Subscribe to our RSS Feed

တရေးနိုးမှ ထပြီး အသစ်ဆွဲမယ့် ပြည်ပရောက် ၉၀ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်

From : .. ခိုင်မင်း (နယူးယောက်)


မေလ ၅ ရက်နေ့ထုတ် The Nation သတင်းစာမှာ ၁၉၉၀ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရန် ဆောင်ရွက်မယ်ဆိုတဲ့ “1990 Election Candidates to Draft a New Constitution” ခေါင်းစဉ်နဲ့ ရေးထားတဲ့ ဆောင်းပါး တစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ဆောင်းပါးထဲမှာ United Nationalities Alliance-UNA ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများ မဟာမိတ် အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ၁၉၉၀ ခုနှစ် ပုသိမ် မဲဆန္ဒနယ်ကိုယ်စားပြု NLD ပါတီ ကိုယ်စားလှယ် ဒေးဗစ်လှမြင့်မှ နဝတ ကြေညာချက် ၁/၉၀ အရ ၉၀ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးစွဲရန် အခွင့်အာဏာရှိကြောင်း၊ ၎င်း တို့အနေဖြင့် အခြေခံဥပဒေ အသစ် ရေးဆွဲရန်စီစဉ်ထားကြောင်း၊ ရေးဆွဲပြီးပါက အာဏာရပါတီနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ပြောဆိုမှုများကို ရေးသားထားထားပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တစ်နိုင်ငံလုံး အုံးအုံးကျွက်ကျွက်ဖြစ်နေတာ ကြာပြီ ဖြစ်ပြီး စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ အပါအဝင် အခြားပါတီပေါင်းစုံ၊ လွှတ်တော်၊ ဒီမိုကရေစီ အင်အားစုများအားလုံးက ဖွဲ့စည်းပုံအခြေခဲဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီများဖွဲ့စည်းခြင်းများ၊ ပြင်ဆင်ရေးကော်မတီများ ဖွဲ့စည်းခြင်းနဲ့ အခြေခံဥပဒေအကြောင်း လူထုရှင်းလင်းပွဲများ လုပ်ဆောင်လာသည်မှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပခင်ကတည်းက ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်တာ ကာလ တစ်လျှောက်လုံး ၉၀ ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား မဟာမိတ် အဖွဲ့ UNA တို့ ဘယ်ရောက်နေမှန်းမသိရပါဘူး။ ၂ နှစ်ကျော် ဘာမှမလုပ်ခဲ့ပဲ အခုမှရုတ်တရပ် ထ ကာ အသစ်ဆွဲမယ်ဆိုပြီး အသံထွက်လာခြင်းမှာ အိပ်ပျော်နေသူ လန့်နိုးပြီးအော်သလိုဖြစ်နေတာကြောင့် ကြားရသူအဖို့ ရီရမလို ဖြစ်နေပါတယ်။

ဒါ့အပြင် အခြခံဥပဒေ အသစ်ရေးဆွဲရေးကို ဘယ်လူထုကမှ ထောက်ခံမှုမရှိ သလို ၉၀ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်အားလုံးမှာလည်း အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့ မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၉၁(က) အရ ၁၉၈၉ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပယ်ဖျက်လိုက်ပြီး ပုဒ်မ၉၁(ခ) အရ ၁၉၈၉ခုနှစ်ပြည်သူ့  လွှတ်တော် ရွေးကောက် ပွဲဥပဒေနဲ့ကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ နဲ့လိုက်လျောညီထွေမှုမရှိတော့တဲ့အတွက် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်မှာ အလိုလို ပျက်ပြယ်တယ် လိုမှတ် ယူရမယ်ဆိုပြီး နိုင်ငံတော် ပြဌာန်းတစ်ခု ထပြန်ခဲ့ပါတယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ် ပျက်သလား၊ မပျက်သလား နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် Reuters သတင်းထောက် ဦးအောင်လှထွန်းမှ မေးမြန်းချိန်မှာလည်း Burma Gazette မှာ ပါတဲ့အတိုင်းပါပဲ လို့ဖြေခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်အချိန်ကစပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်မှာ လက်တွေ့မကျတော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ထပ်မံ ပြောဆိုခဲ့ပြီး NLD ပါတီကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင် မှတ်ပုံတင်ခဲ့ရာ ၉၀ရွေးကောက်ပွဲရလဒ်မှာ လုံးဝ ပျက်ပြယ်သွားခဲ့ပါတယ်။ အဲဒီနောက် ပြည်တွင်းရှိ သက်ကြီး ကိုယ်စားလှယ်ဟောင်း အများစုမှာ နိုင်ငံရေးလောကမှ အနားယုခဲ့ကြပြီး အချို့မှာ ကွယ်လွန်သွားကြပြီဖြစ်ပါတယ်။ ဒါ့အပြင် ၉၀ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေ ဆောင်ရွက်မယ်ဆိုတဲ့ အခြေခံဥပဒေ အသစ်ရေးဆွဲခြင်းကို ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကမှ လက်မခံသလို ပြည်သူလူထုကလည်း မထောက်ခံပါဘူး။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကပင် ဧရာဝတီတိုင်း မအူပင်မြို့၌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဟောပြော၍ ဆန္ဒကောက်ယူခဲ့ရာ ပြည်သူ ၉၉ ရာခိုင်နှုန်းမှ အခြေခံဥပဒေကို ပြင်ဆင်ရန်သာ ဆန္ဒပြုခဲ့ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ မနေပဲ မြန်မာလူထုဆန္ဒကို မသိသော နိုင်ငံခြားရောက် သက်ကြီးကိုယ်စားလှယ်များက တစ်ရေးနိုးချိန်မှ ထပြီး ပျက်ပြယ်သွားတဲ့ ရလဒ်တစ်ခုကို အလွှတ်တမ်းဆုတ်ကိုင်ကာ မြန်မာလူထုအတွက် အခြေခံဥပဒေအသစ် ရေးဆွဲမည်ဟု ကြွေးကြော်နေခြင်းမှာ လက်ရှိမြန်မာ့နိုင်ငံရေး လောကအတွက် ဟာသ ပြက်လုံးတစ်ခုသာ ဖြစ်နေကြောင်း ရေးသားလိုက်ရပါတယ်။



 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်