From : မြ၀တီ
မြန်မာနိုင်ငံမှ အဓမ္မစေခိုင်းမှု ပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ၁၉၉၉နှစ်၊ (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံနှင့် ၂၀၀၀ ပြည့်နှစ် (၈၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတို့မှ မြန်မာနိုင်ငံအပေါ် တားမြစ်ကန့်သတ်သော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဓမ္မ စေခိုင်းမှုပပျောက်ရေး ဆောင်ရွက်ချက်များကို (ILO) အုပ်ချုပ်ရေး အဖွဲ့ဝင်အစိုးရ၊ အလုပ်သမားနှင့် အလုပ်ရှင်ကိုယ်စားလှယ်များ ပါဝင်သော ဆုံးဖြတ်ချက် မူကြမ်း ရေးဆွဲရေးကော်မတီ (Selection Committee)သည် ၂၀၁၂ ခုနှစ် ၊ ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ အသေးစိတ် လေ့လာသုံးသပ် ဆွေးနွေးခဲ့ကြပြီးနောက် ဆုံးဖြတ်ချက်မူကြမ်းကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ စုံညီအစည်းအဝေးသို့ တင်သွင်းခဲ့ပါသည်။ ညီလာခံတွင် (Selection Committee)မှ တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်မူကြမ်းကို တက်ရောက်လာကြသော အစိုးရကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ်များက တညီတညွတ်တည်း တစ်ခဲနက် ထောက်ခံခဲ့ကြသောကြောင့် ဆုံးဖြတ်ချက်သည် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၀ မိနစ် (မြန်မာစံတော်ချိန် ည ၁၀ နာရီ မိနစ် ၄၀)တွင် အတည်ဖြစ်ခဲ့ပါသည်။ (၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံက အတည်ပြုခဲ့သော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်မှ လိုရင်းအချက်များမှာ (က) ၁၉၉၉ ခုနှစ်၊ (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှချမှတ်ခဲ့သည့် တားမြစ်ကန့် သတ်ချက်အားလုံးကို ရုပ်သိမ်းရန်၊ (ခ) ၂၀၀၀ ပြည့်နှစ်၊ (၈၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ်ကန့်သတ်ချက် ငါးချက်ရှိခဲ့ပါသည်။ ယင်းငါးချက်အနက် ကန့်သတ်ချက် အပိုဒ်ခွဲ(ဂ) ဖြစ်သော မြန်မာနိုင်ငံနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ပြန်လည် စဉ်းစားသုံးသပ်ရန် အချက်၊ အပိုဒ်ခွဲ(ဃ)ဖြစ်သော မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကုလသမဂ္ဂညီလာခံနှင့် ECOSOC အစည်းအဝေး၌ ဆုံးဖြတ်ချက်များ ချမှတ်ပေးရန်အချက်၊ အပိုဒ်ခွဲ(င) ဖြစ်သော မြန်မာနိုင်ငံက စုံစမ်းရေးကော်မရှင်၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်မှုများအား အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသို့ အစီရင်ခံရန် အချက်တို့ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ပါသည်။ အပိုဒ်ခွဲ(ခ) ဖြစ်သော မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် လိုအပ်သော သုံးသပ်မှု များပြုလုပ်ရန် တားမြစ်ကန့်သတ်ချက်ကို တစ်နှစ်ဆိုင်းငံ့ရန် (Suspend) ဆုံးဖြတ်ခံပါသည်။ ထို့အပြင် အပိုဒ်ခွဲ(က) အရ ဆောင်ရွက်သော အထူးအစည်းအဝေး (Special Sittiong) ကို ယခုကဲ့သို့ အဓမ္မစေခိုင်းမှု ပပျောက်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက် နေသမျှ ရပ်စဲထားရန်ဖြစ်ကြောင်း (Selection Committee) အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားပါသည်။ (ဂ) လျင်မြန်စွာ ပြောင်းလဲနေသော မြန်မာနိုင်ငံအတွက် အခွင့်အရေးများ လက်လွတ်ဆုံးရှုံးမှုမရှိစေရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က မြန်မာနိုင်ငံအပေါ် နည်းပညာအကူအညီများ ဦးစားပေး ဆောင်ရွက်ပေးသွားရန်နှင့် လိုအပ်သော ဘဏ္ဍာငွေ အရင်းအမြစ်များကို အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့အစည်းများက ထည့်ဝင်ကြရန်။ (ဃ) နိုင်ငံတော်အစိုးရသည် သတ်မှတ်ထားသော ရည်မှန်းချက်ကာလထက်စော၍ အဓမ္မစေခိုင်းမှု ပပျောက်စေရန် ပူးတွဲမဟာဗျူဟာကို အလျင်အမြန် အကောင်အထည်ဖော်ရန်။ တားမြစ်ကန့်သတ်ချက်များကို ရုပ်သိမ်း၊ ပယ်ဖျက်၊ ဆိုင်းငံ့ခြင်းတို့ကြောင့် မြန်မာပြည်သူ၊ ပြည်သာများ၏ အကျိုးစီးပွားအတွက် EU နှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် အထူးအကျိုးခံစားခွင့်များ ရရှိလာနိုင်ပါသည်။ (၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်တို့ ဦးဆောင်၍ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်စဉ်တွင် ပြည်ထောင်စု ဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ်တို့မှ နိုင်ငံတကာအစိုးရ အဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကို တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ပေါ်မှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ပြည့်စုံပီပြင်စွာ ဆွေးနွေးရှင်းလင်းခဲ့သဖြင့် မြန်မာပြည်သူ၊ ပြည်သားများ၏ ကောင်းကျိုးအတွက် အကျိုးရလဒ်ကောင်းများ ဆောင်ကြဉ်းပေးနိုင်ခြင်းဖြစ်ပါကြောင်း သိရှိရသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်