Subscribe to our RSS Feed

သတင်းမီဒီယာသမားတွေကို မေးချင်တယ်



( ဇော်သက်ထွေး )
==============================
၂၀၁၂ ခုနှစ် နှစ်ကုန်က စပြီး မြန်မာနိုင်ငံမှာ သတင်း လွတ်လပ်ခွင့်တွေ ရပြီလို့ နိုင်ငံတကာက
ပြောကြပါတယ်။ စာပေ စိစစ်ရေး နှင့် မှတ်ပုံတင် ဌာန ဖျက်သိမ်း ပြီးတဲ့နောက် သတင်း ဂျာနယ်တွေဟာ လွတ်လွတ်လပ်လပ်ရေးသားလာ ကြပါတယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင် သုံးရပ်ကို စောင့်ကြည့်ဖို့ အတွက် သတင်း မီဒီယာ အခန်းကဏ္ဍဟာ စတုတ္ထ မဏ္ဍိုင်အဖြစ် ရေပန်းစား လာပါတယ်။


ဂျာနယ်လစ်တွေ၊ အယ်ဒီတာတွေလည်း အရင်ခေတ် ကလို မဟုတ်ဘဲ လွတ်လပ်စွာ ရေးသား ဖော်ထုတ်လာ ကြပါတယ်။ တစ်ဖက်မှာလည်း အစိုးရရဲ့ လုပ်ဆောင်မှု မှန်သမျှကို အမြဲတစေ ထောက်ခံ အားပေးနေတဲ့ စာပေ စာနယ်ဇင်း အဖွဲ့ကြီးကို ဖျက်သိမ်းပြီး လွတ်လပ်တဲ့ စာနယ်ဇင်း အဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။

ထင်ရှားတဲ့ အဖွဲ့အစည်း သုံးခုကတော့ မြန်မာ သတင်းစာဆရာ အသင်း(MJA)၊မြန်မာ ဂျာနယ်လစ် ကွန်ရက်(MJN)၊ မြန်မာစာနယ်ဇင်းသမဂ္ဂ(MJU)တို့ ဖြစ်ပါတယ်။ ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီးအပြောင်းအလဲ ဖြစ်ပေါ်ပြီးတဲ့ နောက်ပိုင်းမှာ မီဒီယာ သမားတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)လည်း ပေါ်ထွက်လာပါတယ်။ ဒီကောင်စီရဲ့ အဓိက လုပ်ငန်း တာဝန်ကတော့ ဒီမိုကရေစီ နိုင်ငံနဲ့ လိုက်လျော ညီထွေတဲ့ မီဒီယာ ဥပဒေ ရေးဆွဲရေးပဲ
ဖြစ်ပါတယ်။ တစ်လက်စတည်းမှာ သတင်းသမားတွေရဲ့ ပြဿနာတွေကို ကြားဝင်စေ့စပ်ပေးဖို့နဲ့ သတင်းသမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်နေတယ်လို့ ကြွေးကြော်ထားပေမယ့် အစိုးရပိုင်းမှာ နှေးကွေး လေးလံနေတာတွေ ရှိနေပါတယ်။ တချို့တွေဟာခေတ်နောက်ပြန် ဆွဲနေပြီး သတင်း သမားတွေကို ပူးပေါင်း ဆောင်ရွက်ဖို့ စိတ်ပါလက်ပါ မရှိပါဘူး။ ဒါကြောင့်လည်း သတင်း လွတ်လပ်ခွင့်ပေးတဲ့ နှစ်နှစ်တာ ကာလ အတွင်း သတင်း မီဒီယာသမား အချို့ဟာ ထောင်ဒဏ်ချမှတ် ခံရခြင်း၊ တရားစွဲ ခံရခြင်းတွေ ရှိလာပါတယ်။ ဒီလို အခြေအနေနဲ့ ကြုံတိုင်း သတင်းသမားတွေက မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ အပါအ၀င် MJA, MJN, MJUတို့ကို ဘာလုပ်ပေးမှာလဲလို့ မေးလေ့ ရှိပါတယ်။ လောလောဆယ် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ ဖောက်ဖျက်မှုနဲ့ တရားစွဲဆို ခံနေရတဲ့ ယူနီတီ သတင်းဂျာနယ်နဲ့ ပတ်သက်လို့လည်း အထက်ပါ အတိုင်းပဲ မေးမြန်း ပြန်ပါတယ်။

သတင်းသမားတွေ မကြာခဏ တရားစွဲဆို ခံနေရတာတွေဟာ အစိုးရရဲ့ စိုးရိမ် ပူပန်မှုကြောင့် ပေါ်ပေါက် ခဲ့ရတာ ဖြစ်ပြီး နိုင်ငံတကာက မီဒီယာ သမားကြီးတွေ ကလည်း ကျင့်ဝတ်ပိုင်း ဆိုင်ရာမှာ အားနည်းချက်တွေ ရှိတယ်လို့ ဝေဖန်ထောက်ပြ ပါတယ်။ Code of Ethic လို့ခေါ်တဲ့ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ပတ်သက်ပြီးမြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက ၂၀၁၂ ခု နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အားလုံး လက်ခံနိုင်မယ့် ကျင့်ဝတ် ၁၅ ချက်ကို ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

ဒါပေမဲ့ သတင်း မီဒီယာ နယ်ပယ်မှာ ကျင့်ဝတ် ချိုးဖောက်မှုတွေဟာ တစ်စတစ်စ များပြားလာပြီး အစိုးရရဲ့ လက်ညှိုး ထိုးစရာလည်း ဖြစ်လာ ခဲ့ပါတယ်။ ဒါကြောင့်နိုင်ငံတကာ မီဒီယာ အထောက်အပံ့ပေးရေး အဖွဲ့(IMS)မှ ကျင့်ဝတ် သုတေသီ တစ်ဦး ဖြစ်တဲ့ တိုဘီမန်ဒဲလ်ဟာ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီနဲ့ ပူးပေါင်းပြီးမြန်မာ သတင်းစာ ဆရာများ ကျင့်ဝတ် ဖွံ့ဖြိုးရေး အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ၂၀၁၄ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဝမ်းနည်းစရာ ကောင်းတာက ဒီကျင့်ဝတ် ဆွေးနွေးပွဲကို သတင်း မီဒီယာကြီးတွေရဲ့ တာဝန်ရှိ သတင်း အယ်ဒီတာတွေ တက်ရောက်လာတာ မတွေ့ရဘဲ အသက် ၂၀ကျော် သတင်းထောက်တွေကိုပဲ စေလွှတ်လိုက်တာ တွေ့ရပါတယ်။

ဒီသတင်း ထောက်လေးတွေကလည်း အလုပ်ရုံ ဆွေးနွေးပွဲ ပြီးဆုံးတဲ့ အထိ မနေကြဘဲ ဓာတ်ပုံရိုက် သတင်းယူပြီး ပြန်သွား ကြပါတယ်။ သတင်းသမား တစ်ယောက် အတွက် ကျင့်ဝတ် ဘယ်လောက် အရေးကြီးသလဲ ဆိုတာကိုဆွေးနွေး ပို့ချမယ့် တိုဘီမန်ဒဲလ်လည်း စိတ်ပျက် သွားပါတယ်။ သတင်းမီဒီယာ နယ်ပယ် ဂုဏ်သိက္ခာ အတွက် အင်မတန် အရေးကြီးတဲ့ ကျင့်ဝတ် အကြောင်းကို အဓိက ပလေယာတွေက စိတ်ဝင်စားပုံ မပေါ်ပါဘူး။ တကယ်တော့လည်း ကျင့်ဝတ် ဆိုတာ ဥပဒေတစ်ခု မဟုတ်ဘဲ သက်ဆိုင်သူရဲ့ အသိ၊ ဉာဏ်ပညာနဲ့သာ လိုက်နာရခြင်းမျိုး ဖြစ်ပါတယ်။

တာဝန်ရှိသူ အယ်ဒီတာ တစ်ယောက် အနေနဲ့ Code of Ethic, Code of Conduct, Code of Pratice တွေကို ပရော်ဖက်ရှင်နယ် ပီသချင်ရင် သေချာ နားလည်ထားရမှာ ဖြစ်ပါတယ်။

လက်ရှိ အခြေနေမှာတော့ ကျင့်ဝတ် ချိုးဖောက်မှုတွေဟာ နေ့စဉ်နဲ့အမျှ မမြင်ချင် အဆုံးပါပဲ။ အင်တာဗျူးတွေ လုပ်ပြီး ကိုယ်လိုချင်တဲ့ အချက်လက်တွေ ပိုင်းပြီးယူတယ်။ တယ်လီဖုန်းထဲက အလာပသလာပ ပြောတာတွေ၊ Off the Record ပြောတာတွေကို ကာယကံရှင်ရဲ့ ခွင့်ပြုချက် မပါဘဲ သတင်းလုပ်တယ်။ပြောဆိုသူရဲ့ ရည်ရွယ်ချက် အဓိပ္ပာယ်တွေကို ပြောင်းပြန် ပြန်ရေးတယ်။ မှားသွားတဲ့ အခါမှာလည်း လွယ်လွယ်ကူကူပဲ တောင်းပန်လိုက်တယ်။ အခုဆိုရင် တချို့သော သူတွေဟာ မီဒီယာ သမားတွေနဲ့ တွေ့ဆုံရမှာကို ကြောက်နေပြီလို့ တောင်ဆိုပါတယ်။ ဒီအခြေနေကြောင့် မီဒီယာ ၀န်းကျင် တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာဟာ တဖြည်းဖြည်း ကျဆင်းလာပါတယ်။

မကြာခင်မှာ မီဒီယာဥပဒေဟာ အသက်ဝင် လာတော့မှာ ဖြစ်သလို ဒီဥပဒေဟာ မီဒီယာ သမားတွေ အတွက် ရည်ရွယ်ရေး ဆွဲထားတာ မဟုတ်ပဲ နိုင်ငံသား အားလုံး အတွက် ဖြစ်တယ်ဆိုတာ ကိုလည်း နားလည်ထားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ခုခု ပြဿနာနဲ့ ကြုံတွေ့လာတိုင်း သတင်း မီဒီယာ အဖွဲ့အစည်းတွေကို ဘာလုပ်ပေးမှာလဲလို့ မေးဖို့ ဆုံးဖြတ်ထားရင် ကျင့်ဝတ်နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လောက် ကြေညက် နားလည်ထား သလဲ၊ ဘယ်လောက် လိုက်နာသလဲ ဆိုတာကိုလည်း ပြန်မေးလိုက် ချင်ပါတယ်။

ဇော်သက်ထွေး

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်