Subscribe to our RSS Feed

ရခိုင်ပြည်နယ် အစိုးရ ကျန်းမာရေး ဝန်ထမ်းများကို ထိခိုက်ဒဏ်ရာ ပြုစုနည်း သင်ကြား

From : The Voice Weekly
ပဋိပက္ခနှင့် မတော်တဆ ထိခိုက်မှုများကြောင့် အသက်ဆုံးရှုံးမှု မရှိစေရေး ရခိုင်ပြည်နယ်မှ ပြည်နယ်နှင့် တိုက်နယ် ဆရာဝန် ၂၀ ဦးကို မတ်လ ၁၀ ရက်နေ့က စတင်ပြီး ပထမအကြိမ် ထိခိုက်ဒဏ်ရာ ပြုစုနည်း သင်တန်း ပို့ချခဲ့ကြောင်း ယင်းသင်တန်း ဖွင့်လှစ်ပေးခဲ့သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဆက်ဆံရေး
တာဝန်ခံ ဒေါ်နိုင်နိုင်အေးက The Voice သို့ ပြောကြားသည်။
ထိခိုက်ဒဏ်ရာ ရသူများကို စနစ်တကျ ပြုစုစောင့်ရှောက် ပေးခြင်းဖြင့် မလိုလားအပ်သော အသက်ဆုံးရှုံးမှုများ ဖြစ်မလာရန် သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းကာလ နှစ်ရက် ကြာမြင့်ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၃ ခုမှ ခရိုင်၊ မြို့နယ်နှင့် တိုက်နယ် ဆရာဝန်များ တက်ရောက်ခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့တွင် ICRC က ထုတ်ပြန်ထားသည်။
ယင်းအပြင် ရခိုင်ပြည်နယ်ရှိ ပြည်သူ့ဆေးရုံများ အတွက် စီမံခန့်ခွဲရေး သင်တန်း၊ အရေးပေါ် လူနာတင်ယာဉ် ဝန်ဆောင်မှုနှင့် အဆောက်အအုံ ပြင်ဆင် မွမ်းမံမှုများ ထောက်ပံ့ ပေးနေကြောင်း ပြည်သူ့ဆက်ဆံရေး တာဝန်ခံ ဒေါ်နိုင်နိုင်အေးက ဆိုသည်။
ရခိုင်ပြည်နယ် အတွက် ထိခိုက်ဒဏ်ရာ ပြုစုနည်း သင်ကြား ပေးသကဲ့သို့ ရှမ်းပြည်နယ် တွင်လည်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိခိုက်သူများ အတွက် အစိုးရ ကျန်းမာရေး ဝန်ထမ်းများကို လက်နက် ထိခိုက်ဒဏ်ရာ ခွဲစိတ်ကုသနည်း သင်တန်း သင်ကြားနေကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။
မြန်မာနိုင်ငံအတွက် ၂၀၁၄ ခုနှစ် အတွင်း အကောင်အထည် ဖော်မည့် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၄၁ သန်း အကုန်အကျခံမည် ဖြစ်ကြောင်း၊ လက်နက်ကိုင်နှင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားရာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် အဓိက အကောင်အထည် ဖော်သွားရန် စီစဉ်ထားကြောင်း ICRC တာဝန်ရှိသူများ ထံမှ စုံစမ်း သိရှိရသည်။


 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်