Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

From : ..သမ္မတရုံး


နေပြည်တော် ဇူလိုင် ၃ဝ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. John Bercow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် ဒေသအချို့တွင် ဖြစ်ပွားခဲ့သော နှစ်ဖက်လူ့အဖွဲ့အစည်း နှစ်ရပ်အကြား ပဋိပက္ခ ဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်သူများအား ထိရောက်သော ပြစ်ဒဏ် ချမှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများရှိ ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားသော အကူအညီများ အဆင်ပြေ ချောမွေ့အောင် ပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးခွဲ မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
       
နိုင်ငံတော်သမ္မတက အထက်ပါကိစ္စများအား ပြန်လည်ရှင်းလင်းဖြေကြားပြီး  ပြည်သူ အများစု၏ ဆန္ဒနှင့်အညီ နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊  မြန်မာနိုင်ငံအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိကြောင်း၊ ရခိုင်ပြည်နယ်နှင့် ဒေသအချို့တွင်  ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှာ လူအုပ်စုနှစ်စုအကြား ရာဇဝတ်မှု တစ်ခုအပေါ် အခြေခံ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပမှ သွေးထိုး လှုံ့ဆော်မှုများကြောင့် ပြဿနာကြီးထွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ တည်ငြိမ် အေးချမ်းအောင် ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများအား လူမျိုး/ဘာသာမခွဲခြားဘဲ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးစိုးမောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ဗြိတိန်ပါလီမန်မှ အဖွဲ့ဝင် (၆) ဦး တက်ရောက် ကြသည်။  


.. www.MyanmarExpress.net
 

1 comments:

Cost of Mr. John Bercow's visit to Myanmar was sponsored by OIC.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်