Subscribe to our RSS Feed

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့် ပြု မပြု တိကျသည့် အဖြေမရ၍ ရခိုင်တွင် သပိတ်မှောက်မည်

From : .... www.MyanmarExpress.net


သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီ လူမျိုးများက ရိုဟင်ဂျာဟု ထည့်သွင်းပါက ခွင့်ပြု မပြုနှင့် ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက တိကျသည့် အဖြေ မပေးနိုင်သဖြင့် ရခိုင် တစ်ပြည်နယ်လုံးတွင် ဆန္ဒပြမည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင်
လူမှုကွန်ရက်မှ နာယက ဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။
သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနေသဖြင့် စစ်တွေမြို့ မြို့မိမြို့ဖများနှင့် ဦးခင်ရီတို့ မတ်လ ၁၄ ရက်နေ့က စစ်တွေမြို့တွင် တွေ့ဆုံခဲ့ရာ ဘင်္ဂါလီ လူမျိုးများက ရိုဟင်ဂျာဟု ထည့်သွင်းပါက ခွင့်ပြု မပြု သေချာ တိကျသည့် အဖြေပေးခြင်း မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
“ရိုဟင်ဂျာကို ထည့်ခွင့် ပြုမယ် မပြုဘူး ဆိုတာကို ယတိပြတ် မပြောဘူး။ ဝေ့လည်ကြောင်ပတ် ပြောသွားတယ်” ဟု ဦးသန်းထွန်းက ပြောဆိုသည်။
သင်္ကေတ ၉၁၄ မှာ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတွင် ပါဝင်ခြင်း မရှိသူများ ထည့်သွင်းရန် ပြုလုပ်ထားခြင်း ဖြစ်ပြီး ရိုဟင်ဂျာ ဆိုသူများကို ထည့်သွင်းရန် သီးသန့် ပေးထားသည့် သင်္ကေတ မဟုတ်ဟုသာ ဦးခင်ရီက ပြောဆိုခဲ့ကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူများ ထံမှ သိရှိရသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုရန် စစ်တွေ၊ ကျောက်ဖြူ၊ မြောက်ဦး၊ ရသေ့တောင်မြို့ အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် မတ်လ ၁၆ ရက်နေ့တွင် ဆန္ဒပြကြမည် ဖြစ်ကြောင်း ရခိုင်ဒေသခံများ ထံမှ သိရှိရသည်။
စစ်တွေမြို့တွင် ဆန္ဒပြရန် ခွင့်ပြုချက် တောင်းခံရာတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေသည့် ကာလဟု ဆိုကာ မြို့နယ် ရဲတပ်ဖွဲ့မှူးက ပလပ်ခဲ့သဖြင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးထံသို့ အယူခံဝင်ခဲ့ရာ ပြည်နယ် ရဲတပ်ဖွဲ့မှူးက တရားဝင် ခွင့်ပြုခဲ့ကြောင်း၊ ဆန္ဒပြရာတွင် လူဦးရေ သုံးထောင်ခန့် ပါဝင်မည် ဖြစ်ကြောင်း ဦးသန်းထွန်းက ဆိုသည်။
သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခဲ့ပါက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှိသည်ဟု အထောက်အထား ပြစရာ ရရှိသွားမည် ဖြစ်ပြီး ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည့် အပြင် ပြည်တွင်း အချုပ်အခြာ အာဏာကိုပါ ထိပါးလာနိုင်ကြောင်း ရခိုင် တိုင်းရင်းသားများက ပြောဆိုကြသည်။
သန်းခေါင်စာရင်းတွင် နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လူ့အခွင့်အရေးများ အပေါ် အခြေခံကာ လူဦးရေနှင့် စုဖွဲ့မှုများကို ကောက်ယူမည် ဖြစ်သော်လည်း နိုင်ငံတော်၏ လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ထိခိုက်ခံမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာဟု သန်းခေါင်စာရင်းတွင် ထည့်သွင်းရုံဖြင့် နိုင်ငံသားဖြစ်ခွင့် ရမည် မဟုတ်ကြောင်း ဦးခင်ရီက ပြောဆိုထားသည်။
နှစ်ပေါင်း သုံးဆယ်ကျော် အတွင်း ပထမဆုံးအကြိမ် ကောက်ယူမည့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို လာမည့် မတ်လ ၃၀ ရက် နေ့မှ ဧပြီလ ၁၀ ရက်နေ့ အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်