Subscribe to our RSS Feed

နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအား တွေ့ဆုံပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်း

From : president-office



နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ ခင်ဗျား-

ဒီကနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ပြုပြင်ပြောင်းလဲရေးအတွက် စိတ်အား ထက်သန်စွာဖြင့် ကိုယ်ရောစိတ်ပါ ပါဝင် ဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးက နိုင်ငံရေးပါတီ (၆၅) ဖွဲ့နဲ့ တွေ့ဆုံခွင့်ရတာ ကျွန်တော့်အနေနဲ့ အင်မတန် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့် အနေနဲ့ ရှေ့မှာ နိုင်ငံရေး ပါတီများနဲ့ (၃) ကြိမ် တွေ့ပြီး ဖြစ်ပေမယ့် အကန့်အသတ်နဲ့ တွေ့နိုင်ခဲ့တာ ဖြစ်ပြီး ဒီနေ့တော့ နိုင်ငံရေး ပါတီအားလုံးနဲ့ တွေ့နိုင်တာဖြစ်တဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဒီကနေ့ ရောက်ရှိနေတဲ့ အချိန် ကာလ၊ အနေအထားဟာ ထူးခြားတဲ့ အနေအထားလို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရ တက်ပြီးတဲ့နောက်မှာ အဓိက လုပ်ငန်းကြီး (၃) ခုကို အဓိက ဦးတည်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေရာမှာ အောင်မြင်တဲ့ကိစ္စတွေ အများကြီးရှိသလို ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စတွေလည်း ရှိပါတယ်။ နံပါတ် (၁) ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ နံပါတ်(၂) ပြည်သူ လူထုအားလုံးရဲ့ အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်တာ ဖြစ်ပြီးတော့ နံပါတ် (၃) အနာဂတ် နိုင်ငံတော်ရဲ့ လူငယ်တွေ လက်ထဲကို ပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံ မြန်မာ့ လူ့အဖွဲ့အစည်းအဖြစ် လွှဲပြောင်းပေးဖို့ ပြင်ဆင်တာ ဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံရေး ပါတီများကို ကျွန်တော့်အနေနဲ့ အထူးပြု တင်ပြချင်တဲ့ အချက်တွေကို ဒီနေရာမှာ ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။ ကျန်တဲ့အချက်များကိုတော့ လွန်ခဲ့တဲ့ မတ်လ (၂၆) ရက်နေ့က ပြည်ထောင်စုလွှတ်တော်က တစ်ဆင့် တစ်နိုင်ငံလုံးရှိ မိဘ ပြည်သူများကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

ပထမဆုံး ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တင်ပြလိုပါတယ်။ အခု ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ (၃) နှစ်တာ ကာလအတွင်းမှာ ထိုက်သင့်တဲ့ ခရီးကိုတော့ ရောက်ခဲ့ပါပြီ။ ကျွန်တော်တို့ လောလောဆယ် ဆွေးနွေးဖက် အဖွဲ့ (၁၆) ဖွဲ့မှာ (၁၄) ဖွဲ့နဲ့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီးတော့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများလည်း ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ကျန်တဲ့ (၂) ဖွဲ့နဲ့လည်း ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ ဒီလို ကြိုးစားရင်းနဲ့ပဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ဆောင်ရွက် နိုင်ဖို့အတွက် ညှိနှိုင်းတာကလည်း အတော်ခရီး ရောက်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက် သတ္တပတ်က ကျွန်တော့်အနေနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားကို သွားရောက်ခဲ့ပြီးတော့ သက်ဆိုင်ရာ မြို့မိမြို့ဖ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဖြစ်ပေါ် တိုးတက်နေမှု အခြေအနေများကို ရှင်းပြခဲ့ပြီး တတ်နိုင်သမျှ အားလုံး ပါဝင်ကူညီကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီနေရာမှာ လွန်ခဲ့တဲ့ နှစ်ရက် မတ်လ (၂၇) ရက်နေ့က အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ Bangsamoro သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီ ချက် စာချုပ်ကို (၁၇) နှစ်ကြာ ညှိနှိုင်းဆွေးနွေးကြပြီး လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ အကြောင်းကို ဥပမာတစ်ခုအဖြစ် တင်ပြလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ များပြားတဲ့ လက်နက်ကိုင်အဖွဲ့များနဲ့ ညှိနှိုင်းဆွေးနွေးရတာဖြစ်လို့ ပိုမိုခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြလို့ ဒီကနေ့အခြေအနေကို ရောက်ရှိလာတာ ဖြစ်ပြီး ရှေ့ကို ပိုမိုတိုးတက်မှုတွေ ရရှိအောင် အားလုံးဝိုင်းဝန်းကြိုးစား ကြဖို့ လိုအပ်ပါတယ်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့အတွက် အခြေခံကျတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရမယ်ဆိုတာလည်း သဘောပေါက်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေရဲ့ အခြေခံ လိုလားချက် တွေဖြစ်တဲ့ တန်းတူရေးဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံတဲ့၊ ပြည်ထောင်စုဖွား လူမျိုးစုအားလုံး အပြန်အလှန် အသိအမှတ်ပြုတဲ့၊ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတစ်ခု ပေါ်ပေါက်လာရေးကို ဦးတည်ပြီး နိုင်ငံရေး ဆွေးနွေးပွဲကြီးကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး သက်သက်နဲ့ တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်လို့ မရဘူးဆိုတာ သမိုင်းမှာလည်း တွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေး ဆွေးနွေးပွဲကြီးကို အခြေခံတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးတည် သွားနေတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အပစ်အခတ်ရပ်စဲရေးကို ခိုင်မြဲအောင် လုပ်ဖို့ကလည်း အရေးကြီးပါတယ်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုး ပြီးတာနဲ့ အဓိက အင်အားစုတွေပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင် အစည်းအဝေး တစ်ခုကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီ အစည်းအဝေးကနေပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဘယ်လိုလုပ်သွားမယ်၊ ဘာတွေ ဆွေးနွေးသွားမယ်၊ ဘယ်သူတွေ ပါမယ်၊ ဘယ်အဆင့်တွေနဲ့ လုပ်သွားမယ်ဆိုတာကို ပါဝင်သူတွေ အားလုံးက ဝိုင်းဝန်း ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ လျှောက်နေကြတဲ့ အင်အားစုတွေအားလုံး ဘယ်လမ်းပြမြေပုံနဲ့ သွားနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ငြိမ်းချမ်းရေး မူဘောင်အပေါ်မှာ အခြေခံပြီး နိုင်ငံရေး ဆွေးနွေးပွဲကြီးကို ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေနဲ့ ကျင်းပသွားနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အချုပ်အခြာအာဏာကို ထိပါးတဲ့ကိစ္စနဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံတော်က ခွဲထွက်မယ့်ကိစ္စတွေကလွဲရင် အခြားကိစ္စရပ်များအားလုံးကို ဆွေးနွေးနိုင်ဖို့ တံခါးဖွင့်ထားပါတယ်။ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးဟာ မြန်မာပြည်ရဲ့သမိုင်းမှာ အကြီးမားဆုံးနဲ့ အထင်ရှားဆုံး နိုင်ငံရေး သဘောတူညီချက်တစ်ရပ် ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲကြီးကနေ ထွက်ပေါ်လာမယ့် ရလဒ်များရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်များကိုလည်း ထည့်သွင်း စဉ်းစားထားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

နိုင်ငံရေး ပါတီတွေအနေနဲ့ လိုလားချက် တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးနိုင်ဖို့ကို နိုင်ငံရေး ဆွေးနွေးပွဲကြီးမှာ လမ်းဖွင့်ထားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ သဘောထား ရပ်တည်ချက်အချို့ကို ထပ်လောင်း တင်ပြလိုပါတယ်။ အသက်ဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ဖို့ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့ သဟဇာတဖြစ်အောင် အခြေအနေ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမူကို ကျွန်တော့်အနေနဲ့ ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။ ဒီကနေ့ ဖြစ်ထွန်းရရှိလာတဲ့ ပြုပြင်ပြောင်းလဲမှုများရဲ့ ရလဒ်များ ဖြစ်တဲ့ နိုင်ငံရေး ပွင့်လင်းလာမှုနဲ့ မီဒီယာ လွတ်လပ်ခွင့်တွေကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတွေ၊ အခြားဥပဒေရေးရာ ပြင်ဆင်မှု ကိစ္စရပ်တွေကို နိုင်ငံရေး အင်အားစုများ၊ ပြည်သူများအနေနဲ့ လွတ်လပ်စွာ ဆွေးနွေးငြင်းခုံမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာနိုင်ပြီ ဖြစ်ပါတယ်။

လက်ရှိ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးလည်း ကျွန်တော့်အနေနဲ့ အဓိက အစိတ်အပိုင်း သုံးခုရှိတယ်လို့ ရှုမြင်ပါတယ်။ ပထမပိုင်းကတော့ ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက်နေရတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် မဖြစ်မနေ ပြုလုပ်ကြရမယ့်၊ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေတစ်ဆင့် ပေါ်ပေါက်လာမယ့် သဘောတူညီချက်များအတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းတွေ လုပ်ဆောင်ရမယ့်အပိုင်း ဖြစ်ပါတယ်။

ဒုတိယ အပိုင်းကတော့ မိမိတို့ တည်ဆောက်လိုတဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပီပြင်လာစေရေးအတွက် လိုအပ်မယ့် ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများ ပြည့်မီလာစေဖို့ လိုအပ်သလို ပြင်ဆင်ရမည့်အပိုင်း ဆိုပြီးတော့ ခွဲခြား တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

တတိယ အပိုင်းကတော့ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်ပင် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ မည်သည့် မြန်မာနိုင်ငံသား တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ် တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာရှိသလို တစ်ဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ်ပေးနိုင်သည့် အခြေခံမူများ ရှိရန်လည်း လိုလားပါတယ်။ ဒါကြောင့် ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများ ပြည့်မီအောင် ကြိုးပမ်း အားထုတ် လုပ်ဆောင်ကြရာမှာ ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမြော်အမြင် ကြီးမားမှု၊ ဉာဏ်ပညာကြွယ်ဝမှုနဲ့ စိတ်ရင်း စေတနာမှန်ကန်မှုတို့က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲကြီးကို အခြေခံပြီး မြန်မာပြည်ရဲ့ ပြဿနာတွေကို အားလုံးပူးပေါင်း ဖြေရှင်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပြင် နိုင်ငံရေး ပါတီတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အခြား ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ ပါဝင်ပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ပြဿနာများကို ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ အနေနဲ့ ပြင်ဆင်နေပါတယ်။ အခုတက်ရောက်လာတဲ့ နိုင်ငံရေးပါတီများကလည်း အနာဂတ် Political Dialogue မှာ ပါဝင်ဆွေးနွေးမယ့်သူများ ဖြစ်တာနဲ့အညီ ဒီပြဿနာ တွေကို အတူ ဝိုင်းဝန်းဖြေရှင်းနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ကျွန်တော့်အနေနဲ့ မှတ်ယူ ပါတယ်။ ဒါမှသာ အနာဂတ်မှာ တည်ငြိမ်အေးချမ်းပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။

အခုအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကြိုးစားနေကြတဲ့ တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုတာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်တွေ ပိုမိုခိုင်ခန့်နိုင်ဖို့ ဦးတည်သလို နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် တံခါးပေါက် ဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ရေချိန် အတက်အကျတွေ ရှိနေပေမယ့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားကြတဲ့ သူတွေအနေနဲ့ နောက်ပြန် မလှည့်ပါဘူး ဆိုတဲ့သန္နိဋ္ဌာန်ကို ဝိုင်းဝန်းအတည်ပြုကြတာလည်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်းမှာ ဖြေလျှော့မှုတွေ အမြောက်အများ ဆောင်ရွက်ခဲ့ပြီးတော့ နိုင်ငံတကာ ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်ဖို့၊ လမ်းပန်းဆက်သွယ်ရေး၊ Telecommunication၊ ကျန်းမာရေး၊ ပညာရေး စတာတွေမှာ လိုအပ်နေတဲ့ Infrastructure တွေ တည်ဆောက် ဖြည့်ဆည်းပေးတာတွေကို အတတ်နိုင်ဆုံး ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ လိုအပ်ချက်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။ နိုင်ငံရေး ပါတီများကလည်း ကျွန်တော်တို့နဲ့အတူတူ တူတာတွေကို ပူးပေါင်း ဆောင်ရွက်ကြဖို့အတွက် ဒီနေရာကနေ ထပ်ပြီးတော့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ရှေ့ခရီးမှာ ချောချောမွေ့မွေ့ တည်တည်ငြိမ်ငြိမ်နဲ့ ယခုထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကောင်းတွေရဖို့ဆိုရင် ကျွန်တော်တို့အားလုံး ပူးပေါင်း ဆောင်ရွက်မှု (Cooperation)၊ ညှိနှိုင်းဆောင်ရွက်မှု (Coordination) ရှိမှသာ အားလုံး လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မယ်ဆိုတာ ကျွန်တော့်အနေနဲ့ အလေးအနက် ပြောကြား လိုပါတယ်။

နိုင်ငံရေး ပါတီတွေအားလုံးရဲ့ ရည်ရွယ်ချက်က ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တန်းတူညီမျှမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံတယ်လို့ ကျွန်တော့်အနေနဲ့ နားလည်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ ပြည်သူလူထုရဲ့ ဦးတည်ချက်ကလည်းပဲ အတူတူပဲဖြစ်တဲ့အတွက် ဦးတည်ချက်တူတဲ့ ကျွန်တော်တို့တွေ အနာဂတ်မှာ ဒီထက်ပိုပြီး ပူးပေါင်း ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည် ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲကို ကြွရောက်လာကြတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင် များကလည်း ကျွန်တော်တို့နဲ့ အမြင်မတူတာတွေရှိပေမယ့် ကျွန်တော်တို့ကို အပြန် အလှန် ဆွေးနွေးမှုများ ဆောင်ရွက်ကြမယ်၊ အကြံဥာဏ်များ ပေးနိုင်ကြမယ်လို့လည်း ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ မျှော်လင့်ထားပါတယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ရင်ကြားစေ့ရေးကိစ္စမှာ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ စနစ်ဟောင်းကနေ ဒီမိုကရေစီ စနစ်သစ်ဆီကိုသွားတဲ့အခါမှာ အခက်အခဲ များစွာ ရှိမှာဖြစ်ပါတယ်။ ဒီအခက်အခဲတွေကို အားလုံးပြေလည်နိုင်ဖို့ အတွက်တော့ ကျွန်တော်တို့ရဲ့ နယ်ပယ်အသီးသီးမှာ ဦးဆောင်မှုတာဝန်ယူ ဆောင်ရွက်နေကြသူတွေ ပူးပေါင်းဆောင်ရွက်နိုင်ကြရင် ဆောင်ရွက်နိုင်သလောက် ခရီးရောက်မှာပါ။ ဒီခရီးကို ကျွန်တော်တို့ ဆက်လျှောက်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အမြစ်တွယ်ခိုင်မာစေဖို့ ဒီမိုကရက်တစ် အမူအကျင့်တွေ၊ ဓလေ့တွေကို ပြည်သူများ လိုက်နာ ကျင့်ကြံကြဖို့ လိုအပ်တဲ့အတွက် ကျွန်တော်တို့တွေဟာ နမူနာစံပြဖြစ်ကြဖို့ လိုပါတယ်။ အားလုံးမြင်ချင် တွေ့ချင်တဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း (Democratic Society) ကို ဝိုင်းဝန်း တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ အနာဂတ် နိုင်ငံတော်အတွက် ဒီမိုကရေစီ အုတ်မြစ်ကို အခိုင်အမာချပေးနိုင်ခဲ့ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိနေပါတယ်။ ဒီခရီးမှာ ကျွန်တော်တို့ ဘယ်လောက် ညီညွတ်နိုင်မလဲ ဆိုတာကလည်း စိန်ခေါ်မှု တစ်ခုပါဘဲ။ ပိုမို ပူးပေါင်းဆောင်ရွက်လေ၊ ပိုမို ညီညွတ်ကြလေ၊ ကျွန်တော်တို့ရဲ့ နိုင်ငံ တည်ဆောက်ရေးခရီးဟာ တွင်ကျယ်လေ ဖြစ်လာမှာပါဘဲ။

နိဂုံးချုပ်အနေဖြင့် ဒီကနေ့ တွေ့ဆုံပွဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပြီး မကြာမီ ကျရောက်တော့မယ့် မြန်မာသင်္ကြန် နှစ်သစ်ကူးပွဲတော်၊ မကြာမီ ရောက်ရှိလာမယ့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီ ခေါင်းဆောင်များအနေနဲ့ ကျန်းမာ ချမ်းသာစွာဖြင့် နိုင်ငံအကျိုး၊ ပြည်သူလူထု အကျိုးတွေကို ကျွန်တော်တို့နဲ့အတူ သယ်ပိုး ထမ်းဆောင်ကြဖို့ ဆန္ဒပြုပါတယ်။ ညင်သာချောမွေ့တဲ့ ဒီမိုကရေစီ အပြောင်းအလဲကို တည်ငြိမ်အေးချမ်းစွာနဲ့ ဖော်ဆောင်ကြတယ်ဆိုတဲ့ လှပတဲ့သမိုင်းကို ရေးထိုးနိုင်ဖို့ ကျွန်တော်တို့အားလုံး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
(အားလုံးကို ကျေးဇူးတင်ရှိပါတယ်။)






0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်