Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လူမှုရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား


From : မြ၀တီ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇွန် ၂၅ ရက် နံနက် ၈ နာရီခွဲတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ် Grand Ball Room ၌ ကျင်းပသည့် လူမှုရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားသည်။ ဇွန် ၂၅ ရက်နေ့တွင် ကျင်းပတဲ့ လူမှုရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဆွေးနွေးပွဲဟာ အမျိုးသားအဆင့် ကျင်းပသော ညီလာခံတစ်ခု ဖြစ်ပါကြောင်း၊ ဤညီလာခံမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနဲ့ တစ်ဆက်တစ်စပ်တည်း ဆက်စပ် ဆောင်ရွက်နိုင်မယ့် ရလဒ်ကောင်းများ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ထားပါကြောင်း။ လူမှုရေးကာကွယ်စောင့်ရှောက်မှု Social Protection ဆိုသည့် စကားရပ်သည် ကျယ်ပြန့်လှသကဲ့သို့ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆိုသည်မှာလည်း မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအတွက် ကြီးမားလှတဲ့ စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ လူမှုရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ မဟာဗျူဟာမူဘောင် (Social Protection Strategy Framework) ကို ရေးဆွဲ ဆောင်ရွက်သည့် နေရာတွင် ကဏ္ဍစုံဖြစ်ရန် လိုအပ်သကဲ့သို့ အားလုံး ပါဝင်ဆောင်ရွက်နိုင်ရန်လည်း အရေးကြီးပါကြောင်း၊ ထို့ပြင် မိမိတို့အစိုးရအဖွဲ့က ဆောင်ရွက်နေသော အမျိုးသား လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့်လည်း အံဝင်ခွင်ကျဖြစ်ရန် လိုအပ်ပါကြောင်း၊ ကလေးသူငယ်များ၊ အားနည်းသူများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် မသန်မစွမ်းသူများအတွက် လူမှုအကာအကွယ် စီမံကိန်းများ အပါအဝင် အလွှာစုံ၊ ကဏ္ဍစုံ လိုအပ်ချက်များကို အခြေခံပြီး မြန်မာ့လူမှုရေး ကာကွယ်စောင့်ရှောက်မှုစနစ် (Myanmar Social Protection System) ကို ဖော်ထုတ် ရေးဆွဲကြရမည် ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပ ပရဟိတအဖွဲ့အစည်းများ စသည့် အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများသည်လည်း လူမှုအကာအကွယ် ခြုံလွှမ်းနိုင်ရေး အတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပါကြောင်း။ ဂျီဒီပီကိန်းဂဏန်း တိုးတက်မှုသာမက ပြည်သူများ ရှင်သန်နေထိုင် နိုင်မယ့် လူမှုပတ်ဝန်းကျင်ကိုပါ တိုးတက်မှုများ ဖြစ်ပေါ် လာစေရန် မိမိတို့၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန် မြှင့်တင်ပြီး ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် (Second Wave Reform Strategy) ကို အကောင်အထည်ဖော်မယ့် နည်းလမ်းများ အသေးစိတ်ချပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သည့်နေရာတွင် ယခုကဲ့သို့ လူမှုအကာအကွယ် အစောင့်အရှောက်များကို အားဖြည့်ပံ့ပိုးပေးခြင်းအားဖြင့် ညီညွတ်မျှတပြီး သဟဇာတဖြစ်သည့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို မိမိတို့ ဝိုင်းဝန်းတည်ဆောက်နိုင်မည်ဟု ယုံကြည်ထားပါကြောင်း။ သို့သော် ယင်းတာဝန်ကြီးသည် မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအတွက် ကြီးလေးသော တာဝန်ကြီးတစ်ရပ် ဖြစ်နေသည် ဆိုသည်ကိုလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောကြားလိုပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှု အများကြီးလိုအပ်ပါကြောင်း၊ အင်နှင့်အားနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားနိုင်မှသာ မိမိတို့မျှော်မှန်းသော ကဏ္ဍစုံတွင် အားလုံးပါဝင်နိုင်သော မြန်မာ့လူမှုရေးကာကွယ် စောင့်ရှောက်မှုစနစ် (Integrated and All Inclusive Myanmar Social Protection System) ကို ခိုင်ခိုင်မာမာ ထူထောင်တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ပညာရှင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါကြောင်း၊ အားနည်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအတွက် လိုအပ်နေသည့် ကွက်လပ်များ ဖြည့်ပေးကြပါ၊ သူတို့၏ ရှင်သန်နေထိုင်မှု ဘဝအဓိပ္ပါယ်များ ပြည့်ဝလာအောင်၊ အလုပ်လက်မဲ့ ပြည်သူများ၊ ဝင်ငွေနိမ့်ပြည်သူများအတွက် မျှော်လင့်ချက်များ ရှင်သန်လာအောင် ကူညီပေးကြပါဟု မေတ္တာရပ်ခံလိုပါကြောင်း။ ဤညီလာခံမှ မိမိတို့နိုင်ငံ၏ လူမှုရေးကာကွယ်စောင့်ရှောက်မှုအတွက် ရှေ့ဆက်မည့် မဟာဗျူဟာများ၊ လုပ်ငန်းအစီအစဉ်များကို ဖော်ထုတ်ပေးဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဤမဟာဗျူဟာ၊ လုပ်ငန်းအစီအစဉ်များတွင် မိမိတို့အစိုးရအဖွဲ့က ဆောင်ရွက်နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များနှင့်လည်း ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် အစီအစဉ်များကိုလည်း အကြုံပြုပေးကြစေလိုပါကြောင်း မိမိတို့ပြည်သူများအတွက် မဟာဗျူဟာ သဘောဆောင်ပြီး လက်တွေ့ကျသော အကျိုးရလဒ်ကို ဖော်ဆောင်ပေးကြပါဟု တိုက်တွန်း ပြောကြားခဲ့ကြောင်းသိရှိရသည်။


Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်