Subscribe to our RSS Feed

ကာကွယ်စောင့်ရှောက်ဖို့ မလိုတော့ဘူးလား..


ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) ၆၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် သွားပါမယ်လို့ မိန့်ခွန်းထဲ ထည့်ပြောတာကို မီဒီယာတစ်ချို့က အထူးအဆန်း သတင်းလုပ်ရေးကြတာကို တွေ့ရပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ချီတက်နေတဲ့ နိုင်ငံတစ်ခုမှာ လက်နက်ကိုင်တပ်မတော်ဟာ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်တယ်ဆိုတာ ဘာများ ဆန်းကြယ်နေပါသလဲ။ တပ်မတော်က အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ မလိုအပ်ဘူးလား။
ဒါနဲ့ပတ်သက်ပြီး ပြောရရင် တပ်မတော်သားတစ်ယောက်ရဲ့ ဘ၀ အစကို ပြောပြမှ ပြည့်စုံမယ် ထင်ပါတယ်။ မြန်မာ့တပ်မတော်ကို စစ်မှုထမ်းအဖြစ် စတင် ၀င်ရောက်ပြီဆိုတာနဲ့ နိုင်ငံတော်အလံကို လက်နဲ့ ထိပြီး ကတိသစ္စာပြုကြရပါတယ်။ ကတိသစ္စာပြုရမယ့် စာသားကို ၁၉၅၉ တပ်မတော် အက်ဥပဒေ ပုဒ်မ ၁၆ မှာ အခုလို ရေးထားတာ တွေ့ရပါတယ်။

"ကျွန်ုပ်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မိမိ၏ အသက်စွန့်၍ပင် ထိန်းသိမ်းစောင့်ရှောက်ပါမည် ဟူ၍လည်းကောင်း တပ်မတော်တွင် ဝင်ရောက် အမှုထမ်း၍ ကုန်းကြောင်း ခရီးဖြင့် ဖြစ်စေ ရေကြောင်းခရီးဖြင့် ဖြစ်စေ လေကြောင်း ခရီးဖြင့်ဖြစ်စေ မည်သည့် နေရာ အရပ်သို့မဆို အမိန့်ပေးသည့်အတိုင်း မိမိ၏ အသက်စွန့်၍ပင် သွားမည်ဟူ၍ လည်းကောင်း မိမိကို အုပ်ချုပ်သော အထက်အရာရှိ တစ်ဦးဦး၏ အမိန့်အားလုံးကို မိမိ၏ အသက်စွန့်၍ပင် နာခံပါမည် ဟူ၍ လည်းကောင်း ကတိသစ္စာ ပြုပါသည်။"

အဲသည် ၁၉၅၉ တပ်မတော် အက်ဥပဒေဆိုတာ မြန်မာနိုင်ငံမှာ ပထမဆုံး ပြဌာန်းခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၃) မှာပါတဲ့ ပြည်ထောင်စု ဥပဒေပြုစာရင်းအရ ရေးဆွဲပြဌာန်းခဲ့ပြီး အခုထိတိုင် လိုက်နာကျင့်သုံးနေဆဲ ဥပဒေတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင်လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(စ) မှာလည်း တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည် လို့ ပြဌာန်းထားပါတယ်။
ကမ္ဘာပေါ်မှာ ဒီမိုကရေစီ ဘိုးအေကြီးလို့ တင်စားနေကြတဲ့ အမေရိကန် ပြည်ထောင်စုမှာလည်း အလားတူပါပဲ။ အမေရိကန်တပ်မတော်မှာ စစ်မှုထမ်းအဖြစ် စာရင်းသွင်းတဲ့ စစ်သည်တွေဟာ အခုလို ကတိသစ္စာပြု ကြရပါတယ်။

"I, XXXXXXXXXX, do solemnly swear (or affirm) that I will support and defend the Constitution of the United States against all enemies, foreign and domestic; that I will bear true faith and allegiance to the same; and that I will obey the orders of the President of the United States and the orders of the officers appointed over me, according to regulations and the Uniform Code of Military Justice. So help me God."

ဒီလို လက်နက်ကိုင် တပ်မတော်တွေ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ ဘာလို့ လိုအပ်သလဲဆိုရင် တစ်ခြားသော နိုင်ငံရေး အဖွဲ့အစည်းများအနေနဲ့ပဲ ဖြစ်ဖြစ် လူပုဂ္ဂိုလ် တစ်ယောက်ချင်းအနေနဲ့ပဲဖြစ်ဖြစ် အခြေခံဥပဒေကို စက္ကူစုတ်သာသာ သဘောထားပြီး မြောင်းထဲရောက်အောင် လုပ်ချင်ရင် လေနဲ့သာ လုပ်လို့ ရပါလိမ့်မယ်။ လက်နက်ကိုင်ထားတဲ့ တပ်မတော်ကတော့ သူ့မှာ လက်နက်ရှိတဲ့အတွက် အခြေခံဥပဒေကို မြောင်းထဲပို့ချင်ရင် တကယ်ပို့နိုင်တဲ့အစွမ်းလည်း ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံရေးစနစ်တစ်ခုကို ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အခြေခံဥပဒေကို ကိုယ်တိုင်လည်း လိုက်နာဖို့လိုသလို အခြားသူတွေကလည်း အခြေခံဥပဒေကို စက္ကူစုတ် လုပ်မပစ်နိုင်အောင် ကာကွယ်စောင့်ရှောက်နိုင်ဖို့ အထူးတာဝန်အပ်နှင်းထားရတာပါ။
အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာကို အကောက်အယူလွဲကြတဲ့ အမြင်တွေကိုလည်း မကြာမကြာဆိုသလို ကြားသိနေရပါတယ်။ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ အခြေခံဥပဒေကို လုံးဝ(လုံးဝ) မပြင်ဆင်စေရ လို့ အဓိပ္ပာယ်ဖွင့်ဆိုပြီး တပ်မတော်က အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်မှုအပေါ် ပြစ်တင်ဝေဖန်နေတာတွေကိုလည်း ကြားသိနေရပါတယ်။ တကယ်တော့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း အာဏာသက်ရောက်စေဖို့နဲ့ အခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်ခြင်း မပြုနိုင်ကြစေဖို့ ထိန်းသိမ်းဆောင်ရွက်တဲ့သဘောသာဖြစ်ပြီး အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုရင်လည်း အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်းဆောင်ရွက်နိုင်ဖို့ သဘောတူခွင့်ပြုထားပြီးသား ဖြစ်ပါတယ်။
အခြေခံဥပဒေနဲ့ အလှမ်းဝေးတဲ့၊ အခြေခံဥပဒေကို သေသေချာချာ ဖတ်ရှုထားခြင်းမရှိတဲ့ သာမန်လူတွေထဲက အဲသလို နားလည်မှု လွဲတယ်ဆိုတာကို ဘာမှ မပြောလိုပေမယ့် နိုင်ငံရေးကို တကယ်ထဲထဲဝင်ဝင် လုပ်နေကြတဲ့ နိုင်ငံရေးပါတီများအနေနဲ့ကတော့ ဒါကို အဓိပ္ပာယ်ကောက် မလွဲသင့်ပါဘူး။ ဒါမှမဟုတ် အဓိပ္ပာယ် တလွဲကောက်ပြီး ပြည်သူကို ချောက်မချသင့်ပါဘူး။

ပြည်သူလူထုကို နိုင်ငံရေးအသိအမြင် နားမျက်စိတွေ ဖွင့်ပေးဖို့က ဆိုခဲ့ပါ နိုင်ငံရေးပါတီတွေ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေမှာ အများကြီး တာဝန်ရှိပါတယ်။ ပြည်သူလူထုဆိုတာ နလပိန်းတုံးပါပဲဆိုတဲ့ သဘောနဲ့ လှည့်စားတိုင်းခံရမယ်ဆိုပြီး ကိုယ့်ပါတီရည်မှန်းချက်အတွက် အသုံးချဖို့ မဟုတ်ဘဲ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက်ပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးအတွက်ပဲ ဖြစ်ဖြစ် ပြည်သူလူထုရဲ့ နားမျက်စိကို တတ်နိုင်သလောက်ဖွင့်ပေးပြီး ပြည်သူတွေကိုယ်တိုင် ချီတက်နိုင်အောင် လုပ်ပေးရမှာပါ။
ဒီနေရာမှာ ဒါကို ဘာလို့ ထည့်ပြောရသလဲ ဆိုရင် နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ ခေါင်းဆောင်ဆိုသူက ပြီးခဲ့တဲ့ မိုးကုတ်မြို့ ခရီးစဉ် ဟောပြောပွဲမှာ တပ်မတော်သားတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကတိသစ္စာပြုတာဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိပါးရာရောက်တယ်လို့ ထည့်သွင်း ပြောကြားသွားခဲ့လို့ပါပဲ။ အဲသည်စကားရဲ့ အကျိုးဆက်ကို တွက်ဆကြည့်ကြပါစို့။ သူဆိုလိုချင်တာက တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ မသင့်ဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ခုချိန်မှာ အာဏာမရသေးပေမယ့် တစ်ချိန်မှာ ရွေးကောက်ပွဲ မဲအများဆုံးရပြီး အစိုးရဖွဲ့နိုင်ခြေရှိတဲ့ ပါတီကြီးတစ်ခု ဖြစ်တာနဲ့အညီ အခြေခံဥပဒေထဲက ဆိုခဲ့ပါ ပြဌာန်းချက်ကိုလည်း ဆိုခဲ့ပါ ပါတီကြီးက ပယ်ဖျက်လိုက်နိုင်ပြီဆိုပါတော့။ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ မလိုတော့ပါဘူး။ လက်နက်ကိုင်ထားတဲ့ တပ်မတော်ဟာ လုပ်ချင်ရာ လုပ်လို့ ရသွားပြီဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ သမ္မတအမိန့်ကို နာခံစရာ မလိုတော့ဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေက နိုင်ငံတော်ကို ဆောင်သင့်ဆောင်ထိုက်တဲ့ အခွန်အခတွေ ပေးဆောင်ချင်မှပေးဆောင်မယ် မပေးဘဲ နေချင် နေလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ကုန်ကုန်ပြောရရင် လက်နက်အားကိုးနဲ့ နိုင်ငံတော်ကို အာဏာသိမ်းချင်လည်း သိမ်းလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ထိ သက်ရောက်သွားပါတယ်။
ဗိုလ်ကောင်းလို သာမန် ကျောင်းသားလေး တစ်ယောက်ကတောင် ဒါကို ဒီလောက် တွေးမိတယ်ဆိုရင် အဲသည်စကားကို ပြောကြားခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးက ဒါကို မသိဘဲနေမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဒီလောက် အန္တရာယ်ကြီးတဲ့စကားကို ဘာသဘောနဲ့ ပြောခဲ့တာပါလိမ့်။ ဗိုလ်ကောင်း ဉာဏ်မမီတော့လို့ ကိုယ့်ဘာသာကိုယ်သာ ဆက်စဉ်းစားကြည့်ကြပါတော့ လို့ ပြောလိုက်ပါရစေ။


ဗိုလ်ကောင်း

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်