Subscribe to our RSS Feed

ထားဝယ်စီမံကိန်း မြန်မာလုပ်ပိုင်ခွင့်အရှိဆုံးဟုဆို

From : ..the voice

ထားဝယ် အထူးစီးပွားရေးဇုန် (Dawei Special Economic Zone) စီမံကိန်းအတွက် လုပ်ပိုင်ခွင့်အားလုံးသည် မြန်မာနိုင်ငံက အဓိကချုပ်ကိုင်ရမည် ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြောကြားသည်။

ထားဝယ်စီမံကိန်းကို ထိုင်းနှင့် မြန်မာ မည်သူပိုင်ဆိုင်သနည်းဟု ဂျပန်က မေးခွန်းထုတ်ဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှ ပြောဆိုလာပြီးနောက် ဦးအေးမြင့်က ထိုသို့ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဖော်ဆောင်ရန်အတွက် ပင်မကုမ္ပဏီ (၁) (Special Purpose Vehicle – SPV 1) ကို ထိုင်းနိုင်ငံတွင် မှတ်ပုံတင်မည် ဖြစ်သောကြောင့် လုပ်ပိုင်ခွင့်ကိစ္စများကို ထိုင်းနိုင်ငံက ချုပ်ကိုင်မည်ကို စိတ်ပူနေသော်လည်း ပင်မကုမ္ပဏီအမှတ် (၂) ဖြစ်သည့် (Special Purpose Vehicle-SPV 2) ကို မြန်မာနိုင်ငံ၌ မှတ်ပုံတင်မည် ဖြစ်ကြောင်းနှင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကိုလည်း ဖွဲ့စည်းထားကြောင်း ၎င်းကဆိုသည်။

ပင်မကုမ္ပဏီ အမှတ် (၁) သည် ကြားဝင်ညှိနှိုင်း ဆောင်ရွက်ရန်၊ လိုအပ်သည်များကို အထောက်အပံ့ ပေးရန်နှင့် လိုအပ်သော အကြံဉာဏ်များကို ပေးရန်သာဖြစ်ပြီး သူရဦးသောင်းလွင် ဦးဆောင်သော ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက တည်ဆောက်ရေး ကိစ္စအားလုံးတွင် လုပ်ပိုင်ခွင့် အရှိဆုံးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ဒါဆိုရင် ပင်မကုမ္ပဏီအမှတ် (၁) က လုပ်ပိုင်ခွင့်မရှိဘူးလား မေးစရာရှိတယ်။ မဟုတ်ပါဘူး။ နိုင်ငံတကာ စတော့ပ်ရှယ်ယာ ဈေးကွက်ကိုဝင်ဖို့၊ လိုအပ်တဲ့ ရင်းနှီးငွေကို ရှာပေးဖို့ တာဝန်တွေ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

နှစ်ဖက်အစိုးရ၏ ထားဝယ်စီမံကိန်းအတွက် ဘဏ္ဍာရေး အခက်အခဲများ ဖြေရှင်းနိုင်ရန် ပင်မကုမ္ပဏီ (၁) သည် ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် အမည်ဖြင့် နိုင်ငံတကာ ငွေကြေးဈေးကွက်သို့ ဝင်ရောက်ခြင်း၊ အီတာလျံ-ထိုင်း ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေသည့် မြန်မာ-ထိုင်း အဝေးပြေး လမ်းမကြီးအတွက် ကုန်ကျစရိတ်များကို နိုင်ငံတကာ အကြံပေးအဖွဲ့ (International Consultan) များကို ငှားရမ်းတွက်ချက်စေပြီး တာဝန်ယူ ဖြေရှင်းခြင်းစသည့် ပင်မကုမ္ပဏီ (၁) ၏လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။

ကနဦးတွင် ထားဝယ် အထူးစီးပွားရေး ဇုန်စီမံကိန်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီကို လုပ်ကိုင်စေခဲ့သော်လည်း ယခုအခါ အဆိုပါ ကုမ္ပဏီသည် အရင်းအနှီး မလုံလောက်သောကြောင့် ပင်မကုမ္ပဏီအမှတ် (၁) နှင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီကြားစာချုပ် (Framework Agreement) ချုပ်ပြီးသည်အထိ လုပ်ကိုင်စေမည် ဖြစ်ကြောင်း ယင်းစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးရှိ လူဦးရေ၏ သုံးပုံတစ်ပုံသည် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအဖြစ် လုပ်ကိုင်နေကြရာ ထားဝယ် အထူးစီးပွားရေးဇုန်ကြောင့် အလုပ်အကိုင်များ ရရှိလာမည် ဖြစ်ကြောင်း၊ ထားဝယ်မြို့ရှိ ရွာခြောက်ရွာကိုမူ စီမံကိန်းလွတ်ရာ နေရာများတွင် ရွှေ့ပြောင်း ထားပြီး ယခင်ထက် ပိုမိုကောင်းမွန်သော အခြေအနေများ ဖန်တီးပေးထားကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။

ကနဦးတွင် အီတာလျံ-ထိုင်း ကုမ္ပဏီက ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို အဆင့်ငါးဆင့်ဖြင့် ၇၅ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော်လည်း ယခုအခါ မြန်မာ၊ ထိုင်း အစိုးရနှင့် ဂျပန်နိုင်ငံက မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်