Subscribe to our RSS Feed

ပြည်တော်ပြန် မိုးသီးဇွန်၏ ပြည်တွင်း၌ အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် တိုက်တွန်းချက်ထွက်ပေါ်

From : မြန်မာ့နိုင်ငံရေးဆောင်းပါးများ


စစ်အစိုးရခေတ် စွပ်စွဲခဲ့မှုများနှင့် စပ်ဆက်၍ ၈၈အင်အားစုများကိုပါ ပုတ်ခတ်မှုများရှိလာပါက လက်ခံမည်မဟုတ်ဟု ပွင့်လင်းမှဆို

အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် တိုက်တွန်းထားမှုအဖြစ် အဓိပ္ပာယ် သက်ရောက် လျက်ရှိသော ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက် လာခဲ့သည့် ABSDF ဥက္ကဋ္ဌဟောင်း ယခင် စစ်အစိုးရ ခေတ်တစ်လျှောက် အကြမ်းဖက်သမား တစ်ဦးအဖြစ် စွပ်စွဲခံခဲ့ရသူ ကိုမိုးသီးဇွန် ပြောကြားချက်များ ဆိုသည့် ဗီဒီယိုဖိုင်များ အင်တာနက်လူမှု ကွန်ရက် (Facebook) အတွင်း ပျံ့နှံ့လျက် ရှိနေခြင်းအပေါ် ယခုရက်ပိုင်းတွင် ကိုမိုးသီးဇွန်မှာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသဖြင့်၎င်း၏ အတည်ပြုချက် တစ်စုံတစ်ရာ မရရှိသော်လည်း နိုင်ငံရေး ဆောင်ရွက်မှုများတွင် အနီးကပ်ရှိ နေခဲ့သည့် ကိုသက်ဦးက ယင်းဗီဒီယိုဖိုင်မှာ လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်နိုင်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ခြင်းမှာ ကိုမိုးသီးဇွန်၏ မကြာမီက ပြည်တွင်းထုတ် ဂျာနယ်တစ်စောင် တွင် ဖော်ပြခဲ့သော ပြောကြားချက် များကြောင့် ဖြစ်နိုင်ကြောင်း မြန်မာသံတော်ဆင့်သို့ မှတ်ချက်ပြုပေးခဲ့သည်။

ပထမဦးစွာ ထွက်ပေါ်ခဲ့သော ဗီဒီယိုဖိုင်တွင် ““ကျွန်တော်တို့ ဒီကောင်တွေရဲ့ အဆောက်အအုံတွေ မီးရှို့ ပစ်ရမယ်။ ဒီကောင်တွေရဲ့ ကားတွေ မီးရှို့ပစ်ရမယ်။ သူတို့ကို ထောက်ပံ့နေတဲ့ ဒေါက်တိုင်တွေကို ကျွန်တော်တို့ သုတ်သင် ပစ်ရမယ်။ အဲဒါအားလုံးကတာဝန်ပဲ။ အဲဒီလိုဟာမျိုးကိုလုပ်မှ ကျွန်တော်တို့ အောင်ပွဲခံမယ်။ ရရာလက်နက်နဲ့ ကျွန်တော်တို့လုပ်ရမယ်။ အဲဒီ မက်စ်ဆေ့ခ်ျကိုပေးပါ။ အဲဒါကြောင့်မို့လို့ ဓားလှံလက်နက်တွေ စုဆောင်းပါလို့ ကျွန်တော့်အနေနဲ့တိုက်တွန်းပါတယ်။ ဒါဟာ ကျွန်တော်တို့တွေ အောင်ပွဲခံ မယ့်နှစ် ဖြစ်ပါတယ်””ဟူ၍ကိုမိုးသီးဇွန်၏ အရုပ်၊ အသံကို ဖော်ပြထားသည်။

ထိုပြောကြားချက်မှာ ကိုမိုးသီးဇွန်၊ ၈၈ကျောင်းသားများ ပြည်ပရောက် မှ ကိုဇော်မင်း၊ ကျောင်းသား တပ်မတော်ဟောင်း ကိုထွန်းထွန်း၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ဒုစစ်ဦးစီးချုပ်ဟောင်း ဦးခိုင်ရဲမြင့်ခေါ် ဟာဂျီရွှေဟာမက်၊ ရိုဟင်ဂျာ ဘာသာရေးခေါင်းဆောင်ဆိုသည့် ဦးတင်မောင်ဝင်းခေါ် ဦးမိုဟာမက် စသည့်သူများ ပါဝင်သော အခမ်းအနားတစ်ခုဖြစ်ကြောင်း အစီအစဉ် တင်ပြသူဟု ယူဆရသော မွတ်ဆလင် ဘာသာဝင် အမျိုးသားတစ်ဦး၏ ဗီဒီယိုဖိုင်ပါ ပြောစကားများအရ သိရသည်။ ထို့ပြင် ကိုမောင်မောင်သိန်းဟု ဖော်ပြထားသော အရုပ်အသံနှင့်တကွ မိမိတို့သည် တော်လှန်ရေး အဖွဲ့အစည်းဖြစ်ကာ ယခုကဲ့သို့ ပြတ်ပြတ် သားသားတော်လှန် တိုက်ခိုက်ရမည့် အခြေအနေတွင် လက်နက်များ လိုအပ်နေကြောင်း၊ ထိုလက်နက် လိုအပ်ချက်အတွက် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးက ကူညီပေးကြပါရန်နှင့် လက်ပစ်ဗုံး တစ်လုံးလျှင် ဘတ်နှစ်ထောင်၊ အမ် ၁၆ တစ်လက်လျှင် ဘတ်လေးထောင် ရှိကြောင်း ပြောကြားချက်များလည်း ပါရှိသည်။

ယင်းနောက်ပိုင်း ထပ်မံ ထွက်ပေါ်လာသော ဗီဒီယိုဖိုင်တွင် ကိုမိုးသီးဇွန် ပြောကြားသည်ဆိုသော အထက်ပါ ပြောကြားချက်များနှင့် အတူ မြန်မာနိုင်ငံအတွင်း ပဋိပက္ခအသွင် ဖြစ်ပွားခဲ့သည့် ဘာသာခြား လူ့အဖွဲ့အစည်း နှစ်ရပ်၏ ဖြစ်ရပ် အပေါ် ဆောင်ရွက်ရန် ပြောကြား ချက်များအဖြစ် ယူဆနိုင်သော စကားရပ်များ ထပ်မံ ပါဝင်လာခဲ့သည်။ ယင်း ဒုတိယမြောက် ဗီဒီယိုဖိုင်တွင် ကိုမိုးသီးဇွန်တစ်ဦးတည်း၏ ဖော်ပြချက်များ ဆိုသည် ကိုသာ သီးသန့် ဖော်ပြထားသည်။

ယင်းဗီဒီယိုဖိုင်များနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်မှ ကိုမိုးသီးဇွန်ကို ဆက်သွယ်ခဲ့ရာ ၎င်းမှာ အမေရိကန် နိုင်ငံသား ခံယူထားသူဖြစ်သဖြင့် လတ်တလောတွင် ဗီဇာကိစ္စ ဆောင်ရွက်ရန် ထိုင်းနိုင်ငံသို့ သွားရောက်နေ ကြောင်း ကိုမိုးသီးဇွန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဖျက်သိမ်းချိန် ၁၉၈၉ ခုနှစ်အထိ ရုံးအဖွဲ့မှူးအဖြစ် နောက်ဆုံးဆောင်ရွက်ခဲ့သော ကိုသက်ဦးက ပြောကြားသည်။

ကိုသက်ဦးက ထိုဗီဒီယိုဖိုင်များသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ကိုမိုးသီးဇွန် ပြည်တွင်းသို့ ပြန်လည် ၀င်ရောက်လာစက တစ်ကြိမ် ထွက်ပေါ်ခဲ့ဖူးပြီး ယခုအခါမကြာမီက ဟစ်တိုင်ဂျာနယ်တွင် ဖော်ပြခဲ့သော ကိုမိုးသီးဇွန်၏ ပြောကြားချက်များနှင့် ပတ်သက်၍ မလိုလားသူများ၏ ဆောင်ရွက် ချက် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ကိုမိုးသီးဇွန်သည် ၈၈ ခုနှစ် အရေးတော်ပုံအတွင်းမှစကာ ကျောင်းသား အင်အားစု၏ လှုပ်ရှားမှုနှင့်အတူ ကျောင်းသားခေါင်းဆောင် တစ်ဦးအနေဖြင့် နိုင်ငံရေး ဆောင်ရွက်မှုအတွင်း စတင် ထင်ပေါ် လာခဲ့ခြင်းဖြစ်သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးအဖြစ်မှ ပါတီနိုင်ငံရေးသို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌအဖြစ် ကူးပြောင်းခဲ့ကာ ၉၀ ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တွင် ဥက္ကဋ္ဌတာဝန် အထိ လက်နက်ကိုင် လမ်းစဉ်ကို ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် လက်ထက် ၂၀၁၂ခုနှစ်အထိ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် အထင်ကရ ခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ပြည်ပ၌ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်နေစဉ် စစ်အစိုးရခေတ် တစ်လျှောက်လုံးတွင် ကိုမိုးသီးဇွန်အား အခြားသော ပြည်တွင်းရှိ ၈၈မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး ဆောင်ရွက်သူများနှင့် ချိတ်ဆက်၍ အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်နေသူဖြစ်ကြောင်း စွပ်စွဲ ထုတ်ပြန်ခြင်းများကို ခံခဲ့ရသည်။

ထိုကဲ့သို့ စွပ်စွဲမှုများ ရှိနေသည့် ကိုမိုးသီးဇွန်အနေဖြင့် ယခုကဲ့သို့ ဗီဒီယိုဖိုင်များ ထွက်ပေါ်လာရခြင်းမှာ ၎င်းကိုယ်တိုင် အပြင် စစ်အစိုးရက အကြမ်းဖက် လုပ်ငန်း ဆောင်ရွက်သူများအဖြစ် စွပ်စွဲခံခဲ့ရသည့် သူများ အားလုံးအတွက် နိုင်ငံရေးစွပ်စွဲမှုများ ထပ်မံထွက်ပေါ် လာနိုင်ခြင်းမှာ ဖြစ်နိုင်သည့် အလားအလာ ရှိသော်လည်း ယင်းကဲ့သို့ နိုင်ငံရေးအရ လုပ်ကြံခြင်းသည် အောက်တန်း ကျသော နိုင်ငံရေး ဆောင် ရွက်ချက်သာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးမင်းဇေယျက ပြောသည်။ ထို့အပြင် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ကိုမိုးသီးဇွန် အပါအ၀င် အခြားသူများအပေါ် လက်ရှိကာလတွင် တစ်စုံတစ်ရာ ပြောကြား မှတ်ချက်ပြုရန် မရှိဘဲ ၈၈မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းအနေဖြင့် ရပ်တည်လျက် ရှိသော မိမိတို့အနေဖြင့် အကြမ်းဖက်မှုမျိုးကို မည်သည့် အခါကမှ လက်မခံခဲ့သလို ယခုအထိလည်း ထိုမူဝါဒ အတိုင်း ဆောင်ရွက်လျက် သာရှိကြောင်း၊ နိုင်ငံရေးကို အကြမ်းဖက်မှု အသွင်ဖြင့် ဆောင်ရွက်ချက်များ ပြုလုပ်သည့် မည်သူ့ကိုမဆို ရှုတ်ချဆန့်ကျင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ယခုဖြစ်ရပ်နှင့်ဆက်စပ်ကာ ၈၈ မျိုးဆက် အင်အားစုများအပေါ် နိုင်ငံရေး လုပ်ကြံမှုများ ဆောင်ရွက်လာမည်ဆိုပါက မမှန်ကန်သော ပြောကြား ချက်များသာဖြစ်နိုင်ကြောင်း ကြိုတင်သုံးသပ် ပြောကြားခဲ့သည်။

““ဒီလိုလုပ်ရပ်မျိုးတွေကို လုပ်ဆောင်တဲ့ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတွေပေါ့နော်၊ ဒီလိုရှိလာတဲ့အပေါ်မှာ ၈၈ မျိုးဆက်တွေ အကုန်လုံးကို သိမ်းကြုံးပြီးတော့ ပြောမယ်ဆိုရင်တော့ ဒါဟာ လုံးဝတရား မျှတမှုတော့ မရှိဘူးလေ။ လူပုဂ္ဂိုလ် တစ်ဦးစီရဲ့ ခံယူချက်နဲ့ ဆိုင်တာကိုး။ ခုချိန်မှာတော့ နာမည်တပ်ပြီးတော့ မသုံးနှုန်း ချင်သေးဘူးပေါ့နော်။ သို့သော်ခုန ပြောသလိုပဲ အကြမ်းဖက်မှု မှန်သမျှ ဘယ်လိုပုံစံမျိုး ဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ်ကန့်ကွက်တယ်၊ ဆန့်ကျင်တယ်၊ ငါတို့တားဆီးမှာ။ အဲဒီမူကိုတော့ တောက်လျှောက် ဆုပ်ကိုင်ထားတယ် ဆိုတာကိုတော့ အတိအလင်း ပြောရမှာပဲ။ နောက်ပြီးတော့ ခုနပြောသလို မသမာတဲ့ ရည်ရွယ်ချက်နဲ့ လူတစ်ဦး တစ်ယောက်က လုပ်တဲ့အပေါ်မှာ အကုန်လုံးကို သိမ်းကျုံးပြီးတော့ စွပ်စွဲမယ် ဆိုရင်လည်း အဲဒီလူဟာ မသမာသော အကြံနဲ့ မရိုးမဖြောင့် လုပ်တယ်လို့ အဲလိုပဲ ငါက တုံ့ပြန်ရမှာပဲ။ အဲဒီတော့ ပြောချင်တဲ့ သဘောကတော့ လူတစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ရဲ့ မမှန်မကန် လုပ်ဆောင်မှု တွေအပေါ်မှာ သဘောရိုးနဲ့ မဟုတ်ဘဲနဲ့ပေါ့နော်၊ မသမာသော နည်းနဲ့လုပ်ကြံ ပုတ်ခတ်တဲ့နိုင်ငံရေး ပုတ်ခတ်တဲ့နည်းဟာ အောက်တန်းကျတဲ့နည်းပဲ ဆိုတာ ပြည်သူတွေလည်း သိပါတယ် ””ဟု ပြောသည်။

ယခု ဗီဒီယိုဖိုင်ဖြင့် ထွက်ပေါ်လာသော အကြမ်းဖက်မှု လှုံ့ဆော်ချက် ဆိုသည်နှင့် ပတ်သက်၍ ““အားလုံးက နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့အတွက် ကြိုးစားတဲ့အချိန်မှာ ဒီလိုမျိုး ဆူပူမှုတွေ၊ အကြမ်းဖက်မှုတွေ လှုံ့ဆော်တာကိုတော့ လက်မခံဘူးလေ။ အဲဒီမူကိုတော့ ပြတ်ပြတ်သားသား ကိုင်စွဲပြီးတော့ ပြောနေတာပဲလေ။ အဲဒီကိစ္စက မိုးသီးဇွန်သို့မဟုတ် သူ့အဖွဲ့ သဘောထား ဖြစ်ရင်ဖြစ်မှာပေါ့။ ခုချိန်မှာတော့ မပြောနိုင်သေးဘူးလေ””ဟု မြန်မာသံတော်ဆင့်သို့ပြောသည်။

http://myanmarthandawsint.com/ မှ ကူးယူဖော်ပြသည်

1 comments:

သမတကြီးဦးသိန်းစိန်USသွားတုံးကစီးထားတဲ့ဒေါက်ဖိနပ်နဲ့ပေါက်တာဒီမာမီကြီးမိုးသီးပေါ့။ ခုတော့ဆောက်ရှက်မရှိလေးဘက်ထောက်ဗီဇာလေးအသနားခံတောင်းပြည်တွင်းဝင်တယ်။ ဘာတဲ့သူလိုဂန်ဒူးကသမတ အကြံပေးလုပ်ချင်သေးတယ်ဆိုပဲ။ ဆောက်ဆင့်မရှိUS ပတ်စပို့လေးကိုင်ရမှသတ္တိပြရဲတဲ့မာမီပဲ။US မှာပြည်တွင်းက၂ တန်းမအောင်ပဲဒုက္ခသည်အနေနဲ့ထိုင်းတဆင့်သွားတဲ့ ချီးတွေရိုက်သတ်လို့မကုန်ဘူး။လာပါလိမ့်မယ် US နိုင်ငံသားကွဆိုပြီးပြည်တွင်းကသူတောင်းစားလောက်အဆင့်မရှိခဲ့တဲ့ကောင်တွေဗီဇာနဲ့ပြည်တွင်းလာပြီးအမျိုးကောင်းသမီးတွေကိုမျိုးဖျက်အုံးမယ်။ပြည်တွင်းကကောင်မတွေကလဲUS ကဆိုစွတ်အထင်ကြီးကြတော့အမျိုးပျက်ကြအုံးမှာပေါ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်