Subscribe to our RSS Feed

စပိန်ရထားမတော်တဆမှုအတွက် ရထားမောင်းသူကို ဖမ်းဆီး

From : ..planet
  

စပိန်ရထားမတော်တဆမှုအတွက် ရထားမောင်းသူကို ဖမ်းဆီး
စပိန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ရထားမတော်တဆမှုကြီးအတွက် ရထားမောင်းသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ကြောင်း သိရှိရသည်။ ရထားမောင်းသူ ကိုယ်တိုင်သည် ဒဏ်ရာကြောင့် ဆေးရုံတက်နေရပြီး ၎င်းကို ရဲအစောင့်အရှောက်ဖြင့် ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။ ဇူလိုင်လ (၂၄)ရက်နေ့က မတော်မတဆမှုတွင် မြန်နှုန်းမြင့် ရထားသည် လမ်းကွေ့တစ်ခု၌ ချော်ထွက်ကာ ဆိုးဆိုးရွားရွား တိမ်းမှောက်မှု ဖြစ်ပွားပြီး လူပေါင်း(၈၀)ထက်မနည်း သေဆုံးခဲ့သည်။ ဆန်တီယေဂို ဒီကွမ်ပိုစတီလာတွင် ဖြစ်ပွားသော မတော်တဆ ဖြစ်စဉ်ကြီးတွင် လူပေါင်း (၁၆၀)မျှ ဒဏ်ရာများ ရခဲ့ကြောင်းလည်း သိရသည်။ ရထားလမ်းချော်မှုကြောင့် နောက်တစ်ရက်တွင် ကျင်းပမည့် ဥရောပ၏ အခမ်းနားဆုံး ခရစ်ယာန် ဘာသာရေး ပွဲတော် တစ်ရပ်ကိုလည်း ပယ်ဖျက်ခဲ့ရသည်။ ယခုအခါ ရဲများသည် မီးရထားမောင်းသူကို ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများ စတင်နိုင်ရန် မျှော်လင့်နေသည်။



မြို့ခံများသည်လည်း ဘာသာရေးပွဲတော်အတွက် ကြိုတင် ပြင်ဆင်မှုကို မေ့ပစ်ကာ အပျက်အစီးများကို ဖယ်ထုတ်နေသည့် ကရိန်းကြီးများနှင့် အလုပ်ရှုပ်နေသော နေရာသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ "ကျွန်တော့် ယောက်ဖက အဲဒီနားမှာ နေတာလေ။ ပြဿနာ ဖြစ်ကာစက သူလည်း အဲဒီကို ရောက်သွားတယ်။ အပျက်အစီးတွေအောက်က လူတွေကို ဆွဲထုတ်တယ်။ အသက်ရှင်နေသေးတဲ့ လူတွေလည်းပါတယ်။ လူသေတွေလည်းပါတယ်။ တစ်ညလုံးပါပဲ။ နောက်တော့ သူက အရမ်း တုန်လှုပ်နေခဲ့တယ်"ဟု မြို့ခံ တစ်ဦးဖြစ်သော မန်နျူရယ်လ် ဂါစီယာက ပြောကြားခဲ့သည်။

ရထားမတော်တဆမှုအတွက် ဆန်တီယေဂို ဒီကွမ်ပိုစတီလာမှ တရားသူကြီး တစ်ဦးက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ချခဲ့သလို ရထားမောင်းသူ၏ ထွက်ဆိုချက်ကို တောင်းခံစေခဲ့သည်။ ယခုသီတင်းပတ်ကုန်တွင် အသက်(၃၀)အရွယ်ရှိ ဝါရင့် ရထားမောင်းသူကို စတင် စစ်ချက်ယူမည်ဟု ဆိုသည်။ အဆိုပါ ပုဂ္ဂိုလ်သည် မီးရထားမောင်းသည့် အတွေ့အကြုံ သက်တမ်း (၁၀)နှစ်ကျော် ရှိနှင့်ပြီး ဖြစ်သည်။ ဗီဒီယို မှတ်တမ်းများတွင် ရထားသည် လမ်းကွေ့ငယ်လေး တစ်ခု၌ အရှိန်မထိန်းနိုင်ဘဲ ဘေးဘက်နံရံကို ဝင်ဆောင့်ကာ ကွေးကောက် လမ်းချော်ထွက်သွားသည်ကို တွေ့ရှိထားသည်။ ထိုအချိန်တွင် ရထား၏ မြန်နှုန်းသည် တစ်နာရီ မိုင်(၁၂၀)ရှိနေပြီး သတ်မှတ် မြန်နှုန်းသည် ယင်းကွေ့တွင် တစ်နာရီ မိုင်(၅၀)ထက် မပိုရဟု သိရှိရသည်။ စုံထောက်များသည် မည်သည့်အတွက်ကြောင့် ရထားက အလွန်မြန်ဆန်နေသည်ကို စုံစမ်းမည်ဖြစ်ပြီး လတ်တလောတွင် ရထားမောင်းသူ၏ ပေါ့လျော့မှုကြောင့်ဟု သံသယ ရှိနေသည်။ ဒဏ်ရာရသူများအနက် (၉၇)ဦးသည် ဆေးရုံတွင် ကုသမှု ခံနေရပြီး အခြေအနေ ဆိုးရွားသူများလည်း ပါဝင်နေသည်။ ယခုဖြစ်ရပ်သည် ဥရောပ တစ်တိုက်လုံး၏ ရထားလမ်း သယ်ယူပို့ဆောင်မှု မှတ်တမ်းတစ်လျှောက် အဆိုးရွားဆုံး အနိဋ္ဌာရုံ တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်