Subscribe to our RSS Feed

ကျော်ဇေယျာဝင်း ဟက်ထရစ် ဂိုးနှင့်အတူ မြန်မာတို့ ဂိုးပြတ် အနိုင်ရ

From : soccer myanmar

ယနေ့ ညနေ ၃း၁၅ အချိန်တွင် ယှဉ်ပြိုင် ကစားခဲ့သည့် အာရှ ယူ-၂၂ ခြေစစ်ပွဲ အုပ်စုအဆင့် ပွဲစဉ်တွင် မြန်မာအသင်းက တရုတ်တိုင်ပေ အသင်းအား ဂိုးပြတ် အနိုင်ယူကာ ခြေစစ်ပွဲ အောင်မြင်ရန် နီးစပ်လာခဲ့သည်။


ထို့ကြောင့် ကိုရီးယား ပွဲမတိုင်မီတွင် မြန်မာတို့ အုပ်စု ထိပ်ဆုံးသို့ တက်လှမ်းခွင့် ရခဲ့ပြီး အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် မလေးရှား အသင်းက ဗီယက်နမ်အား ၃-၀ဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲ အောင်မြင်ရန် အတွက် နောက်ဆုံးပွဲတွင် မလေးရှား အသင်းအား အနည်းဆုံး သရေ ကစားရမည် ဖြစ်သည်။

သုဝဏ္ဏကွင်း ပွဲစဉ်တွင် ပွဲစ၍ ၅မိနစ်ကြာအထိ မြန်မာအသင်း အနေဖြင့် တရုတ်တိုင်ပေ အသင်းဘက်သို့ ပိုင်ပိုင်နိုင်နိုင် ထိုးဖောက် နိုင်ခြင်းမရှိဘဲ ကွင်းဘယ်တွင် အပျက်များ နေခဲ့သည်။ သို့သော် ၁၁မိနစ်တွင် ကြည်လင်း ကွင်းလယ်မှ လှလှပပ ဖန်တီးပေးသည့် ဘောလုံးအား ကျော်ဇေယျာဝင်းက ဧရိယာအတွင်းသို့ ဆွဲဝင်ကာ အဝေးထောင့် ထဲသို့ ကန်သွင်းခဲ့ရာ ဂိုးသမား ကာကွယ်နိုင်ခြင်း မရှိဘဲ မြန်မာအသင်း ဂိုးစတင် ရရှိခဲ့သည်။



၂၂မိနစ်တွင် ကျော်ဇေယျာဝင်း ညာခြမ်းမှ ဖြတ်တင်ပေးမှုအား ကောင်းစည်သူ အပိုင် ခေါင်းတိုက်ခဲ့ သော်လည်း ဂိုးသမား လက်စွမ်းပြ ကာကွယ် သွားခဲ့သည်။ ထို့နောက်တွင် ကွင်းလယ်တွင်သာ အပျက်များ နေခဲ့ပြီး နှစ်သင်းစလုံး အပိုင်အခွင့်အရေး မယ်မယ်ရရ မရဘဲ ဖြစ်နေခဲ့သည်။ မိနစ် ၃၀တွင် တိုင်ပေ နောက်ခံလူ ဆီမှ ပြန်ကျလာသည့် ဘောလုံးအား ကြည်လင်း ဆွဲထွက်ကာ ကန်သွင်းခဲ့ သော်လည်း ဂိုးပေါက်နှင့် ကပ်လွဲသွားခဲ့သည်။ တဖန် ၃၁မိနစ်တွင် မြန်မာအသင်း တန်ပြန်ထိုးစစ်ဖြင့် ထိုးဖောက်ရာမှ ကောင်းစည်သူ ဧရိယာ အတွင်းမှ အလယ်သို့ ဖြတ်ထိုးပေးသည့် ဘောလုံးအား အသင့်ပါလာသည့် ကျော်ဇေယျာဝင်း ဘယ်ခြေဖြင့် ပိတ်သွင်းခဲ့ရာ ထိချက် မမှန်ခဲ့ဘဲ ဂိုးဘေး ကပ်ထွက်ခဲ့ပြန်သည်။

၃၃မိနစ်တွင် တရုတ်တိုင်ပေ နောက်ခံလူ အမှားမှ တစ်ဆင့် နိုင်လင်းဦး ဘောလုံး ရယူကာ ဧရိယာ အပြင်မှ လှလှပပ ကန်သွင်းခဲ့ပြီး မြန်မာအသင်း ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့သည်။ ထို့နောက် ၃မိနစ် အကြာတွင် ကြည်လင်း ညာခြမ်းမှ ဖြတ်တင်ပေးရာမှ ရန်အောင်ဝင်းက အနီးကပ် ခေါင်းတိုက်သွင်းကာ နောက်ထပ် တစ်ဂိုး ရယူနိုင်ခဲ့သည်။ တရုတ်တိုင်ပေ အသင်းသည် ၃ဂိုးအထိ ခွင့်ပြုခဲ့ရပြီးနောက် လူစားလဲမှု တစ်ရပ် ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်း ကစားအား ချခဲ့ပြီး နာကျင် အချိန်ပို၌ ရန်အောင်ဝင်း ညာခြမ်းမှ ဖြတ်တင်မှု ကောင်းစည်သူ အဆင်သင့် မဖြစ်ခဲ့၍ ကန်သွင်းခွင့် မရခဲ့ဘဲ ပထမပိုင်း အပြီးတွင် ၃-၀ဖြင့် မြန်မာက ဦးဆောင် နေခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် တိုင်ပေအသင်းက ဒုတိယမြောက် လူစားလဲမှု တစ်ရပ် ပြုလုပ်ခဲ့သည်။ ၅၂မိနစ်တွင် မြန်မာအသင်းက ပထမဆုံး လူစားလဲမှု အနေဖြင့် နန္ဒလင်းကျော်ချစ် နေရာတွင် ညီညီမင်းအား ထည့်သွင်း ကစားခဲ့သည်။ မိနစ် ၆၀တွင် ညာခြမ်းမှ ရရှိခဲ့သည့် ပြစ်ဒဏ်ဘောမှ တစ်ဆင့် ကောင်းစည်သူက အနီးကပ် ပိတ်သွင်းကာ မြန်မာအသင်း ၄ဂိုးပြတ် အနိုင်ရ နေခဲ့သည်။ ထို့နောက်တွင် ညီညီမင်းက ဧရိယာ အပြင်မှ အပြင်းကန်ချက်ဖြင့် ဂိုးပေါက် ခြိမ်းခြောက် ခဲ့သော်လည်း ဂိုးသမား အစွမ်းပြ ကာကွယ်ခဲ့သည်။


၆၂မိနစ်တွင် ကျော်ဇေယျာဝင်း ဘယ်ခြမ်းမှ တစ်ကိုယ်တော် အစွမ်းဖြင့် ထိုးဖောက်မှု အရာမထင် ခဲ့သော်လည်း နောက်တစ်ကြိမ် ကောင်းစည်သူ ဆွဲဝင်မှုအား နောက်ခံလူ တားဆီးရာမှ ပင်နယ်တီ ကန်ခွင့်ရခဲ့သည်။ ယင်း ပင်နယ်တီအား ကျော်ဇေယျာဝင်းက အမှားအယွင်း မရှိ ကန်သွင်းကာ မြန်မာတို့ ပဉ္စမမြောက် ဂိုးအား ရရှိခဲ့သည်။ ၆၇မိနစ်တွင် နိုင်လင်းဦး ဖန်တီးပေးသည့် ဘောလုံး ကြည်လင်း အရှိန်ဖြင့် ပြေးဝင်ကာ ဂိုးသမားအား အသာ ကျော်ကန်ခဲ့ သော်လည်း ဂိုးသမား ထိထွက်ခဲ့သည်။ တဖန် တစ်မိနစ် အကြာတွင် ဧရိယာ ပြင်ပမှ ကြည်လင်း ကန်ချက် ပြင်းပြင်းဖြင့် ကန်သွင်းခဲ့ သေးသော်လည်း ဂိုးဘား ကပ်ကျော် သွားခဲ့သည်။

၇၂မိနစ်တွင် တရုတ်တိုင်ပေ အသင်း ချေပဂိုး တစ်ဂိုး ပြန်လည် ရရှိခဲ့ပြီး ဘယ်ခြမ်းမှ ဖြတ်တင်ပေးသည့် ဘောလုံးအား လင်ချောင်လွန်က မြန်မာ နောက်ခံလူ တစ်ဦးနှင့် ယှဉ်ပြေးပြီး ပိတ်သွင်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် မြန်မာ အသင်းက အောင်ဟိန်းကျော် နေရာတွင် သက်နိုင်အား ထည့်သွင်းခဲ့သည်။ ၇၅မိနစ်တွင် သိန်းသန်းဝင်း၏ ပြစ်ဒဏ်ဘော ကန်ချက်မှ ပြန်လျံ ကျလာသည့် ဘောလုံးအား လူစားဝင် ကစားသမား သက်နိုင် ကန်သွင်းခွင့် ရခဲ့သော်လည်း ကန်ချက် ပျော့ခဲ့သည်။

၇၉မိနစ်တွင် နိုင်လင်းဦး ကွင်းလယ်မှ လှမ်းကန်တင် ပေးသည့် ဘောလုံးအား ကျော်ဇေယျာဝင်း ဘယ်ခြမ်းမှ ဆွဲဝင်ကာ ကန်သွင်းရန် ကြိုးပမ်းခဲ့ သော်လည်း ဂိုးသမား ခြေတစ်လှမ်း ဦးခဲ့သည်။ ၈၁မိနစ်တွင် ကြည်လင်း ဧရိယာ အပြင်မှ ကန်သွင်းချက် နောက်ခံလူ ထိထွက်ခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ထို့နောက်တွင် ကောင်းစည်သူ နေရာတွင် ချစ်မင်းစိုး ၀င်ရောက် ကစားခဲ့သည်။

၈၅မိနစ်တွင် ကျော်ဇေယျာဝင်းက ဧရိယာအတွင်းမှ လှလှပပ ကန်သွင်းကာ ၎င်း၏ ဟက်ထရစ်ဂိုးအား သွင်းယူခဲ့သည်။ ထို့နောက် ၂မိနစ် အကြာတွင် ၀မ်ချီဟိုက တိုင်ပေ အတွက် နောက်တစ်ဂိုး သွင်းယူခဲ့၍ ပွဲမှာ ၆-၂ ဖြစ်နေခဲ့သည်။ ထို့နောက်တွင် နာကျင် အချိန်ပို ၃မိနစ် သတ်မှတ်ပေးခဲ့ပြီး ဂိုးထပ်မရ တော့ဘဲ ပွဲပြီးဆုံးခဲ့သည်။

အောင်ဆန်းကွင်း ပွဲစဉ်တွင်မူ ဗီယက်နမ်နှင့် မလေးရှားတို့ ပထမပိုင်းတွင် တစ်ဖက်နှင့် တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။ သို့သော် ဒုတိယပိုင်း ၅၂မိနစ်တွင် မလေးရှား အသင်း၏ ဂိုးသွင်း သူရဲကောင်း ရိုဇိုင်မီက ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပြီး နာကျင် အချိန်ပိုတွင် ၎င်း တစ်ဦးတည်းက နောက်ထပ် နှစ်ဂိုး ထပ်သွင်းကာ ဟက်ထရစ် ရရှိခဲ့သည်။ ထို့ကြောင့် မလေးရှား အသင်းက ၃ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်း ပွဲထွက်လူစာရင်း

ကျော်ဇင်ဖြိုး (ဂိုး)၊ ရန်အောင်ဝင်း၊ ဇော်မင်းထွန်း၊ ရဲဇော်ထက်အောင်၊ သိန်းသန်းဝင်း၊ နိုင်လင်းဦး၊ ကျော်ဇေယျာဝင်း၊ ကြည်လင်း၊ ကောင်းစည်သူ၊ နန္ဒလင်းကျော်ချစ်၊ အောင်ဟိန်းကျော်

(ဘောလုံးပွဲ အားပေးသူများအားလုံးသည် "မြန်မာ" "မြန်မာ" "မြန်မာ" ဟု သာ အော်ဟစ် အားပေးကြပြီး "ဗမာ" ဟု အော်ဟစ်အားပေးသူ တစ်ယောက်မှ မရှိကြောင်း ထပ်မံသိရှိရသည်)

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်