Subscribe to our RSS Feed

မြန်မာအကြောင်း မြန်မာတွေထက် ဘာတေးလင်တ်နာက ပိုသိနိုင်ပါ့မလား?


မကြာသေးမီ ရက်ပိုင်းက အစိုးရဘက်က ကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခု အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ဆွေးနွေးပွဲရလဒ်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် စာချုပ်မူကြမ်းတစ်ခုကို အခန်း ခုနစ်ခန်းနဲ့ ပြုစုရေးသားဖို့ သဘောတူနိုင်ခဲ့သလို “တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးသဘော တူညီချက်ပူးတွဲရေးသားပြုစုရေး လုပ်ငန်းအဖွဲ့”ကို အဖွဲ့ဝင် ၁၈ ဦးနဲ့ ဖွဲ့စည်းနိုင်ခဲ့ပါပြီ။ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က တပ်မတော်ရဲ့ ငြိမ်းချမ်းရေးအပေါ် စိတ်အားထက်သန်လာမှုကို အသိအမှတ်ပြု ထုတ်ဖော်ပြောဆိုခဲ့ပြီး အစိုးရဘက်က သမ္မတရုံးဝန်ကြီးဌာန၀န်ကြီးဦးအောင်မင်း ကလည်း တစ်ဘက်နဲ့ တစ်ဘက်ယုံယုံကြည်ကြည်သာ လုပ်မယ်ဆို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မြန်မြန်ဖြစ်လာမယ်
လို့ ပြောဆိုခဲ့ပါတယ်။ဆွေးနွေးပွဲရလဒ်တွေကို ကြည့်ပြီး ပြည်သူအများကလည်း ငြိမ်းချမ်းရေးခရီး နီးလာတော့မယ်လို့ မျှော်လင့်နေကြပါတယ်။

အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှုတွေ မြင့်တက်လာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ
အားကောင်းလာချိန်မှာ တစ်ချို့လူတွေကလည်း ဖြစ်မှဖြစ်ပါ့မလားလို့ သံသယ၀င်နေကြသလို အမျိုးမျိုးသော
ဝေဖန်မှုတွေလည်း ထွက်ပေါ်လာတာကို တွေ့ရပါတယ်။  ဒီလို ဝေဖန်မှုတွေကြားထဲက မြန်မာ့ရေးရာနှင့်
တိုင်းရင်းသားရေးရာများကို သတင်းတွေရေးသားခဲ့တဲ့ မြန်မာ့အရေးကျွမ်းကျင်သူလို့ ဆိုတဲ့ ဘာတေးလင်တ်နာ(Bertil Lintner) ရဲ့ ဝေဖန်မှုတွေအပေါ် သုံးသပ်တင်ပြသွားပါ့မယ်။

ဘာတေးလင်တ်နာဟာ ဆွီဒင် သတင်းစာဆရာတစ်ဦး ဖြစ်ပြီး ၁၉၇၇ ခုနှစ်မှာ မြန်မာနိုင်ငံကို
စရောက်ဖူးခဲ့ပြီးတော့ ၁၉၈၃ ခုနှစ်မှာ ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော်က ရဲမေတစ်ဦးဖြစ်တဲ့ ရှမ်းအမျိုးသမီးတစ်ဦးနဲ့ ဖူးစာပါခဲ့ပါတယ်။ ဘာတေးဟာ မြန်မာနိုင်ငံအရေးနဲ့ တိုင်းရင်းသားရေးရာများကို
ရေးသားခဲ့သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စာအုပ်ပေါင်း ၇ အုပ်တိတိ ရေးခဲ့ဖူးကာ ခုလက်ရှိ
ထိုင်းနိုင်ငံ ချင်းမိုင်မှာ နေထိုင်လျက်ရှိပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အောင်မြင်ဖို့ လမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ဘာတေးက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ဟာ ပြောင်းပြန်ဖြစ်နေပါတယ်။  တကယ်တမ်း ဖြစ်သင့်တာက နိုင်ငံရေးစကား ပြောပြီးမှ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးတဲ့ ကိစ္စမျိုး ဖြစ်ရမယ်။ အခုတော့  လက်မှတ် ထိုးပြီးမှ နိုင်ငံရေးအရ စကားပြောမယ်ဖြစ်နေပါတယ် ဆိုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို  ဝေဖန်ခဲ့ပါတယ်။

ဘာတေးအနေနဲ့ ဒီလိုစကားမျိုးပြောခဲ့တာက အခုလို အစိုးရနဲ့ တိုင်းရင်းသား
လက်နက်ကိုင်များရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်လာနေမှုအပေါ် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ 
ကွဲပြားမှုတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်မှုတစ်ခုလို ဖြစ်နေပါတယ်။ ဆွေးနွေးပွဲတွေ အောင်မြင်လာမှ
အချိန်ကိုက် လုပ်ဆောင်မှုတစ်ခုများ ဖြစ်နေမလားလို့ တွေးတောစရာပါ။ ဘာတေးပြောခဲ့တဲ့ နိုင်ငံရေးကို
အရင်ဆွေးနွေးပြီးမှ အပစ်ရပ်မယ် ဆိုတဲ့ အချက်ကို အရင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ကလည်း ပြောဆိုခဲ့ဖူးပါတယ်။ ဒါကလည်း အပစ်ရပ်လိုက်ရင် ငါတို့ အရှုံးပေးသလိုဖြစ်နေမလား။
အစိုးရအနေနဲ့ အမြတ်ရသွားမလားဆိုတဲ့ အတွေးတွေနဲ့ အစိုးရအပေါ် သံသယ၀င်ပြီး ပြောဆိုခဲ့ကြတာပါ။ ဒါပေမဲ့ အပစ်မရပ်ဘဲ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သေနတ်နဲ့ ပစ်တယ်ဆိုတာ ပန်းနဲ့ ပေါက်တာ မဟုတ်ပါဘူး။ ထိခိုက်ဒဏ်ရာရကြမယ်။ သေကြေကြမယ်။  ဒီလိုဖြစ်လာရင် တစ်ဖက်နဲ့ တစ်ဖက်က စကားပြောဖို့ယုံကြည်မှုဆိုတာ တည်ဆောက်လို့ ရမှာမဟုတ်ပါဘူး။ တုတ်တစ်ချောင်းစီနဲ့ တစ်ယောက်နဲ့ တစ်ယောက်ရိုက်ကြ နှက်ကြ လုပ်နေတဲ့ လူနှစ်ဦးဟာ စားပွဲဝိုင်းတစ်ခုမှာ 
အတူထိုင်ပြီးပြေရာပြေကြောင်း စကားပြောဖို့အတွက် အရင်ဆုံး တုတ်တွေကို လွှင့်ပစ်မှ ဖြစ်ပါမယ်။ တုတ်ကိုယ်စီကိုင်ထားပြီး ဘယ်အချိန် ဘယ်သူက အရင်ရိုက်မလဲ ဆိုတဲ့ သံသယနဲ့ 
စားပွဲဝိုင်းတစ်ခုမှာ စကားပြောဖို့ဆိုတာ မအောင်မြင်နိုင်ပါဘူး။ ဒါက ဥပမာအနေနဲ့ ပြောတာပါ။
ရိုးရိုးလေးစဉ်းစားကြည့်ရင် တောင် ဒီသဘောတရားမှန် မမှန် သုံးသပ်နိုင်ပါတယ်။
အစိုးရအနေနဲ့ လည်း မင်းတို့ လက်နက်စွန့်ပြီးမှ စကားပြောမယ်ဆိုပြီး ဖိတ်ခေါ်နေတာလည်း
မဟုတ်ပါဘူး။ အပစ်အရင်ရပ်ပါ။  ပြီးရင် စားပွဲဝိုင်းမှာ ထိုင်ပြီး စကားပြောကြမယ် ဆိုပြီး ကမ်းလှမ်းတာပါ။ ဒါကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း လက်ခံနားလည်လာတာက တစ်ပိုင်း၊ ဆွေးနွေးပွဲတွေ လုပ်ရင်း အစိုးရအပေါ် ယုံကြည်မှုရှိလာတာတွေကြောင့် အပစ်အခတ်ရပ်စဲရေးမူကြမ်းရေးဆွဲဖို့ အထိ
သဘောတူလာပြီး အပစ်အရင်ရပ်ဖို့ ဆုံးဖြတ်လာကြတာပါ။

ဒါကြောင့် အပစ်အရင်ရပ်မယ်။ ပြီးရင် စကားပြောကြမယ်ဆိုတာအပေါ် တိုင်းရင်းသားလက်နက်ကိုင်တွေလည်းလက်ခံလာကြပါပြီ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တစ်လျှောက် အစိုးရနဲ့ တပ်မတော်ရဲ့ သဘောထားတွေကိုတိုင်းရင်းသားလက်နက်ကိုင်တွေ အနီးကပ် အကဲဖြတ်ခွင့်ရပြီး ငြိမ်းချမ်းရေးအပေါ် အမှန်တကယ်လိုလားမှု ရှိလားမရှိလား ဆိုတာ ခံစားလာနိုင်တဲ့အထိ အောင်မြင်မှုတွေလည်း ရနေပါပြီ။  ဘာတေးအနေနဲ့ ဘာကြောင့် ဒီအခြေအနေကိုနားမလည်နိုင်ဘဲ အစိုးရနဲ့ လက်နက်ကိုင်တွေအကြား ယုံကြည်မှုတွေ တဖြည်းဖြည်းမြင့်တက်လာမှုကိုပျက်စီးစေအောင်  အပစ်ရပ်ပြီးမှ စကားပြောတာ မှားနေပါတယ်ဆိုပြီး ဝေဖန်ပြောဆိုနေရသလဲ။

ဘာတေးဟာ မြန်မာ့အရေး ဘယ်လောက်ပဲ ကျွမ်းကျင်စွာ လေ့လာထားပါစေ  မြန်မာလူမျိုး တစ်ယောက် မဟုတ်သလို သေနတ်သံတွေ ဗုံးသံတွေ ကြားမှာ လက်တွေ့ တိုက်နေရတဲ့ စစ်သားတစ်ယောက်လည်း
မဟုတ်ပါဘူး။ အဲဒါကြောင့် လူမျိုးခြားတစ်ယောက်အနေနဲ့ တခြားလူမျိုးတွေအကြောင်းကို ဘယ်လိုမှ တိတိကျကျ မသိနိုင်သလို ကိုယ်တိုင် တိုက်ပွဲတစ်ခုကို တိုက်နေရတဲ့ လက်နက်ကိုင်တစ်ယောက် မဟုတ်တဲ့အတွက် တိုက်ပွဲရဲ့ ခါးသီးမှုတွေကို သိရှိနိုင်သူလည်း မဟုတ်ပါဘူး။ အမှန်တကယ် ကြုံတွေ့ရသူတွေလောက် တိုက်ပွဲရဲ့ ခါးသီးတဲ့ ခံစားမှုတွေကို သိရှိပြီးတော့ ငြိမ်းချမ်းရေးရဲ့ ရနံ့နမ်းရှိုက်လိုတဲ့ တပ်မက်မှုကို ဘာတေး ခံစားနားလည် နိုင်ပါ့မလား။ စဉ်းစားကြည့်ပါ။

တိုက်ပွဲဆိုတာ မကောင်းမှန်းသိလို့ ငြိမ်းချမ်းရေးအတွက် ကြိုးစားနေချိန်မှာ  ဘာတေးရဲ့ ဝေဖန်မှုတွေက
တိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့ အစိုးရအပေါ် ယုံကြည်လာမှုတွေကို သံသယ၀င်လာအောင် သွေးထိုး
သလို ဖြစ်နေပါတယ်။ ဘာတေးရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘာတေးနောက်ကွယ်မှာ ဘယ်သူရှိနေလဲ။
ဘာတေးလင်တ်နာ ဘာလဲ ဘယ်လဲ။ ဒါတွေက သတိထားစောင့်ကြည့်ရမဲ့ သဘောပါ။ ခုဆိုရင် အပစ်အခတ် ရပ်စဲရေးအတွက် စာချုပ်မူကြမ်းကို ပြုစုရေးသားပါတော့မယ်။ ပြီးတာနဲ့ ပြည်သူတွေ မျှော်လင့်နေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာအပစ် ရပ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးကြမှာပါ။ ငြိမ်းချမ်းရေးရပြီဆိုတာနဲ့ တိုင်းရင်းသားပြည်သူတွေအကျိုးအတွက် ပူးပေါင်းဆွေးနွေး လုပ်ဆောင်ကြပြီး ညီညီညွတ်ညွတ်နဲ့  အနာဂတ်ကို တက်လှမ်းနိုင်တော့မှာပါ။ မြန်မာတွေအကြောင်းကို မြန်မာတွေကိုယ်တိုင်က လွဲပြီး
ဘယ်သူမှ မသိနိုင်သလို မြန်မာပြည်အကျိုးကိုလည်း မြန်မာတွေကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ ပိုလိုလား
တောင့်တမှာ မဟုတ်တဲ့အတွက် ဘယ်လိုပဲ သွေးထိုးမှုတွေ၊ ချောက်တွန်းမှုတွေ ရှိလာပါစေ
အားလုံးစည်းလုံးညီညွတ်စွာနဲ့ လုပ်ဆောင်ခြင်းကသာ အောင်မြင်မှုဆီကို အရောက်လှမ်းနိုင်မှာ ဖြစ်ကြောင်း
တင်ပြလိုက်ရပါတယ်။

ကိုရင်သာဗြော(ပတ္တမြားမြေ)

2 comments:

Bertil a Swedish journalist residing in Bangkok with Burmese wife, entered into Myanmar, toured in insurgent-areas, met with rebel leaders many times and wrote many articles about the insurgencies, herions productions of Myanmar for his good income previously. He wrote some books regarding with the 88 unrest and military regime of Myanmar for big money. If there is peace in Myanmar, he has nothing to write about Myanmar for his income. Thus, he does not want any peace to achieve in Myanmar. Somebody claim for democracy but they do not want democracy to achieve in Myanmar and they really want the rebellions, unrests and deteriorations in the country to make money for their interest. That is all.

လေ့လာထားရင် သိနိုင်တာပဲ။ မလေ့လာရင်တော့ မြန်မာဖြစ်ဖြစ် ဘာဖြစ်ဖြစ် သိမှာမဟုတ်ဘူး ကိုယ့်လူရေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်