက် သတိထားရမည် ဖြစ်ကြောင်း တနင်္လာနေ့က သတင်းထောက်များအား ရုရှား၏ စီးပွားရေးဝန်ကြီး အန်ဒရေးကလဲပတ်ခ်ျမှ ပြောဆိုခဲ့သည်။ပထမ သုံးလတာ ကာလအတွက် စီးပွားရေး တိုးတက်မှုနှုန်းကို သုည ရာခိုင်နှုန်း ဝန်းကျင်တွင်သာ မျှော်လင့်ထားကြောင်းလည်း ပြောဆိုသွားသည်။

ပြီးခဲ့သော နှစ်က ရုရှား စီးပွားရေးမှာ ၁.၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး မစ္စတာ ကလဲပတ်ခ်ျမှ စီးပွားရေး ရပ်တန့်နေမှုမှ ပြန်လည် ကောင်းမွန်လာရန် စောနေသေးကြောင်း ပြောဆိုခဲ့သည်။

“ စီးပွားရေး ကျဆင်းမှုတော့ ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ စီးပွားရေး ရပ်တန့်နေမှုရဲ့ အတိုင်းအတာကတော့ ပြဿနာ တစ်ရပ်ပါပဲ။ ကံဆိုးစွာနဲ့ပဲ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ဆက်လက် ကျဆင်းနေတယ်။ ဒီပြဿနာတွေ ဘယ်လောက်ထိ ဆက်ရှိနေဦးမလဲ ပြောဖို့ ကျွန်တော် အဆင်သင့် မဖြစ်သေးပါဘူး ” ဟု မစ္စတာ ကလဲပတ်ခ်ျမှ ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၆၅ ဘီလျံနှင့် ၇၀ ဘီလျံကြား ပမာဏသည် ယခု သုံးလပတ်အတွင်း ပြန်လည် ထုတ်ယူသွားမည် ဖြစ်ကြောင်း စီးပွားရေး ဝန်ကြီးဌာနမှ ခန့်မှန်းထားသော်လည်း မစ္စတာ ကလဲပတ်ခ်ျမှ ယင်းပမာဏသည် အမေရိကန် ဒေါ်လာ ၇၀ ဘီလျံ အနီးတွင် ဖြစ်လိမ့်မည် ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းပမာဏမှာ ၂၀၁၃ ခုနှစ်ထက် သိသာထင်ရှားစွာ မြင့်တက်လာခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ် တစ်နှစ်လုံးတွင် ရင်းနှီးမြှုပ်နှံမှု ပြန်လည် ထုတ်ယူခြင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၆၃ ဘီလျံသာ ရှိခဲ့သည်။

ယူကရိန်း ပြဿနာအတွက် အမေရိကန်နှင့် ဥရောပမှ စီးပွားရေး ပိတ်ဆို့မှုများသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှု မရှိသေးသော်လည်း “ ဆက်ဆံရေးတွေ ပိုမို ဆိုးရွားလာတာကလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာစေပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဆုတ်ခွာသွားစေနိုင်ပါတယ် ”မစ္စတာ ကလဲပတ်ခ်ျမှ ပြောဆိုခဲ့သည်။

REF: BBC

1 comments:

Economic sanctions are cruel and unproductive. This action used quite often by the West is indeed economic hijacking to get their political demands

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်