Subscribe to our RSS Feed

အပစ်အခတ်ရပ်စဲနိုင်ရေး KIA နှင့် မြန်မာ့တပ်မတော်တို့ စစ်ရေးညှိနှိုင်းမည်


From : ကြေးမုံ



ကချင်ပြည်နယ်တွင် တစ်နှစ်ကျော်ကြာ စစ်ပွဲများ ပြန်လည်ဖြစ်ပွားနေမှုကို အဆုံးသတ်ပြီး အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော်တို့ တွေ့ဆုံကာ စစ်ရေးညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် PCG (Peace Talk Creation Group) မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဘွန်ဂျာက ပြောကြားခဲ့သည်။ “အခု တတိယအကြိမ် ဆွေးနွေးမှုမှာ KIO (ကချင်လွတ်မြောက်ရေး အဖွဲ့ချုပ်) ဘက်က တင်ပြထားတာ အတော်များများကို နိုင်ငံတော်သမ္မတက လက်ခံတယ်။ အဓိကက ရှေ့တန်းမှာ တိုက်နေတာတွေရပ်ဖို့ နှစ်ဦးနှစ်ဖက် စစ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေ နှစ်ဖက်တွေ့ပြီး ဆွေးနွေးဖို့ ဖြစ်သွားတယ်” ဟု ၄င်းက ရှင်းပြသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် KIO တို့ ဇွန်လ ၂၀ ရက်နေ့က ကချင်ပြည်နယ် မိုင်ဂျာယံတွင် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဒုတိယအကြိမ် တွေ့ဆုံစဉ်က KIO ဘက်မှ တင်ပြထားသော တင်ပြချက်များကို ဝန်ကြီးဦးအောင်မင်းက နိုင်ငံတော်သမ္မတထံ ပြန်လည်တင်ပြရာ သမ္မတက တင်ပြချက် အတော်များများကို လက်ခံခဲ့ကြောင်း ယခုဆွေးနွေးပွဲတွင် ဝန်ကြီးက ပြန်လည်ပြောကြားသည်ဟု ၄င်းကဆိုသည်။ စစ်ရေးအရ ညှိနှိုင်းမည့် စတုတ္ထအကြိမ် တွေ့ဆုံမှုကို ဇွန်လကုန်ပိုင်းတွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း၊ ပြည်သူများ မကြာခင် ငြိမ်းချမ်းရေး အလင်းရောင် တွေ့မြင်ရမည်ဟုထင်ကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း တက်ရောက်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်