Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေကြသည့် မြန်မာမိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား

From : ..သမ္မတရုံး

နေပြည်တော် မေ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မေ(၁၈)ရက် ဒေသစံတော်ချိန် ညနေ(၅)နာရီ မိနစ်(၅ဝ)တွင် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်၊ မေရီလန်းပြည်နယ်နှင့် ဝါရှင်တန်မြို့ တို့တွင် ရောက်ရှိနေသည့် မြန်မာမိသားစုများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

နိုင်ငံတော်သမ္မတက ပြောကြားရာတွင် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိချိန်မှစပြီး နိုင်ငံရေး၊ လူမျိုးရေးအရ သဘောထားကွဲပြားမှုများကြောင့် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်ခဲ့ကြောင်း၊ အဆိုပါပဋိပက္ခများကြောင့် နိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် ဖော်ဆောင်နိုင်မှု မရှိသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလည်း နောက်ကျကျန် ခဲ့ရကြောင်း။

အစိုးရအဆက်ဆက်လက်ထက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခဲ့ကြ သော်လည်း နိုင်ငံတည်ငြိမ်အေးချမ်းမှုမရှိခြင်းနှင့် စီမံခန့်ခွဲမှုစနစ် များအားနည်းခြင်း တို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုမှာ ထင်သလောက် မရရှိခဲ့ကြောင်း။

မိမိတို့အစိုးရ တာဝန်ယူချိန်တွင် ပြည်သူများ၏ဆန္ဒနှစ်ခုဖြစ်သည့် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုရရှိရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိ နေပြီဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ရာသီဥတုကောင်းမွန်မှု၊ သယံဇာတကြွဝမှု၊ မြေဆီ သြဇာကြွယ်ဝမှုစသည့် ရေခံမြေခံ ကောင်းများရှိသကဲ့သို့ တရုတ်၊ အိန္ဒိယတို့ကဲ့သို့သော အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးနေသည့် ဈေးကွက်ကြီးများနှင့်လည်း ဆက်စပ်နေသဖြင့် မိမိတို့ အားလုံးဝိုင်းဝန်းကြိုးပမ်းပါက ၁၉၆ဝ ခုနှစ် မတိုင်မီက အရှေ့တောင်အာရှတွင် မြန်မာ နိုင်ငံရပ်တည်နိုင်ခဲ့သည့် အဆင့်အတန်းကို ပြန်လည်ရရှိလာမည် ဖြစ်ကြောင်း။

ယခုကဲ့သို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းဆောင်ရွက်နေချိန်တွင် အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများ အနေဖြင့်လည်း မိမိတို့တတ်ကျွမ်း သည့် ပညာများဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးနေကြောင်းဖြင့် ပြောကြားပြီး တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်းနှင့် ဦးသန်းဌေး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် မြန်မာသံအမတ်ကြီးနေအိမ်၌ သံအမတ်ကြီး ဦးသန်းဆွေ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်တင်၊ စစ်သံမှူး ဗိုလ်မှူးကြီးမြင့်သိန်းနှင့် သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုများ နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများ၊ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာ၌ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် ပြုပြင်ပြောင်းလဲနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်