Subscribe to our RSS Feed

ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက်


 . . .Written by စကားဝါ




''ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန့်၊ နိုင်ငံ့ဝန်၌၊ ကုမ္ဘဏ်ယက္ခ၊ နာဂခြင်္သေ့၊ ရင်ဆိုင်တွေ့လည်း၊ ခွာ၍မတွန့်၊ အသက်စွန့်လော့'' (ဂမ္ဘီသာရဆုံးမစာ၊ ရှင်မဟာရဋ္ဌသာရ ) မြန်မာ့တပ်မတော်သည် ပြည်သူလူထု၏ ရင်နှစ်သည်းချာများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ တပ်မတော်ဖြစ်သည်။ နိုင်ငံတော်၏ ကာကွယ်ရေး တာဝန်များကို အသက်ခန္ဓာ အပ်နှင်းရသည့်တိုင် ရွံ့ကြောက်ခြင်းမရှိ၊ တွန့်ဆုတ်ခြင်းမရှိ၊ စွန့်လွှတ်စွန့်စား တာဝန် ထမ်းဆောင်ခဲ့သော တပ်မတော်သားများကြောင့် သာ နိုင်ငံတော် လွတ်လပ်ရေး ရရှိခဲ့ခြင်း၊ ''တိုင်းပြည်ကနုနု၊ မုန်တိုင်းကထန်ထန်'' အဖြစ်မျိုး၌ အချုပ်အခြာအာဏာ မဆုံးပါးရခြင်းတို့ကို သမိုင်းက မှတ်ကျောက်တင် သက်သေ ခံပြီးဖြစ်သည်။ စင်စစ် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးသည် ပေးဆပ်ခဲ့ရသော တပ်မတော်သားတို့၏ အသက်၊ သွေးနှင့် ချွေး တို့အပေါ် အခြေပြု၍ တည်ဆောက်ခဲ့ရခြင်းဖြစ်ပြီး ယခုအထိလည်း တပ်မတော်သားများမှ ကြည်ဖြူကျေနပ်စွာ ပေးဆပ် လျက်ရှိသည်။ ၂ဝ၁၂ ခုနှစ်၏ နှစ်ကုန်ပိုင်း ကာလ ၂ဝ၁၃ ခုနှစ် နှစ်သစ်ကူးသို့ ကူးပြောင်းတော့မည့် အချိန်ကာလတွင် မြန်မာနိုင်ငံ သည် နိုင်ငံတကာကပင် အသိအမှတ်ပြုခဲ့ရသည့် ဒီမိုကရေစီစနစ်ကို စနစ်တကျ ညင်သာစွာဖြင့် ကူးပြောင်းနိုင်သော နိုင်ငံအဖြစ် ''မြန်မာ့နွေဦး'' (Myanmar Spring) အား ခြယ်မှုန်းလျက် ရှိသည်။





ထိုအချိန်ကာလ၌ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်တွင် နယ်မြေဒေသ၏ အချုပ်အခြာ အာဏာကို ထိပါးစေသော၊ နိုင်ငံတော်၏ စီမံကိန်းများအား နှောင့်ယှက် ဖျက်ဆီးသော၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်ပျက်စီးစေသော ဖြစ်စဉ်များက တစ်ခုပြီး တစ်ခု ဆက်တိုက်ဖြစ်ပွားလျက် ရှိခဲ့သည်။ ၂ဝ၁၁ခုနှစ် ဇူလိုင်လမှစ၍ လက်နက်ကိုင် သောင်းကျန်း သူများသည် နယ်မြေခံ လူထုနေထိုင်ရာ ကျေးရွာများ၌ အတင်းအဓမ္မ လူသစ် စုဆောင်းခြင်းများ၊ ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ နိုင်ထက်စီးနင်း ဆက်ကြေး ငွေများ မတန်တဆ ကောက်ခံခြင်း၊ လက်နက်ခဲယမ်း စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိပြီး နယ်မြေဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူကို လွန်စွာထိခိုက်စေသည့် လမ်း၊ တံတားများအား ဖျက်ဆီးခြင်း၊ မိုင်းခွဲခြင်းများ ဆောင်ရွက်နေချိန်လည်း ဖြစ်သည်။ နိုင်ငံတော် အစိုးရက တိုင်းရင်းသား အားလုံးနှင့် ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်စဉ်တွင် အားလုံးပါဝင်ခွင့်ရရေး၊ ငြိမ်းချမ်းရေး လမ်းခင်းပေး နေချိန် တွင် သောင်းကျန်း သူတို့က လဂျားယန်ဒေသရှိ နယ်မြေအေးချမ်းရေးနှင့် လုံခြုံရေး ယူထားသော တပ်မတော် စခန်းများအား အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များ ဆောင် ရွက်၍ မရအောင် ဝိုင်းပတ်ပိတ်ဆို့ လာခဲ့သည်။ အစိုးရနှင့် တပ်မတော်မှ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်၍ ရအောင် သောင်းကျန်းသူ တပ်များအား တပ်ရုပ်သိမ်းပေးဖို့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့သော်လည်း လက်မခံခဲ့ပေ။ နိုင်ငံတော် ကာကွယ်ရေးအတွက် သာလွန်သည့် အင်အား၊ တူတန်သည့် လက်နက်များ ရှိပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေး အမှန်တကယ် ရယူလိုမှုကြောင့် အစစအရာရာ လိုက်လျောခဲ့သော တပ်မတော်အပေါ် တိုက်ပွဲငယ် အချို့ဖြင့် တိုက်ကွက် ဖော်နိုင် မှုကြောင့် သွေးနား ထင်ရောက်နေသော သောင်းကျန်းသူတို့မှ စိန်ခေါ်စကားများ ဆိုလာခဲ့သည်။ လဂျားယန်ရှိ တပ်မတော်သားများအား ရိက္ခာပြတ်လပ်၍ ဆင်းရဲဒု က္ခ ဖြစ်စေရန် ပတ်လည်ဝိုင်း အင်အားတိုး ပိတ်ဆို့ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ လက်နက်ကိုင် သောင်းကျန်းသူတို့၏ နယ်မြေဒေသအတွင်း အချုပ်အခြာ အာဏာအား ထိပါးလာမှု၊ တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်ပျက်စီးစေမှုနှင့် ပြည်ထောင်စုကြီး ပြိုကွဲအောင် ဆောင်ရွက်နေ မှုတို့အား ကချင်ပြည်နယ်၏ ရေခဲသည့် အအေးဒဏ်ကို ကြံ့ကြံ့ခံရင်း ကာကွယ်ပေး နေရသူများမှာ မြန်မာ့ တပ်မတော်သားများသာ ဖြစ်သည်။ လဂျားယန် ဒေသ၌ ရန်သူအခိုင်အမာ ခံစစ်ယူထားသော ပွိုင့် ၇၇၁ တောင်ကုန်း နယ်မြေသည် အမြင့်ဆုံးဖြစ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို စိုးမိုးထားသည်။ ရန်သူသည် ပင်မခံစစ်ကုန်းကို ကာကင်းစခန်းများ ဝန်းရံလျက် ၎င်းကုန်းပေါ်မှနေ၍ လဂျားယန်ကို ဆက်လက် ပိတ်ဆို့ထားခြင်းကြောင့် ယင်းနယ်မြေအား မဖြစ်မနေ တိုက်ခိုက်ရမည့် အခြေ အနေ ရောက်ရှိလာခဲ့သည်။ တစ်နည်းအားဖြင့် တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို စွမ်းစွမ်းတမံ ကာကွယ်နိုင်စွမ်း ရှိကြောင်း သက်သေပြဖို့ အကြောင်းဖန်တီး လာခဲ့ပါတော့သည်။

လက်နက်ကိုင် သောင်းကျန်းသူတို့၏ ပိတ်ဆို့ရေးစီမံချက်ကို ရိုက်ချိုးပစ်မည့် တပ်မတော်၏ ထိုးစစ်သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းမှ စတင်ခဲ့လေသည်။ ရန်သူသည် ၎င်းနယ်မြေအား ကာကင်းစခန်းများဖြင့် ဝန်းရံ၍ အခိုင်အမာခံစစ် တည်ဆောက်ထားသဖြင့် တပ်မတော်မှ ခက်ခဲစွာ အဆင့်ဆင့် တိုက်စစ်ဆင်ခဲ့ရသည်။ ပထမကာကင်း စခန်းတစ်ခုကို ၁ဝ နာရီကြာ မနားတမ်း တိုက်ခိုက်၍ ညနေ ၄ နာရီခန့်တွင် သိမ်းပိုက်ရရှိခဲ့သည်။ ရရှိထားသော ရန်သူ့စခန်းကုန်းကို အခြေပြု၍ နောက် တစ်နေ့ ဒီဇင်ဘာ ၂၉ ရက်တွင် ဆက်လက် တိုက်ပွဲဝင်ခဲ့ရာ ဒုတိယကာကင်း စခန်းအား ရန်သူ့လက်နက်များ၊ အလောင်းများနှင့် အတူ နေ့လယ် ၁ နာရီခန့်တွင် သိမ်းပိုက်ရရှိခဲ့သည်။ ရန်သူ၏ ပြင်းထန်သော ခုခံမှုကို တွန်းလှန်၍ တိုက်စစ်ဆင် အောင်ပွဲခံခဲ့သော တပ်မတော် သားများသည် အနားယူခြင်း မပြုနိုင်ဘဲ အဆုံးအဖြတ် တိုက်ပွဲဆင်ရမည့် ပင်မခံစစ်ကုန်းကို ပြန်လည် စုဖွဲ့မှုပြီးလျှင်ပြီးချင်း ညနေ ၆ နာရီခွဲခန့်တွင် စတင်ချဉ်းကပ် တိုက်ခိုက်ခဲ့သည်။

 နောက်တစ်နေ့နံနက် ၅ နာရီခွဲခန့်တွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့သည်။ ရန်သူမှ ၎င်းတို့၏ စစ်ဗျူဟာ အရေးကြီးမြေဖြစ်သော ပင်မခံစစ်ကုန်းကို ကာကွယ်ရန်ရှိသမျှ လူအင်အား၊ လက်နက် အင်အားများဖြင့် အစွမ်းကုန် ခုခံကာကွယ် တိုက်ခိုက်ခဲ့ကြသည်။ တပ်မတော်သားများ အနေဖြင့်လည်း အဆုံးအဖြတ် တိုက်ပွဲပီပီ အသက်ကို ပဓာနမထားဘဲ အတင်းဝင်၊ အတင်းတိုက် ရဲဝံ့စွာစစ်ဆင်ခဲ့သည်။ ချေမှုန်းရေး တပ်ခွဲမှ အရာရှိ/ စစ်သည် အများအပြား ဒဏ်ရာရရှိခဲ့သည်။ တပ်ရင်းမှူး၊ ဒုတိယ တပ်ရင်းမှူး အပါအဝင် စစ်သည်အများစု ဒဏ်ရာရပြီးချိန်လည်း ဖြစ်သည်။ အဆုံးအဖြတ်အချိန်၊ တိုက်စစ်၏ အထွတ်အထိပ် အချိန်၌ တပ်ရင်းမှူးသည် ၎င်း ၏ကြီးကြပ်ကွပ်ကဲမှု အဆက်ပြတ် မည်ကို တွက်ဆ၍ ရရှိဒဏ်ရာကိုပင် ဆေးထည့်ခြင်း လက်မခံတော့ပေ။ အနီးကပ် လုံးထွေး တိုက်ခိုက်နေချိန်ဖြစ်၍ အပေါ်စီး ရရှိထားသော ရန်သူမှ ကြိုတင်ပြင်ဆင် ထားသည့် သေတ္တာ လိုက် စုပုံထားသော လက်ပစ်ဗုံးများဖြင့် အဆက်မပြတ် ပစ်ခတ်လျက်ရှိသည်။ ရှေ့ပြေးတပ်စုမှ စစ်သည်များ ဒဏ်ရာရလျက်ရှိ၍ တပ်ရင်းမှူးသည် ၎င်း၏အနီး ကပ်ဖြစ်သော လက်ဖြောင့် တပ်စိတ်အား ရှေ့ပြေးတပ်စုနှင့် ပူးပေါင်းကာ တိုက်ပွဲဝင်စေခဲ့သည်။ 

လက်နက်ကြီး၊ လက်နက်ငယ်များကို ကျွမ်းကျင်စွာ ပစ်ခတ်နိုင်သည့် တပ်ကြပ်အောင်သိန်း သည် ၎င်းကိုင်ဆောင်သော အမ်အေ-၄ သေနတ်ဖြင့် ရန်သူ့စက်လတ်၊ ၄ဝ မမနှင့် ၆ဝ မမ နေရာများသို့ ပစ်ခတ်တိုက်ပွဲ ဝင်ခဲ့သည်။ ထိုအချိန်တွင် စက်လတ်ကိုင်စစ်သည် တပ်သားဆန်းဦး ဒဏ်ရာရရှိနေ၍ တပ်ကြပ်အောင်သိန်းသည် စက်လတ်ကို ပြောင်းလဲ ကိုင်ဆောင်ပြီး ရန်သူ၏ လက်နက်ကြီး နေရာများသို့ ဦးနှိမ်ချေမှုန်း ပစ်ခတ်ပေးခဲ့သည်။ ထိုသို့ပစ်ခတ် ချေမှုန်းနေစဉ် ရန်သူ့ ၄ဝ မမ ဗုံးသီးကျရောက် ပေါက်ကွဲ၍ တပ်ကြပ်အောင်သိန်းသည် ဘယ်ပေါင်၊ ဘယ်ခြေသလုံးနှင့် ဘယ်လက်မတို့ကို ဒဏ်ရာ ရရှိခဲ့သော်လည်း ဆေးကုသမှု ခံယူခြင်းမရှိဘဲ သတ်ကွင်းကို ပစ်တက်တက်ကာ ဆက်သွယ်ရေး မြောင်းအတွင်း ခြေကုပ်ယူထား သည့် ရှေ့ပြေးအဖွဲ့သို့ ခဲယမ်းများ ပို့ဆောင် ပေးခဲ့သည်။ ရှေ့ပြေးအဖွဲ့နှင့် ပူးပေါင်း၍ ရန်သူ့ရှေ့ကိုက် ၂ဝ ခန့်မှနေ၍ အနီးကပ် တိုက်ခိုက်ချေမှုန်း ခဲ့သည်။ တပ်ရင်းမှူးနှင့် ကွပ်ကဲမှုအဖွဲ့သည်လည်း နောက်မှ ထပ်ကြပ်လိုက်၍ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်။ ထိုသို့ တိုက်ပွဲပြင်းထန် နေချိန်တွင် ရန်သူပစ်လိုက်သည့် လက်ပစ်ဗုံး သည် စစ်သည်များ နေရာယူထားသော အကြားသို့ ကျရောက်လာခဲ့သည်။

၎င်းလက်ပစ်ဗုံး ပေါက်ကွဲခဲ့ပါက ဘေးဘယ်ညာရှိ တပ်ရင်းမှူး အပါအဝင် ကွပ်ကဲမှုအဖွဲ့မှ အရာရှိ/ စစ်သည်များ ကျဆုံးဒဏ်ရာ ရရှိသွားမည်ဖြစ် သည်။ အောင်မြင်နေသော တပ်မတော်၏ တိုက်စစ်တစ်ခုလုံး ကြီးကြပ်ကွပ်ကဲမှု ပျက်ပြားပြီး တိုက်ပွဲ၏ ရလဒ်အလှည့် အပြောင်း ဖြစ်သွားမည်ဖြစ်သည်။ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်လျက်ရှိသော တပ်ကြပ်အောင်သိန်း မှ စွန့်လွှတ်စွန့်စားသော စိတ်ဓာတ်၊ တပ်မတော်သား ပီသသော စိတ်ဓာတ်တို့ဖြင့် အသက်ကို ပဓာနမထားဘဲ ''အားလုံးဝပ်'' ဟုအော်၍ သတိပေးသံနှင့်အတူ လက်ပစ်ဗုံးပေါ်သို့ ရင်ဘတ်ဖြင့် တက်ဖိ၍ တပ်ဖွဲ့ဝင်များအတွက် အသက်ပေး ကာကွယ်ခဲ့လေသည်။ တပ်ရင်း၏ ဂုဏ်သိက္ခာ၊ တပ်မတော်၏ ဂုဏ်သိက္ခာတို့အား ရဲဝံ့စွာ လျှပ်တစ်ပြက် ဆုံးဖြတ်ပြီး အသက်ပေး၍ ကာကွယ်ခဲ့ခြင်း ဖြစ်သည်။ 

တပ်ကြပ်အောင်သိန်း၏ အသက်ပေး ကာကွယ်မှုကြောင့် သာ ရန်သူ၏ အဓိကစခန်းအား ဆက်လက်တိုက်ပွဲဝင်ခဲ့ပီး မွန်းလွဲ ၂နာရီ ၄၅မိနစ်တွင် သိမ်းယူအောင်လံ ထူနိုင်ခဲ့ပြီး သောင်းကျန်းသူတို့၏ ပိတ်ဆို့ရေး အစီအမံကို ရိုက်ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ မြင့်မြတ်သော ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေး တာဝန်ထမ်းဆောင်ခဲ့သော အံ့မခန်းရဲစွမ်း သတ္တိရှိသူ တပ်ကြပ်အောင်သိန်းအား လက်ရှိကာလနှစ်ပေါင်း ၂ဝ ကျော်အတွင်း နိုင်ငံတော်မှ ပေးအပ်ခဲ့သည့် အမြင့်ဆုံးစွမ်းရည် သတ္တိဆိုင်ရာ ဘွဲ့ထူး၊ ဂုဏ်ထူးဖြစ်သော သီဟသူရဘွဲ့အား ၂ဝ၁၄ ခုနှစ်ဇန်န၀ါရီ ၄ ရက်တွင်ကျရောက်သည့် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့၌ ပေးအပ် ချီးမြှင့်ခြင်းဖြင့် ဂုဏ်ပြုခဲ့သည်။ တပ်ကြပ်အောင်သိမ်း သည် ယခင်စခန်းသိမ်း တိုက်ပွဲများဖြစ်သော ဗန်းမော်-လွယ်ဂျယ်ဒေသ၊ ယောယုံစခန်းသိမ်း တိုက်ပွဲ၊ပွိုင့် ၁၅ဝဝ စခန်းသိမ်း တိုက်ပွဲများတွင်လည်း ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့၍ ၂ဝ၁၂ ခုနှစ် ဇန်န၀ါရီလက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ချီးမြှင့်ခြင်း ခံထားရသူလည်း ဖြစ်သည်။

“တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မတော်က ကူညီရမည်''ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၃၃၇၊ ၃၃၉ နှင့် ၃၄၁တို့၌ ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားတို့၏ ကာကွယ်ရေး တာဝန်အား ဦးစီးဦးဆောင်ပြုမည့် တိုင်းရင်းသား ပြည်သူတို့၏ အသက်အိုးအိမ်ကို အမြဲထာဝရ ကာကွယ် စောင့်ရှောက်နေသည့် တပ်မတော်သည် တပ်ြကပ်အောင်သိန်း ကဲ့သို့သော တပ်မတော်သားများဖြင့် ဖွဲ့စည်းထားသော တပ်မတော် ဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ကို ပဓာနမထားပဲ့ ရဲဝံ့ပြတ်သားသည့် ရဲစွမ်းသတ္တိရှိသော တပ်မတော်သားများ မြောက်မြားစွာ ရှိကြောင်းကိုလည်း နိုင်ငံတော် လွတ်လပ်ရေး ရပြီးချိန်မှစ၍ ယနေ့အထိ နိုင်ငံတော် ပြန်တမ်းထုတ်ပြန်၍ ချီးမြှင့်ခဲ့သော စွမ်းရည်သတ္တိ ဆိုင်ရာဘွဲ့ထူး၊ ဂုဏ်ထူးမှတ်တမ်းများက သက်သေခံလျက် ရှိပေသည်။ ယနေ့အထိ တပ်မတော်သည် အောင်ဆန်းသူရိယ ဘွဲ့ရရှိသူ ခြောက်ဦး၊ သီဟသူရဘွဲ့ ရရှိသူ ၄၇ ဦး၊ သူရဘွဲ့ရရှိသူ ၅၂၈ ဦး ၊ သီဟဗလဘွဲ့ ရရှိသူ ခြောက်ဦးတို့ဖြင့် ရဲစွမ်းသတ္တိ အရာ၌ မှတ်တမ်းတင်ခံခဲ့ပြီး ဖြစ်သည်။

တပ်မတော်သားတိုင်း နေ့စဉ် နှလုံးသားဖြင့် ရွတ်ဆိုနေသည့် သစ္စာအဓိဋ္ဌာန် (၄) ချက်မှ နောက်ဆုံးအချက်ဖြစ်သော ''ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော် အတွက် ငါ၏အသက် ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏'' ဆိုသော အချက်ကို တပ်မတော်သားတိုင်းက အပြောမဟုတ်၊ အလုပ်ဖြင့် အမြဲမှတ်ကျောက်တင် ခံနေသမျှ ကမ္ဘာတည်သရွေ့ မြန်မာပြည်တည် နေမည်မှာ မလွဲဧကန် ဖြစ်ပါကြောင်း သီဟသူရဘွဲ့ ရရှိခဲ့သူ တပ်ကြပ် အောင်သိန်းအတွက် မှတ်တမ်းတင် ဂုဏ်ပြုရေးသား လိုက်ရပါသည်။

2 comments:

I admire soldiers who gave their life but I really hate the generals who steal country's money for their own benefits.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်