Subscribe to our RSS Feed

မြန်မာနည်းပြ ဗီယက်နမ်ပွဲ အတွက် နောက်တန်းကို စိတ်ပူ


From : The Voice Weekly

အာရှ လူငယ် အသက်၂၂ နှစ်အောက် ဘောလုံးခြေစစ်ပွဲ အုပ်စု G ၏ အုပ်စု ဒုတိယပွဲအဖြစ် မနက်ဖြန် ဇွန်လ ၂၅ ရက်နေ့တွင် မြန်မာ အသင်းသည် ဗီယက်နမ် အသင်းနှင့် ယှဉ်ပြိုင်ကစားရန် ရှိနေပြီး မြန်မာအသင်းမှ အဓိက ဗဟိုခံစစ် ကစားသမား တစ်ဦး ဒဏ်ရာရရှိ ထားသည့်အတွက် မြန်မာအသင်း၏ နောက်တန်းကို စိတ်ပူကြောင်း မြန်မာ ယူ ၂၂ နည်းပြ ပတ်ဆောင်ဟွာက ဖိလစ်ပိုင် အသင်းနှင့် ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများကို ပြောကြားသည်။

မြန်မာအသင်း အဓိက ခံစစ်မှူး ဇော်မင်းထွန်းသည် ဖိလစ်ပိုင်ကို အနိုင်ရ ရှိသည့်ပွဲ၌ ပွဲချိန် မိနစ် ၇၀ ခန့်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဗီယက်နမ်နှင့် ပွဲတွင် ပါဝင်နိုင်ရန် ရှိမရှိ မသေချာကြောင်း နည်းပြ ပတ်ဆောင်ဟွာ က ရှင်းလင်း ပြောကြားသည်။

"ဗီယက်နမ် အသင်းဟာ ပွဲဦးထွက် ရှုံးထားတဲ အတွက် မြန်မာပွဲကို အနိုင်ကန် နိုင်အောင် ကြိုးစားပါလိမ့်မယ် " ဟု ပတ်ဆောင်ဟွာက ပြောကြားသည်။

အုပ်စုတွင်း အားအနည်းဆုံး ဖြစ်သည့် ဖိလစ်ပိုင် အသင်းအား ဂိုးပြတ် အနိုင်ရရှိ ခဲ့သော်လည်း မြန်မာ ကစားသမား တစ်ချို့၏ တကိုယ်ကောင်းဆန်စွာ ကစားခဲ့မှုကြောင့် ရသင့်သည့် အခွင့်အရေးအချို့ လက်လွတ် ခဲ့ရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“ပွဲကစားချိန် ကြာလာရင် ဒီလို ဖြစ်တက်တာ သဘာဝပါ။ ဒါ့ကြောင့် ဒုတိယပိုင်းမှာ လူစားလဲမှုတွေ လုပ်ခဲ့ရ ပါတယ်” ဟု ၎င်းက ပြောသည်။

တောင်ဥက္ကလာပ မြို့နယ်မှ လာရောက် ကြည့်ရှုခဲ့သည့် အသက် ၄၀ ဝန်းကျင် မြန်မာအသင်း ပရိတ်သတ် တစ်ဦးက “အခု ကစားတဲ့ ကစားသမားတွေ တော်ပါတယ်။ ဒါပေမဲ့ အတွေ့အကြုံ နည်းတော့ တကိုယ်ကောင်းဆန်သလို ဖြစ်နေတယ်။ ကိုယ့်ခြေထဲ ရှိနေတဲ့ ဘောလုံးကို ဘယ်ပေးရမှန်း မသိဘူး ဖြစ်နေတယ်” ဟု ပြောဆိုသည်။

မြန်မာ ယူ -၂၂ ကစားသမား အချို့ တကိုယ်ကောင်းဆန်စွာ ကစားခဲ့သည့် အတွက် စိတ်တိုင်းကျ မဖြစ်ခဲ့သော်လည်း ကစားသမား အားလုံး ကြိုးစား ကစားခဲ့သည့် အတွက် ကျေနပ်မိသည်ဟု နည်းပြ ပတ်ဆောင်ဟွာက ပြောဆိုသည်။

အုပ်စု ပထမပွဲအဖြစ် ဇွန်လ ၂၃ ရက်နေ့က ကစားခဲ့သည့် အာရှယူ ၂၂ ခြေစစ်ပွဲတွင် မြန်မာအသင်းက ဖိလစ်ပိုင် အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ တောင်ကိုရီးယား အသင်းက မလေးရှား အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ တရုတ် (တိုင်ပေ) အသင်းက ဗီယက်နမ် အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ ခဲ့ကြသည်။

နောက်ဆုံး ရရှိသော သတင်းအရ မြန်မာအသင်းမှ တာဝန်ရှိသူ တစ်ဦးက အဆိုပါ ဒဏ်ရာရ ဘောလုံးသမား ဇော်မင်းထွန်းသည် ဗီယက်နမ်နှင့်ပွဲတွင် ပါဝင်ရန် ရှိကြောင်း The Voice Weekly သို့ ပြောကြားသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်