Subscribe to our RSS Feed

မြဝတီမြို့ရေဘေး အနည်းဆုံး ၆ ဦးသေ၊ ၃ ဦး ပျောက်ဆုံးနေသော်လည်း ရှစ်လေးလုံး ငွေရတုကျင်းပရေးရံပုံငွေ သိန်း ၄၀၀ ကျော်ဖြင့် ဒုက္ခသည်များကို ကူညီမည်မဟုတ်

From : ..rfa..

ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့မနက်အစောပိုင်းကစပြီး ရေကြီးနေတဲ့အတွက် လူ ၆ ဦးထက်မနည်း သေဆုံးပြီး၊ တချို့ရပ်ကွက်တွေမှာ ပိတ်မိနေသူတွေရှိတယ်လို့ သတင်းရရှိပါတယ်။
 
မြဝတီမြို့ဘေးက သောင်ရင်းမြစ်ရေ ၁၄ ပေလောက်ထိတက်တဲ့အတွက် မြစ်နဲ့နီးတဲ့ရပ်ကွက်က အိမ်ငယ်လေးတွေ အိမ်ခေါင်ထိရေမြုပ်သလို၊ ကုန်ပစ္စည်းသိုလှောင်ထားတဲ့ ဂိုဒေါင်တွေ၊ ဈေးတွေလဲရေမြုပ်ပြီး ပစ္စည်းဆုံးရှုံးမှုလည်းများတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြဝတီမြို့က ကုန်သည်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

ဒီကနေ့မနက် ၁၁ နာရီလောက်ကလဲ မြဝတီမြို့ထဲမှာ စက်လှေမှောက်ပြီး အမျိုးသမီး ၃ ဦး ပျောက်ဆုံးနေကြောင်းနဲ့ ကယ်ဆယ်ရေးအတွက် စက်လှေလုံလောက်မှု မရှိတဲ့အကြောင်း ရေဘေးဒုက္ခသည်တွေကို အကူညီပေးနေတဲ့ စေတနာဝန်ထမ်း လူငယ်တစ်ဦးက အခုလိုပြောပြပါတယ်။

ရေးဘေးဒုက္ခသည်တွေကို မြို့နယ်မှူးအပါအဝင် ရဲဝန်ထမ်းတွေ ရပ်မိရပ်ဖတွေနဲ့ ဖွဲ့စည်းထားတဲ့ စည်ပင်သာယာအဖွဲ့၊ မြဝတီမြို့ နာရေးကူညီမှုအသင်းစတဲ့ အဖွဲ့အစည်းတွေကကူညီနေပြီး မိကျောင်းကုန်း၊ တောရကျောင်း၊ အဓိဌာန်အောင်ဘုရားဓမ္မာရုံ၊ တောင်တန်းကျောင်း၊ ဓမ္မာရန်အောင်အနီးက စာသင်ကျောင်း၊ ကျောက်လုံးကြီး ဓမ္မရိပ်သာနဲ့ ဖားခြောက်ကောင်ဘုန်းကြီးကျောင်း စတဲ့နေရာတွေမှာ နေချထားတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့မှာ ဘီးလင်းချောင်းရေကြီးတာကြောင့် ချောင်းကမ်းနားဘေးနဲ့  မြေနိမ့်ပိုင်းက လူဦးရေ ၁ဝဝ ကျော်လောက် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံနဲ့ အထက်တန်းကျောင်းဝင်းမှာ ပြောင်းရွှေ့နေထိုင်နေကြပါတယ်။
လတ်တလော မြို့ခံတွေက ကူညီဆောင်ရွက်ပေးနေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

"ရေကတော့ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က တခါကြီးဖူးတယ်လေ၊ ချောင်းကမ်းနားနဲ့ ပတ်ဝန်းကျင် မြေနိမ့်တဲ့ဒေသတွေပေါ့၊ ရေဝင်တဲ့ဒေသတွေက အကုန်ရွေ့ပေါ့၊ ရွေ့တယ်ဆိုတာ ကိုယ့်အစီအစဉ်နဲ့လည်း ကိုယ်ရွေ့ကြတာပေါ့၊ မြို့ခံတွေကလည်း ရွေ့ပေးတာလဲပါတာပေါ့၊ အပြင်ကမလာပါဘူး၊ မြို့ခံတွေက ထမင်းထုပ် ဘာညာလာတာပေါ့"

ဒါ့အပြင် ဘီးလင်းချောင်း ရေကြီးတာကြောင့် မော်တော်ကားကားတွေ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူပဲ ကရင်ပြည်နယ် နေရာဒေသ အနှံ့အပြားမှာလဲ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံနေပြီး ဘားအံနဲ့ မြဝတီမြို့တွေမှာ ဒုက္ခသည်စခန်းတွေ ဖွင့်ထားရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဘားအံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီအပါဝင် ဒေသတော်တော်များများမှာ ရေကြီးနေပြီး ဘားအံမြို့မှာတော့ သံလွင်မြစ်ရေ မြင့်တက်လာတာကြောင့် ဒုက္ခသည်စခန်းတွေကို နေရာသုံးနေရာမှာ ဖွင့်လှစ်ထားတယ်လို့ ဘားအံမှာနေထိုင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က အခုလို ပြောပါတယ်။

“ရေတွေကြီးနေပြီ၊ ဒုက္ခသည်စခန်းတွေ ကျောင်းတွေမှာ ဖွင့်နေရပြီ၊ အမှတ် ၅ ရပ်ကွက်က ၄ ပုံ ၃ ပုံလောက်မြုပ်သွားပြီ၊ အမှတ် ၁ ရပ်ကွက်လည်းများတယ်၊ ရွာတွေက ဘုရားသုံးဆူဖက်က ဖုန်းဆက်တာကတော့ ရုံးတောင်မြုပ်သွားပြီ အလံတိုင်ပဲကျန်တော့တယ်”

ဒါ့အပြင် ဒေါနတောင်အတက် ကားလမ်းပေါ်မှာလည်း မြေပြိုတာတွေဖြစ်ပွါးနေပြီး ရေကြီးရေလျှံမှုတွေကြောင့် မြဝတီ ဘားအံကားလမ်းကိုလည်း ခေတ္တပိတ်ထားရတယ်လို့ သိရပါတယ်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်