Subscribe to our RSS Feed

ယင်းမာပင်ဒေသမှာ လယ်သိမ်းခံ တောင်သူတွေ ဆန္ဒပြ

From - RFA Burmese

 
 
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ အုံတုံပင်ကျေးရွာက တောင်သူ ၁၀၀ နီးပါးလောက်ဟာ အသိမ်းခံ ထားရတဲ့ မြေယာတွေပြန်လည်ရရှိဖို့နဲ့ ဖျက်ဆီးခံရတဲ့ ထန်းပင်တွေအတွက် လျော်ကြေးရရှိဖို့ ဒီနေ့ ယင်းမာပင်မြို့မှာ ဆန္ဒပြ
တောင်းဆိုခဲ့ကြပါတယ်။


မတ်လ ၆ ရက်ကနေ ၈ ရက်နေ့အထိ ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ထန်းပင် အကြီး အသေးတွေကို မြေတူးစက်တွေနဲ့ ဖျက်ဆီးခဲ့တာကြောင့် လျော်ကြေး လိုချင်တဲ့အတွက် ဒီနေ့ ဆန္ဒပြရတာလို့ အုံတုံပင်ကျေးရွာက တောင်သူ ဒေါ်ကြည်လေးက ပြောပါတယ်။

" ဒို့မြေတွေ၊ ဒို့ယာတွေ၊ ဒို့ထမ်းတွေအကုန်ထိုးပစ်လို့ မခံနိုင်လို့ပြတာ၊ ထန်းပင်တွေက အန်တီတို့ ဘိုးဘွားတွေ စိုက်ထားခဲ့တဲ့ထမ်းပင်တွေ အန်တီတို့ အခုလောလောဆယ် ချက်စားနေတဲ့ ထန်းလျက်တွေ ချက်ပြီး ထန်းရည်ချိုတွေ သောက်နေရတဲ့ ထန်းပင်တွေကိုထိုးပစ်တာ၊ ခုမှ စိုက်ထားတဲ့အပင်တွေလည်းပါတယ်၊ အကြီးကြီးတွေလည်းပါတယ်၊ မြေကြီးထဲကနေ အကုန်ကော်ထိုးပစ်တာ၊ မြေတွေလည်းမပေးနိုင်ဘူး၊ ထန်းပင်တွေက ဖျက်ဆီးလိုက်တော့ ပျက်သွားတော့ ဘာမှလုပ်စားမရတော့လို့ လျော်ကြေးလိုချင်တာ၊ မြေကိုမပေးနိုင်ဘူး"

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က တောင်သူ ၄၀ ကျော် ပိုင်ဆိုင်တဲ့ ယာမြေဧက ၁၀၀ ကျော်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရက မြို့ပြစီမံကိန်း အတွက်ဆိုပြီး သိမ်းယူခဲ့ပါတယ်။

မြေပိုင်ရှင်တွေက သက်ဆိုင်ရာအဆင့်ဆင့်ကို အသနားခံစာတင်ပြခဲ့တာကြောင့် ယာမြေလုပ်ပိုင်ခွင့် ပြန်လည်ရရှိခဲ့ပေမယ့် မနှစ်က ဒီဇင်ဘာလမှာ ရဲတပ်ရင်း ၂၈ အတွက် ဆိုပြီး ပြန်လည်သိမ်းယူခဲ့ပါတယ်။

အစိုးရအဖွဲ့က မြေပိုင်ရှင်တွေကို လျော်ကြေးအနေနဲ့ ပေ ၄၀ ပေ ၆၀ မြေကွက်၂ ကွက်ပေးတာကို လူဦးရေ ၂၀ ကျော်လောက်က လက်ခံခဲ့ကြပြီး ဆန္ဒပြနေကြတဲ့ မြေပိုင်ရှင် ၁၇ ယောက်ကတော့ ဒီလျော်ကြေးမြေတွေကို လက်မခံခဲ့ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရဲတွေနဲ့ အာဏာပိုင်တွေက အဲ့ဒီမြေတွေနဲ့ ထန်းပင်တွေကို မြေတူးစက်တွေနဲ့ လာတူးတာကြောင့် မြေပိုင်ရှင် ၁၇ ဦးနဲ့ ပဋိပက္ခတွေဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

မနေ့ကလည်း ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာမှာ တောင်သူ ၁၀၀ ကျော်လောက်က မြေတွေပြန်ပေးဖို့နဲ့ ထန်းပင်တွေအတွက် လျော်ကြေးငွေရရှိဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်